လက်ပံတောင်းသပိတ်စခန်း မီးရှို့ဖျက်ဆီးခံရ မုံရွာ၊ ဒီဇင်ဘာ ၂၃ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန်နှင့် ဒေသခံများ၏ မြေယာဧက ၁၉၀ဝ ကို ဖော်ဆောင်ပေးရန် တောင်းဆိုနေသည့် မိုးကြိုးပြင်ရွာ သပိတ်စခန်း ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၂ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင်လည်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုနေသည့် သပိတ်စခန်းခြောက်ခု တစ်ပြိုင်နက်ဖြိုခွဲခံခဲ့ရသည်။ ယခုလက်ရှိ ကြေးနီစီမံကိန်းကို ကန့်ကွက်နေသော မိုးကြိုးပြင် အလယ်ရွာ ထိပ် ပုသိမ်- မုံရွာ လမ်းဘေးရှိ သပိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါ မီးလောင်မှုသည် သပိတ်စခန်းအတွင်း လူစောင့်မရှိချိန် နံနက် ၂ နာရီ ခန့်က တိတ်တဆိတ် မီးရှို့ခံရခြင်းဖြစ်ကြောင်း၊ သပိတ်စခန်းအဖြစ် အသုံးပြုသောတဲမှာ သစ်သား၊ ဝါး၊ ထန်းလက်တို့ဖြင့် ဆောက်ထားသည့်အတွက် လုံးဝ လောင်ကျွမ်းပြာကျသွားခဲ့ကြောင်း သပိတ်စခန်းမှ ဦးဝင်းကျော်က ပြောကြားသည်။ “ကျွန်တော်တို့ ဒေါ်ခင်ဝင်း သေဆုံးမှု နှစ်ပတ်လည်လုပ်ဖို့ ရွာထဲဝိုင်းနေဖို့ ည ၁၂ လောက် ပြန်သွားတာ။ နံနက် ၃ နာရီလောက် မီးတအားလောင်မှ သိတယ်။ ဝမ်ပေါင်- ဦးပိုင်က လုပ်တာလို့စွပ်စွဲတယ်။ လယ်ယာကိစ္စတွေ ရှင်းမပေးဘဲ သပိတ်စခန်း လာဖျက်တာ ဒါဆို ငါးကြိမ်ရှိနေပြီ။ ဖောကားတွေနဲ့ ရဲတွေ စခန်းဖျက်ပြီး ကားတွေနဲ့သယ်ယူတယ်။ အကြိမ်ကြိမ်ပဲ”ဟု ၎င်းက ဆိုသည်။ ၂၀၁၄ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်း ခြံစည်းရိုးခတ်ရာတွင် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာတွင် သေနတ်ကျည်ဆန် ထိမှန်ပြီး ဒေါ်ခင်ဝင်း သေဆုံးခဲ့မှု သုံးနှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးပွဲကျင်းပရန် အခမ်းအနားကို မိုးကြိုးပြင် အလယ်ရွာတွင် ကျင်းပရန် စီစဉ်နေစဉ် ပုသိမ်-မုံရွာလမ်းဘေးရှိ သပိတ်စခန်း မီးရှို့ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းသို့ သပိတ်စခန်း မီးရှို့ခံရပြီးနောက် နံနက် ၁၀ နာရီခန့်တွင် ဒေသခံ ၃၀ ခန့်က ဝမ်ပေါင် ကုမ္ပဏီရှေ့တွင် မြေဧက ၁၉၀ဝ ဖော်ပေးရန် တောင်းဆိုမှု နာရီဝက်ခန့်ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်များနှင့် ဒေသခံများ ထိပ်တိုက် တွေ့ခဲ့ပြီး ဆန္ဒဖော်ထုတ်သူများက နိုင်ငံတော်သီချင်း သီဆို၍ ဆန္ဒဖော်ထုတ်ခြင်းကို ရုပ်သိမ်းကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ယင်းသပိတ်စခန်း နေရာသည် ကားလမ်းဘေးတွင်ဖြစ်သည့်အတွက် ဆေးလိပ်တို ပစ်ရာမှ မတော်တဆသော်လည်းကောင်း တမင်ရှို့ခြင်းသော်လည်းကောင်း ဖြစ်နိုင်ပြီး မီးလောင်သည့်ကိစ္စကို ဒေသခံများက တိုင်ကြားခြင်း မရှိခဲ့ကြောင်း ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ပြောကြားသည်။
Source : https://goo.gl/xwY5hw
via IFTTT
No comments:
Post a Comment