“Single mother တွေ အများကြီး ထွက်လာမှာ မကောင်းဘူး” အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ရပြီး မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ မမွေးဖွားရဲဘဲ ဖြစ်ခဲ့ရတဲ့ မိခင်လောင်း တချို့ဟာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့က Single Mother တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ မြင့်မိုရ်မေတ္တာ (ခိုနားရာ) လို့ အမည်ရတဲ့ ဂေဟာလေးမှာ တိတ်တဆိတ် နားခိုပြီး လာရောက်မွေးဖွားကြပါတယ်။ ဒီလိုလာရောက်မွေးဖွားသူ မိခင်လောင်းတွေဟာ ဘယ်လိုလူမျိုးတွေ အဖြစ်များလဲ၊ သူတို့ ဘယ်လိုအခက်အခဲတွေကြောင့် ဒီနေရာကို ရောက်လာကြရတာလဲ၊ ဒီဂေဟာ အနေနဲ့ရော ဘယ်လိုဖြတ်သန်းနေကြရသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ မြင့်မိုရ်မေတ္တာ (ခိုနားရာ) Single Mother Foundation ကို တည်ထောင်သူ ဒေါက်တာ မြတ်စန္ဒာသန့်ကို ဧရာဝတီ သတင်းထောက် ကျော်ခ ကတွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ ။ ဒေါက်တာ မြတ်စန္ဒာသန့်အနေနဲ့ မြင့်မိုရ်မေတ္တာ ဂေဟာကို စပြီးတော့ တည်ထောင်ဖြစ်ခဲ့တဲ့ စိတ်ကူးကို ရှင်းပြပေးပါဦး။ ဖြေ ။ ။ ဆရာဝန် တယောက်ရဲ့ ဘဝကနေ စတယ်လို့ ပြောရမှာပေါ့။ ဘာလို့လည်းဆိုတော့ ဆရာဝန်တိုင်း၊ ဆရာဝန်တိုင်းမှာ ကိုယ်ဝန် ကို ဖျက်ချပေးပါဆိုတဲ့ လူနာတွေရှိတယ်၊ အဲဒီလူနာတွေကို ဘယ်လို ကူညီမလဲ။ ကိုယ်မှ မဖျက်ချပေးနိုင်တာ၊ ထပ်ခါထပ်ခါ တောင်းဆိုတဲ့အခါမှာ ထပ်ခါထပ်ခါ စဉ်းစားမိခဲ့တယ်။ စဉ်းစားမိရာကနေ နီးရာလေးတခုကို ကယ်လိုက်၊ နီးရာလေး တခုကို ကယ်လိုက်တာကနေ စပြီးတော့ နောက်ပိုင်း ဂေဟာဖြစ်လာတဲ့ အဆင့်ထိ ဖြစ်လာတယ်လို့ ပြောရတော့မှာပေါ့။ မေး ။ ။ ဧရာဝတီ သတင်းဌာနနဲ့ မေးဖြစ်ခဲ့တဲ့ အထဲမှာ တွေ့လိုက်ပါတယ်။ ကောင်မလေး တယောက်အကြောင်း ပြောပြတယ်။ အဲဒါက ဂေဟာကို ဖွင့်ဖြစ်ခဲ့တဲ့ အထဲက အဓိက အပြောင်းအလဲ တခုဖြစ်သွားမယ်ထင်တယ်။ မေး ။ ။ အဲဒီကောင်မလေး မတိုင်ခင်ကတည်းက ကျမမှာ ဒီ feeling ရှိတယ်။ ဒီကလေးမလေးကို