ယန်ဟီးလီကို မယုံကြည်၍ ပြည်ဝင်ခွင့် မပေးခြင်းဟု အစိုးရတုံ့ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များအပေါ် ယုံကြည်မှုမရှိသည့်အတွက် ပြည်ဝင်ခွင့် မပေးရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice သတင်းစာသို့ ပြောသည်။ “ယန်ဟီးလီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက သူရဲ့ အထူးကိုယ်စားလှယ်တစ်ယောက် ပြုလုပ်ရမယ့်စံနှုန်းတွေရှိတယ်။ ဘက်မလိုက်ရဘူး။ မျှမျှတတ ရှိရမယ်။ သူ့ကို အဓိက ပေးထားတဲ့တာဝန်ကို ဦးတည်ပြီး ဆောင်ရွက်ရမယ်။ အဲ့ဒါတွေ မပြည့်စုံဘူး။ ဘက်လိုက်မှုတွေရှိတယ် မျှတမှုတွေ မရှိဘူး။ အဲ့ဒီလို ကျွန်တော်တို့က မြင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ အစိုးရအနေနှင့် ယုံကြည်မှုမရှိလို့ဖြစ်တယ်။ သူ့ကို ပြည်ဝင်ခွင့် ပေးလိုက်ရင်လည်း မျှမျှတတ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့က မထင်ဘူး။ ဒါကြောင့် ပြည်ဝင်ခွင့်မပေးဘူး”ဟု ဦးဇော်ဌေးက ပြောကြားသည်။ မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ဆောင်ရွက်ချက်များသည် ဘက်လိုက်မှု ရှိနေခြင်းကြောင့် သူမ၏လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် လုံးဝ အယုံအကြည် မရှိကြောင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အခြားသော ရုံးများကို စာရေးသား ပေးပို့ထားပြီးဖြစ်ကြောင်း ဦးဇော်ဌေးကဆိုသည်။ မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေများကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့် လာရောက်ခဲ့ပြီးကောက်ယူခဲ့ပြီး တွေ့ရှိချက်များကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေးကောင်စီထံ အစီရင်ခံစာ တင်ပြနေခြင်းဖြစ်သည်။ မစ္စယန်ဟီးလီ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ၂၀၁၄ ခုနှစ်မှ စတင် တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ ခြောက်ကြိမ် လာရောက်ခဲ့ပြီးဖြစ်သည်။ ထို့အတူ သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သတင်းစာ ရှင်းလင်းပွဲ၌ အစိုးရ၏ လူ့အခွင့်အရေး ဆောင်ရွက်ချက်များသည် တိုးတက်မှုမရှိကြောင်း ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
Source : https://goo.gl/dEk1AJ
via IFTTT
No comments:
Post a Comment