Monday, October 23, 2017


နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲ မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်မည် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်ကျင်းပမည့် ၂၂ ကြိမ်မြောက် နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲတွင် မြန်မာ၊ ဂျပန်၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရဲတီးဝိုင်းအဖွဲ့မျာ ဝင်ရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။ ရဲတီးဝိုင်း ဖျော်ဖြေပွဲကို အိမ်ရှင်နိုင်ငံ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး အမှတ်သင်္ကေတအား ဖော်ဆောင်ရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားနိုင်ငံတကာရဲတပ်ဖွဲ့၏ အနုပညာနှင့် ယဉ်ကျေးမှု အတူတကွ ပူးပေါင်းဖလှယ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ဝင်များ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်ထွေးက “ကျနော်တို့နိုင်ငံရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေး သင်္ကေတတွေကို ဖော်ဆောင်နိုင်ဖို့ လက်ခံလိုက်တာပါ၊ နိုင်ငံတကာနဲ့ယှဉ်ပြီး ဆောင်ရွက်ရမှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်”ဟု ပြောသည်။ ရဲတီးဝိုင်းဖျော်ဖြေပွဲများကို အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၇ နာရီမှစတင်ကာ ကမ်းနားလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်မှ စတင်၍ ဆာကူရာတာဝါ မီးပွိုင့်အထိ ချီတက်ဖျော်ဖြေမည်ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) တွင် ကျင်းပမည်ဖြစ်သည်။ အခမ်းအနားကျင်းပစဉ်အတွင်း ချီးတက်ရာလမ်းကြောင်းရှိ ယာဉ်ကြောအချို့ကို ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းလွှဲများမှ သွားလာနိုင်ရန် စီစဉ်ထားကြောင်းနှင့် ပြည်သူများမှလည်း ဖျော်ဖြေပွဲသို့ တက်ရောက်ကြည်ရှုကြရန် ဖိတ်ခေါ်လိုကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။ နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံအနေဖြင့် တကြိမ်မှဝင်ရောက်ဖျော်ဖြေဖူးခြင်းမရှိသေးဘဲ နိုင်ငံရေးတည်ငြိမ်ရေး၊ ဒီမိုကရေစီရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးရေးကြိုးစားနေသည့် အင်မတန် အရေးကြီးသည့် အချိန်ဖြစ်သည်နှင့်အညီ မြန်မာနှင့် ဂျပန်နိုင်ငံအကြား ဆက်ဆံမှုကို ပိုမိုအလေးထားသည့်သဘောဖြင့် မြန်မာနိုင်ငံတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယသံအမတ်ကြီး HE. Mr. Maruyama ကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်ရန် စဉ်းစားရာတွင် ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးက အင်မတန် အရေးကြီးပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုလုံခြုံရေး စိတ်ချရမှုမရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံးဝအကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်းလည်း ၎င်းကပြောသည်။ ၁၉၉၆ ခုနှစ်မှစတင်ကျင်းပခဲ့သည့် နိုင်ငံတကာ ရဲတီးဝိုင်းဖျော်ဖြေပွဲများကို ဂျပန်နိုင်ငံမှ အိမ်ရှင်အဖြစ်အများဆုံး လက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကုန်ကျစရိတ်များကိုလည်း ဂျပန်နိုင်ငံသတင်းဌာန တခုဖြစ်သည့် The Mainichi သတင်းစာမှ အဓိကစပွန်ဆာအဖြစ် အကုန်အကျခံကျင်းပခြင်းဖြစ်သည်။ Mainichi သတင်းစာမှ Mr. Hirotsugu Horinouchi က “နိုင်ငံတကာရဲတပ်ဖွဲ့ဝင် အချင်းချင်းကြား၊ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံသူ/နိုင်ငံသားများအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ လုံခြုံစိတ်ချရတဲ့ မြို့တော်ကြီးကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရဲတီးဝိုင်းဖျော်ဖြေပွဲတွင် ဂျပန်နိုင်ငံမှ ၆၀ ဦး၊ စင်္ကာပူနိုင်ငံမှ ၄၀ ဦး၊ ဗီယက်နမ်နိုင်ငံမှ ၄၀ ဦးနှင့် မြန်မာနိုင်ငံမှ ၁၃၆ ဦးပါဝင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ရဲတီးဝိုင်းအဖွဲ့အနေဖြင့် ဘုရင့်ဈာပနာအခမ်းအနား နှင့် တိုက်ဆိုင်နေသည့်အတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ The post နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲ မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xeJWQr
via IFTTT

No comments:

Post a Comment