ဘယ်လိုကူညီရမလဲ။ ဘယ်လို ကူညီရမလဲဆိုတဲ့ အနေအထားလေးရှိတယ်။ အဲဒီ ကိစ္စ မတိုင်ခင်ကတည်းက ကျမဆီမှာ အဲဒီလို ကိစ္စမျိုး ခပ်ဆင်ဆင် အများကြီးရှိခဲ့တယ်။ ဒါပေမယ့် အဲဒီကိစ္စမှာ ကျမ review လုပ်လိုက်တဲ့ အခါ ဒီမိန်းကလေး သေသွားပြီ ဆိုတဲ့ အနေအထားကြီး ထွက်လာတာ အဲဒီမှာ ရှင်းရှင်းပြောရရင် ကျမ နောင်တ အများကြီးရတာပေါ့။ နောက်တခါကျတော့ ကျမကို မဖြစ်မနေ လုပ်အောင် ဖိအားပေးခဲ့တဲ့ ကောင်မလေးပြောရမှာပေါ့။ အဲဒီကောင်မလေးကလည်း ထုံးစံအတိုင်း တောဘက် ကပါပဲ။ အစ်ကိုအရင်းနဲ့ရတဲ့ ကိုယ်ဝန်ကို သူ့အိမ်က လယ်ထဲမှာ ထားထားတယ်။ နေ့လယ်ဆို လယ်ထဲမှာပဲ လူမမြင်အောင် ထားထားလိုက်တယ်။ ညဘက်ကျမှ အိမ်ပြင်လေး ဘာလေးထွက်လို့ရတယ်။ ဘာမှ လူမြင်လည်း မခံရဘဲနဲ့ ထားထားတယ်လို့ သူ့အမေက ပြောလိုက်တဲ့ အခါမှာကျမ ဘာစဉ်းစားသလဲ ဆိုတော့ ကိုယ်ဝန်သည် တယောက်က ဒီလယ်တောထဲမှာ အပူအအေး မမျှတတဲ့နေရာမှာ မလှုပ်မရှားဘဲနဲ့ သာနေရင် သူဘယ်လိုမှ ကျန်းမာတဲ့ကလေးမျိုး မွေးနိုင်မှာမဟုတ်ဘူး။ သူတို့ဆီမှာကျတော့ ဒီသားကိုမြင်လည်း ပြဿနာက တမျိုး၊ ဒီသမီးကိုမြင်ရင်လည်း ပြဿနာက တမျိုးဆိုတော့ မိဘနှစ်ပါးရဲ့ စိတ်ဒုက္ခကလည်း သေးသေးကွေးကွေး မဟုတ်ဘူး။ ဒီလူတွေကို ကူညီတဲ့အနေနဲ့ အဓိကက ဒီဗိုက်ကြီးသည်တွေ အေးအေး ချမ်းချမ်း မီးဖွားပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမပထမဆုံး စဖော်ဖြစ်တယ်။ ဒီအရာကို အဲဒီကနေ တယောက်စ တယောက်စနဲ့ ဖြစ်လာရတော့တာပဲ။ မှတ်မှတ်ရရ ပထမဆုံးခေါ်ခဲ့တဲ့ ကိစ္စက အစ်ကိုရင်းနဲ့ ရသွားတာပါ။ မေး ။ ။ အခု ဆရာမဆီကို ရောက်ရှိလာတဲ့ အမျိုးသမီးတွေပေါ့။ သူတို့က ဘယ်လို အခြေအနေတွေနဲ့ ကြုံတွေ့ပြီးတော့ ရောက်လာကြတဲ့ သူမျိုးတွေများတယ်လို့ ပြောလို့ရမလဲ။ ဖြေ ။ ။ အားလုံးနီးပါးသည် ကိုယ့်ချစ်သူနဲ့ရတဲ့ ကိုယ်ဝန်တွေပဲများတယ်။ ဘယ်လို လူတန်းစားထဲကပါလဲဆိုတော့ တက္ကသိုလ် ကျောင်းသူတွေ များတယ်။ နောက်တခု စက်မှုဇုန် အလုပ်သမ လူတန်းစား အဲဒီလူတန်းစားနှစ်ရပ်က ကျမဆီမှာ အများဆုံးပဲ။ တောမှာ ကိုယ့်အိမ်မှာနေပြီးတော့ ရတဲ့သူတော်တော်ရှားတယ်။ အားလုံးသည် အချစ်နဲ့ ကျွံကြတာများတယ်။ မုဒိမ်းမှုနဲ့ဖြစ်တာ တော်တော်ရှားပါတယ်။ မေး ။ ။ အဲဒီတော့ ဒီမှာသူတု့ိတွေက ဘယ်လိုပုံစံမျိုး နေပြီးတော့ ဘယ်လိုပုံစံမျိုး ပြန်ထွက်ခွာသွားကြရတာလဲ။ ကလေးတွေလည်း ထားခဲ့ရတယ်ကြားလို့ပါ။ ဖြေ ။ ။ ကလေးတွေကို ထားခဲ့ရတယ်ဆိုတာတော့ မဟုတ်ဘူး။ ဘယ်လိုပုံစံမျိုးနေသလည်း ဆိုတော့ ဒါကတော့ ကိုယ်က ၇ လ လောက်အထိတော့ အပျိုဗိုက်က မသိသာဘူး။ သူ့အိမ်မှာသူနေလို့ရတယ်။ အဲဒါမျိုးကိုကျမတို့က အားပေးလို့ ရတယ်။ သမီးခဏစောင့်ပါဦး ဘာလို့လည်းဆိုတော့ ကိုယ်လည်း အကြာကြီး မကျွေးနိုင်ဘူးလေ။ ကိုယ်ဝန် ၇ လလောက်မှာ စပြီးသိသာလာတဲ့ အခါမှာ သူ့ပတ်ဝန်းကျင်မှာ အနေခက်လာမှာ စိုးတဲ့အခါ ကျမတို့နဲ့လာပြီးတော့ နေလို့ရတယ်။ ကိုယ်ဝန် ၇ လပြည့်ပြီဆိုရင် လက်ခံပြီ၊ အဲဒီမှာ ကျမတို့နဲ့နေ၊ ကျမတို့နဲ့ မွေးပြီးတလခွဲ မီးတွင်းက ထွက်တဲ့အထိ နေလို့ရတယ်။ နို့တိုက်လို့ရတယ်။ တခုပဲရှိတယ်။ ကျမအိမ်မှာ နေပြီး ရန်မဖြစ်ရဘူး။ ကလေး နို့တိုက်ရမယ် ဒါပါပဲ။ ကလေးနို့မတိုက်လို့တော့ မရဘူးလေ။ ဒီ bone တခုတည်းနဲ့ ကျမလက်ခံပေးတယ်။ မွေးပြီးလို့ တလခွဲနေရင် သူအိမ်ပြန်တော့မယ့် အချိန်ကျမှ သူ့မိသားစုသည် ဒီကလေးကို တာဝန်ယူနိုင်ရဲ့လား။ သူကိုယ်တိုင် ကရော ဒီကလေးကို တာဝန်ယူနိုင်ရဲ့လား ဆွေးနွေးတယ်။ တကယ်လို့ မယူနိုင်ဘူးဆိုရင် ကျမတို့ဆီမှာ အပြီးထားခဲ့လို့ ရတယ်။ ဒါက တနည်း၊ နောက်တနည်းက နောက်ဆုံးနှစ်ကျောင်းသူတွေဆိုရင် ကလေးအပ်ပြီး ကျောင်းပြန်တက်လို့ ရတယ်။ များသောအားဖြင့်ကတော့ ကျမ data အရတော့ ၆ ယောက်မှာ ၂ ယောက်ပဲ ကျမနဲ့ကျန်ခဲ့တာ။ ၄ ယောက်က မိသားစု အသိုင်းအဝိုင်း ကောင်းတဲ့သူတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြန်ခေါ်သွားကြတာ များပါတယ်။ မေး ။ ။ တချို့ကလေးတွေရော ပြန်မခေါ်နိုင်တဲ့ အခြေအနေတွေရောရှိသလား။ အဲဒီလို အခြေအနေဆို ဘယ်လိုဖြေရှင်းသလဲ။ ဖြေ ။ ။ ရှိတာပေါ့။ ကျမတို့ဆီမှာပဲ မွေးစားထားတာပါ။ မေး ။ ။ သူတို့တွေမှာရော ဒီကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပတ်သက်ပြီး မိသားစု အသိုင်းအဝိုင်းမှာ ဘယ်လို အခြေအနေတွေ ကြုံလာတာတွေ များသလဲ။ ဖြေ ။ ။ မိသားစု အသိုင်းအဝိုင်းကတော့ မြန်မာပီပီ လက်မခံနိုင်ဘူးလို့ပဲ ပြောကြတာပေါ့။ များသောအားဖြင့် ကလေး မပါဘဲနဲ့ ပြန်လာရင် လက်ခံတယ်။ အဲဒီလိုပြောလိုက်တဲ့ အတွက်ကြောင့်မို့လို့ ဒီကောင်မလေးတွေသည် တချို့ဆို အမေ တော်တော် ဖြစ်ချင်တယ်။ ကလေးကို လွှတ်မချရဲတဲ့ အခြေအနေတွေရှိတယ်။ ကလေးကို ချစ်တတ်တဲ့ လူတန်းစားရှိတယ်။ တချို့ကောင်မလေးတွေဆိုရင် အဲဒီလိုတွေတောင်မှ force ပေးတာခံရတယ်။ ဒီကလေးကို စွန့်ပစ်ခဲ့ဖို့ဆိုပြီးတော့ အဲဒီလို မျိုးလေးတွေ ရှိပါတယ်။ မေး ။ ။ နောက်ဆုံးကျတော့ စွန့်လွှတ်သွားခဲ့ရတာတွေ ရှိတာပေါ့။ ဖြေ ။ ။ အပြီးတိုင် စွန့်လွတ်သွားခဲ့တယ်။ အရမ်းချစ်တဲ့ အမေတွေလည်း တွေ့ဖူးတယ်။ သူတို့ လက်မှတ်ထိုးခါနီး ငိုတဲ့ အခါမှာ ကိုယ်ဆုတောင်းပေးရတယ်။ ဒီလိုမျိုးလူတန်းစားနဲ့ ထပ်မတွေ့ပါစေနဲ့ဆိုပြီး ဆုတောင်းပေးရတာတွေတောင် ရှိတယ်။ မေး ။ ။ ဂေဟာကို ဘယ်တုန်းက စတည်ထောင်ပြီး ခုချိန်ထိ ဘယ်လောက် ကူညီပြီးပြီလဲ။ ဖြေ ။ ။ ကျမအနေနဲ့ ခိုနားရာ စဖွင့်တာကနေ ယနေ့အချိန်အထိ သန်လျင်ဆေးရုံမှာ ၅၇ ယောက် မွေးပြီးပြီ။ ၆ လ အတွင်းမှာပဲ ၅၇ ယောက်၊ ဒါကတော့ ကျမ limited လုပ်ထားတာ။ ကျမအိမ်မှာ အများဆုံး ထားနိုင်တာသည် ၁၂ ယောက်ကနေ၊ ၁၅ ယောက် အများဆုံးထားနိုင်တာ။ အဲဒီထက်ပိုသွားလို့ရှိရင် ကျမအားလုံးကို စိတ်မကောင်းစွာနဲ့ ငြင်းခဲ့ရတာတွေ ရှိတယ်။ မေး ။ ။ အခုလက်ရှိ အနေအထားမှာရော ဂေဟာအနေနဲ့ ဘယ်လိုရပ်တည်ပြီး ဖြတ်သန်းနေရလဲ။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာရှိလား။ မေး ။ ။ အဓိက အနေနဲ့ကတော့ ဘယ်နေ့ ဘယ်ချိန်လုပ်မယ် ဆိုပြီးတော့ တိုင်ပင်ပြီး လုပ်လို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူး။ ဗိုက်နာတယ်ဆိုရင် ပြေးကြပြီ ည ၁၂ နာရီ၊ ၁နာရီဆိုရင်လည်း သွားကြရတယ်လေ။ တခါတလေ မီးဖွားတဲ့နေ့တွေ ဆိုရင်လည်း ကလေးမထွက်မချင်း