Sunday, December 3, 2017

The Voice

ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးပေါက်ကာကွယ်မှု အများဆုံး စံချိန်ကို ဒီဂီယာ လိုက်မီ လန်ဒန်၊ ဒီဇင်ဘာ ၃ မန်ယူဂိုးသမား ဒီဂီယာသည် မန်ယူက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်း ဂိုးရနိုင်လောက်သည့် အပိုင်အခွင့်အရေးပေါင်းများစွာကို အစွမ်းပြကာကွယ်သွားခဲ့ပြီး ယင်းပွဲစဉ်အပြီးတွင် ဒီဂီယာမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲအတွင်း ဂိုးပေါက်ကာကွယ်မှု အကြိမ်အရေအတွက် အများဆုံး လုပ်ဆောင်နိုင်သည့်စံချိန်ကို လိုက်မီသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ မန်ယူနှင့် အာဆင်နယ်တို့၏ပွဲစဉ်အပြီးတွင် ဒီဂီယာ၏စွမ်းဆောင်ရည်ကို မန်ယူနည်းပြ မော်ရင်ညိုကသာမကဘဲ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကပါ ချီးကျူးသွားခဲ့ပြီး ယင်းပွဲစဉ်တွင် လာကာဇက်နှင့် ဆန်းချက်ဇ်တို့၏နှစ်ဆင့်ကန်သွင်းချက် အပါအဝင် အာဆင်နယ်၏ဂိုးကန်သွင်းချက် ၁၄ ကြိမ်ကို ဒီဂီယာက လက်စွမ်းပြကာကွယ်သွားခဲ့ခြင်းဖြစ်သည်။ ဒီဂီယာမတိုင်မီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၌ ပွဲစဉ်တစ်ပွဲအတွင်း ဂိုးပေါက်ကာကွယ်မှုအများဆုံး လုပ်ဆောင်နိုင်ခဲ့ကြဖူးသူများမှာ နယူးကာဆယ်ဂိုးသမား တင်မ်ကားလ်နှင့် ဆန်းဒါးလန်းဂိုးသမား မန်နိုနီတို့ဖြစ်ပြီး တင်မ်ကားလ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် နယူးကာဆယ်နှင့် စပါးတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်၌လည်းကောင်း၊ မန်နိုနီမှာ ၂၀၁၄ ခုနှစ် ဧပြီလတွင် ဆန်းဒါးလန်းနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်၌လည်းကောင်း ဂိုးပေါက်ကာကွယ်မှု ၁၄ ကြိမ်စီ ဆောင်ရွက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ပွဲပြီးတာနဲ့ ဒီဂီယာကို ကျွန်တော် ချီးကျူးစကားပြောခဲ့ပါတယ်။ သူဟာ ကျွန်တော်မြင်တွေ့ခဲ့ဖူးတဲ့ ကမ္ဘာတစ်ဝန်းဆီက ဂိုးသမားတွေထဲမှာ အတော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ ဒီလို ထိပ်တန်းပွဲစဉ်တစ်ပွဲမှာ ဘယ်နည်းပြမဆို ကိုယ့်ဂိုးပေါက်ကို စောင့်ရှောက်ပေးဖို့အတွက် ဒီဂီယာလို ဂိုးသမားမျိုးကို လိုချင်မိကြမှာပါ”ဟု ပြောကြားသွားခဲ့သည်။
Source : https://goo.gl/eMNXLZ
via IFTTT

No comments:

Post a Comment