ပြည်ပ ဝယ်လိုအား ပြန်ကောင်း၍ မတ်ပဲတစ်တန် ကျပ်ငါးသောင်းကျော် ပြန်တက် ရန်ကုန်၊ ဒီဇင်ဘာ ၆ အိန္ဒိယနိုင်ငံက ဝယ်ယူမှု ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဈေးနှုန်း ဆက်တိုက် ကျဆင်းနေသော ပြည်ပပို့ ပဲမျိုးစုံဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံအချို့က ပြန်လည်ဝယ်ယူမှုကြောင့် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသောင်းကျော်ခန့်ထိ ပြန်လည် မြင့်တက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါ ပဲဈေးနှုန်းများသည် ဒီဇင်ဘာ ပထမပတ် ရက်ပိုင်းမှစ၍ ဆက်တိုက် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ပဲစင်းငုံ တစ်တန်လျှင် ကျပ်နှစ်သောင်းနီးပါး၊ မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ်လေးသောင်းခွဲကျော်နှင့် မတ်ပဲ (SQ) တစ်တန်လျှင် ကျပ်ငါးသောင်း သုံးထောင်ခန့်ထိ မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ယခုရက်ပိုင်းအတွင်း ပဲစားသုံးသည့် နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ၊ နီပေါ၊ ပါကစ္စတန်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများက ဝယ်ယူမှု အားကောင်းလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။ “မတ်ပဲကို ပိုဝယ်ကြတယ်။ သူတို့က ဒီကဈေးနှုန်းလည်း ကြိုက်တယ်။ ပြီးတော့ အိန္ဒိယကို သူတို့က ပြန်ပို့ဖို့ ဝယ်ကြတာ။ အိန္ဒိယ ဘတ်ဂျက်နှစ်က မတ်လကုန်ဆို ကုန်ပြီဆိုတော့ ပဲပြန်ပို့ခွင့်ရရင် ပို့ဖို့နဲ့ မတ်လ မကုန်ခင် ပဲပြန်ပို့ခွင့်ပေးရင်လည်း အဆင်သင့် ပို့ရအောင်ဆိုပြီး ဝယ်ကြတာပါ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောဆိုသည်။ ပဲဈေးနှုန်းသည် နိုဝင်ဘာလအတွင်း အကျဈေးဖြင့် အရောင်းအဝယ် အေးစက်နေရာမှ ဒီဇင်ဘာလ ပထမပတ်အတွင်းမှစ၍ ပြည်ပ နိုင်ငံအချို့က ဝယ်ယူလာခြင်းကြောင့် ပဲအရောင်းအဝယ် ကောင်း၍ ဈေးနှုန်းများ ပြန်လည် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဝယ်လိုအားပေါ် မူတည်၍ ဈေးနှုန်း ပြောင်းလဲနိုင်ကြောင်း ပဲကုန်သည်များက ဆိုသည်။ လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၅၂၃,၀၀၀ ခန့်၊ မတ်ပဲ (SQ) တစ်တန်လျှင် ၆၉၃,၀၀၀ ခန့်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၃၄၈,၀၀၀ ခန့် ဈေးရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။ ပြည်ပပို့ ပဲဈေးကွက်သည် ဩဂုတ်လ အတွင်းမှစ၍ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက တင်သွင်းခွင့် ကန့်သတ်လိုက်ပြီး နောက်ပိုင်း ဩဂုတ်လ ၂၁ ရက်နေ့တွင် မတ်ပဲနှင့် ပဲတီစိမ်းတို့ကိုပါ တင်ပို့ခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်း ပဲဈေးကွက်၌ ပဲဈေးများ အဆမတန် ကျဆင်းခြင်းကို ရင်ဆိုင်ခဲ့ရပြီး ပဲဈေးကွက် ပျက်ပြားခဲ့ရသည်။
Source : https://goo.gl/skKmD7
via IFTTT
No comments:
Post a Comment