ဆေးရုံမှာ တနေကုန် လူနေစောင့်အနေနဲ့ နေပူလှန်းခံရပြီး စောင့်နေရတာမျိုးရှိတယ်။ အဓိက ကျမတို့ဆီမှာ လူအားငွေအား လိုတယ်ပေါ့။ မေး ။ ။ ဒီဂေဟာအနေနဲ့ နောက်ပိုင်းမှာ ဘယ်လောက်အထိ ဆက်သွားမယ်လို့ ရည်မှန်းထားသလဲ။ ဖြေ ။ ။ ကျမက ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်နေတာမဟုတ်ဘူး။ ဒါကြီးကို ဘယ်လောက်အထိ အကောင်အထည် ဖော်မယ်လို့ ကျမ မရည်မှန်းခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းတဲ့ အလုပ်မှမဟုတ်တာ၊ Single mother တွေ အများကြီး ထွက်လာမှာ မကောင်းဘူးလေ။ သူတို့ဖြစ်လာတဲ့ အနေအထားပေါ်မူတည်ပြီး ကျမကိုယ် ကျမ ပြောင်းလဲပေးလိုက်တာ။ ကျမဂေဟာရဲ့ အနေအထားက ပြောင်းလဲလာတာ။ သူတို့များလာလို့ ဂေဟာမှာများလာတာ။ သူတို့မများလာရင် ကျမတို့ များလာစရာ အကြောင်းမရှိဘူး။ တကယ်လို့ နောက်ပိုင်းကျလို့ ကျမတို့ အဆက်အသွယ် ကောင်းကောင်းလေးများ ရလာခဲ့ရင် ဒီညီမလေးသည် ဒီသားသမီးလေးတွေကို ရပ်တည်နိုင်မယ့် အသက်မွေးဝမ်းကြောင်းပညာ သင်ယူမှုလေးတွေ ကိုတော့ ကျမမျှော်လင့်တယ်။ မေး ။ ။ မြန်မာပြည်မှာ အခုလို single mother တွေကြုံတွေ့နေရတဲ့အခြေအနေ၊ မုဒိမ်းမှုတွေ ဖြစ်နေကြတဲ့ အခြေ အနေတွေ အပေါ်မှာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေမှာ ချို့ယွင်းချက်ရှိနေတယ် ထင်မိသလား။ ဖြေ ။ ။ အများကြီးရှိတာပေါ့။ ဥပမာ မုဒိမ်းမှုမြောက်ဖို့ အတွက် မိန်းကလေး တယောက်က အသေအကြေ ရုန်းကန်ခဲ့ ရမယ်ဆိုတဲ့ အနေအထား အဲဒီအချက်ကြီးက ကျမအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကြောက်တတ်တဲ့ မိန်းကလေးဆိုရင် သူကြောက်နေမှာ ယောက်ျားလေး တယောက်က လုံချည်ကို စဖြည်ကတည်းကိုက သူကြောက်နေမှာ။ အဲဒါကို မသေမချင်း ရုန်းကန်နေပြီးတော့မှ မုဒိန်းမှုမြောက်မယ် ဆိုရင်တော့ အဲဒါမျိုးတွေကိုလည်း ကျမ မကျေနပ်ဘူး။ နောက်တခု လက်မထပ်နိုင်သေးဘဲ ကာမကို လိမ်လည်ရယူမှု ၄၁၇ အရ တခြားပစ္စည်းလိမ်လည်ရင်လည်း ဒီ ၄၁၇ နဲ့စွဲတယ်လို့ ကျမကြားမိတယ်။ အဲဒီတော့ ဒီပစ္စည်းနှစ်ခု