Saturday, October 21, 2017


ရခိုင်အရေး စီးပွားရေး လုပ်ငန်းရှင်များ ဝိုင်းဝန်း ကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များတွင် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်းကူညီပေးဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် တိုက်တွန်းလိုက်သည်။ “ကျမတို့က အကူအညီတောင်းတယ်ဆိုတာ ငွေရေးကြေးရေး အရထက် ပစ္စည်းဥစ္စာ ရုပ်ပိုင်းဆိုင်ရာ အကူအညီထက် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုတာ ဦးနှောက်ပိုင်းရော နှလုံးသားပိုင်းရော ၂ ခုစလုံးကို ကျမတို့ ပြောရပါမယ်။ စေတနာနဲ့ လုပ်တဲ့ဟာကို ပြောတာဖြစ်တယ်။ နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ပေးစေချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine) ကော်မတီကို အောက်တိုဘာလ ၁၅ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များကို ယနေ့ တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့ပြီး လုပ်ငန်းရှင်များဘက်က ကျပ်သန်း ၁၆၇၀၀၀ ကျပ်ကို အစိုးရအတွက် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ “စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း ပွင့်ပွင့်လင်းလင်း အကြံပြုချက်တွေ ပေးစေချင်ပါတယ်။ အကြံပြုချက် အကုန်လုံးကို လက်ခံလို့ ရချင်မှ ရပေမယ့် အသင့်တော်ဆုံးတွေကို ရွေးပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ဦးစားပေးလုပ်ငန်းတွေ ဆိုရာမှာ ရေတိုမှာလည်း အသီး အပွင့်တွေကို မြင်နိုင်တဲ့ဟာတွေကို ကျမတို့ ရွေးရမယ်။ တချို့ကတော့ ဆက်ပြီးတော့ ရေရှည်သွားရမယ့် အခြေအနေတွေ ရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယနေ့ အခမ်းအနားသို့ တက်ရောက်လာသူ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေကလည်း တိုင်းပြည်တွင် ရှိနေသည့် အိုးအိမ် မရှိသူများ၊ အလုပ်မရှိသူများကို ရခိုင်ပြည်နယ်သို့ ပို့၍ လစဉ် ထောက်ပံ့ကြေးပေးခြင်း၊ ၎င်းတို့ ဘဝရပ်တည်နိုင်ရန် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွားများ မွေးမြူနိုင်ရန် စီစဉ်ပေးခြင်းနှင့် စက်ရုံများ ဆောက်လုပ်ပေးရန် လိုအပ်မည် ဖြစ်ရာ ယင်းကိစ္စရပ်များကို တင်ပြသွား မည် ဖြစ်ကြောင်း ပြောသည်။ “အန်ကယ်တို့ စီးပွားရေးသမားတွေကလည်း နိုင်ငံတော်နဲ့ တသားတည်းရှိတယ်။ ရရှိတဲ့ ဒီမိုကရေစီကို လက်လွတ် မဆုံးရှုံးစေချင်ဘူး။ ရခိုင်နဲ့ ဘင်္ဂလားဒေရှ်နယ်စပ်မှာ ရှိတဲ့ နယ်မြေကိုလည်း မဆုံးရှုံးသွားချင်ဘူး။ အဲဒီအတွက်ကို နိုင်ငံတော်က စီမံချက် ခိုင်ခိုင်မာမာ ချပြီးတော့မှ လိုအပ်တဲ့ငွေကြေးအတွက် အန်ကယ်တို့ ဝိုင်းဝန်းလုပ်သွားချင်ပါတယ်”ဟု ဦးခင်ရွှေက ပြောသည်။ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA နှစ်ပတ်လည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ရခိုင်အရေးကို လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းကူညီမည်ဟု တင်ပြလာသဖြင့် ယနေ့ပွဲကို စီစဉ်ရခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။ “စီမံကိန်းတွေကတော့ ဦးစားပေးလုပ်ငန်းစဉ် ၃ ခု ရှိတယ်။ နံပါတ်တစ်က ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချ ထားရေး၊ နံပါတ် ၂ ကတော့ ပြန်လည်ထူထောင်ရေးပေါ့။ နံပါတ် ၃ က ဖွံ့ဖြိုးရေးနဲ့ရေရှည် ပဋိပက္ခ ကင်းဝေးရေး ဆိုတဲ့ လုပ်ငန်းစဉ် ၃ ရပ်ကိုပဲ လုပ်သွားမှာ” ဟု ဦးဇော်ဌေးက ပြောသည်။ ယနေ့ အများဆုံး လှူဒါန်းသည့် အလှူရှင်မှာ ကမ္ဘောဇဘဏ်လီမိတက်မှ ဦးအောင်ကိုဝင်း ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀၀၊ ဒုတိယ အများဆုံးမှာ စေပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်ဝိတ်က ကျပ်သိန်း ၁၅၀၀၀နှင့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးဇော်ဇော်၊ ဦးချစ်ခိုင်၊ ဦးထွန်းမြင့်နိုင်၊ ဦးဌေးမြင့်၊ ဦးခင်ရွှေ စသည့်လုပ်ငန်းရှင်များက ငွေများလှူဒါန်းခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က “ပိုက်ဆံက ကျမတို့ ဒီလောက်မလိုပါဘူး။ ပိုက်ဆံက အရေးကြီးတယ် ဆိုပေမယ့် အဓိကက ကျွမ်းကျင်မှု လိုပါတယ်။ ပိုက်ဆံကို ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်ရင် အဟောသိကံ ဖြစ်သွားမှာပါ။ ပြီးရင် အနာဂတ်မှာ ဖြစ်နိုင်မယ့် အရာတွေကို တွက်ချက်နိုင်မယ့် အရည်အချင်းတွေ လိုပါတယ်”ဟုလည်း ပြောသည်။ စီးပွားရေးလုပ်ငန်းရှင်များ၏ အတွေးအခေါ်သစ်များက အစိုးရကို ကူညီနိုင်မည်ဟု ထင်ကြောင်း၊ ရခိုင်ပြည်နယ်၏ အခြေအနေသည် ယခင်ကာလက ဆောင်ရွက်ချက်များနှင့် မလုံလောက်၍ လက်ရှိ အခြေအနေတွင် ရှိနေခြင်း ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် မည်သို့ လုပ်ဆောင်သင့်သည်ကို အားလုံး ဝိုင်းဝန်း၍ ဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။ “ကျမတို့ လုပ်ငန်းရှင်ကြီးတွေ ဆိုတာလည်း နိုင်ငံ့အတွက် အင်အားပဲ။ အစိုးရဆိုတာလည်း နိုင်ငံ့အတွက် အင်အားပဲ။ ပြည်သူ ဆိုတာလည်း နိုင်ငံ့အတွက် အင်အားပဲ။ ဒီအင်အား ၃ ခုကို ကျမတို့ စုစည်းပြီးတော့ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စု စီမံကိန်းကို ခိုင်မာတဲ့ အုတ်မြစ် ဒီနေ့ ချလိုက်တယ်လို့ပဲ ယူဆလိုက်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်နေသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုကော်မတီ၊ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၊ ဒုတိယ သမ္မတ ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ကိုဖီအာနန် အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မရှင်တို့ ရှိသည်။ The post ရခိုင်အရေး စီးပွားရေး လုပ်ငန်းရှင်များ ဝိုင်းဝန်း ကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2gr6mr0
via IFTTT

No comments:

Post a Comment