အမျိုးအစားချင်းက မတူဘူးလေ။ မိန်းမတယောက် ရဲ့ဘဝသည် ပစ္စည်း တခုလောက် အထိပဲ တန်ဖိုးရှိတာလား။ သူပြောင်းလဲသင့်တယ်။ လက်မထပ်ဘဲနဲ့ ကာမလိမ်လည်ရယူမှုသည် ဥပဒေတခု သက်သက် ရှိပြီးတော့ ပြစ်ဒဏ်ကြီးတဲ့ ဥပဒေတခုရှိရမယ်။ ပြီးတော့ ဒီပြစ်ဒဏ်မှာလည်း နိုင်ငံခြားတိုင်းပြည်တွေလို အလျော်အစားတွေပါရမယ်။ ဒီကောင် အဖေဖြစ်မှန်းသေချာရင် ဒီကလေးကို တသက်လုံး တာဝန်ယူရမယ်ဆိုတဲ့ အနေအထားမျိုး၊ ဒီကောင်တာဝန်မယူနိုင်ရင် ဘဝ ဘယ်လိုဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးကို ကျမတို့ တိုင်းပြည်က အကာအကွယ် လုပ်ပြီးပေးရတော့မှာ အဲဒါမျိုးတွေလည်း ကျမမြင်တယ်။ ၄၁၇ သည် ပြောင်းလဲကိုပြောင်းလဲရမယ်။ လက်မထပ်ဘဲ ကာမကိုလိမ်လည်မှုသည် လူတဖက်သားရဲ့ဘဝနဲ့၊ လူနှစ်ယောက်ရဲ့ ဘဝကို နင်းခြေပစ်လိုက်တဲ့ အထိ အပြစ်ကြီးတဲ့အတွက်ကြောင့်မို့လို့ ပြစ်ဒဏ်ကြီးမားလာမယ်လို့ ကျမတို့ဘက်က ယူဆပါတယ်။ မေး ။ ။ ဆရာမတို့ ဂေဟာမှာတော့ ဒီ ၆ လအတွင်းမှာတောင် ၅၇ ယောက်ရှိခဲ့တယ်။ မြန်မာပြည်ရဲ့ တနိုင်ငံလုံး နေရာအနှံ့ အလျားကို ကြည့်မယ်ဆိုရင် ကျနော်တို့ စာရင်းချုပ်ဖို့ မလွယ်ကူဘူးထင်တယ်။ ဒီအခြေအနေတွေကို ကျနော်တို့ အနေနဲ့ ဘယ်လို ဆောင်ရွက်သင့်တယ်လို့ ထင်သလဲ၊ ဒီလိုမျိုးတွေကို အစိုးရတရပ်အနေနဲ့ ဖြေရှင်းပေးသင့်တယ်လို့ မြင်လဲ။ ဖြေ ။ ။ အစိုးရတရပ်အနေနဲ့ ဖြေရှင်းပေးသင့်တဲ့ အနေအထားကတော့ ဥပဒေသစ်နဲ့ ဒီလူတွေကိုရင်းနှီးအောင် လုပ်ရမယ်၊ အထူးသဖြင့် မိန်းကလေးတွေကို ကိုယ့်ကိုယ်ကာကွယ်ရင် ဘယ်လိုအထိ ကာကွယ်လို့ရမယ်။ ၄၁၇ ကိုဘယ်အချိန်မှာ အသုံးချလို့ရမယ် အဲဒီအထိကိုကျမတို့ မိန်းကလေးတွေကို သင်ပေးရမယ်၊ နောက်တချက် single mother ဆိုတဲ့ လူတန်းစားကို မြန်မာ့လူ့ပတ်ဝန်းကျင်မှာ အမြင်မစောင်းဘဲနဲ့ ကြည့်နေခြင်းအားဖြင့် ကျမတို့ ကာကွယ်သင့်တယ်လို့ ထင်ပါတယ်။ The post “Single mother တွေ အများကြီး ထွက်လာမှာ မကောင်းဘူး” appeared first on ဧရာဝတီ.
Source : http://ift.tt/2BO8nJZ
via IFTTT
No comments:
Post a Comment