နေပြည်တော်ရှိ လက်နက်များဖမ်းမိသည့်ကိစ္စ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည့် ရဲအုပ် အရေးယူခံရ နေပြည်တော်တွင် ဖမ်းမိထားသည့် လက်နက်များ၊ ကျည်ဆံများနှင့် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင်လူသတ်မှုမှ ကျည်ဆံများနှင့် အမျိုးအစားတူနေကြောင်း ဖေ့စ်ဘုတ်ပေါ်တွင် သုံးသပ် ရေးသားခဲ့သည့် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုရဲစခန်းမှ ရဲအုပ်ဝင်းထွန်းနိုင်အား ရဲစည်းကမ်းနှင့် အရေးယူထားကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးစိန်လွင်က ဧရာဝတီကိုပြောသည်။ “ဒီသေနတ်နဲ့ ဒီကျည်ဆံနဲ့ ဒီသေနတ်ကပစ်၊ မပစ် ပစ်တာ ဟုတ်၊ မဟုတ်ဆိုတာ ဒါတွေက ကျွမ်းကျင်သူတွေ ထင်မြင်ချက်တွေနဲ့ စိစစ်ရအုံးမယ့်ဟာတွေ လူတွေကို ယုံထင်ကြောင်ထင်ဖြစ်အောင် လျှောက်လုပ်ထားတာ ရဲစည်းကမ်းကို ချိုးဖောက်ထားတာဖြစ်လို့ ရဲစည်းကမ်းနဲ့ အရေးယူထားတယ်။” ဟု ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးစိန်လွင်က ပြောသည်။ လက်ရှိတွင် အမှုကို အရေးယူဆောင်ရွက်ဆဲဖြစ်၍ နောက်ပိုင်းတွင် မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားကြောင်း ပြန်လည် ရှင်းပြမည်ဟု ၎င်းက ပြောသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က ပန်းတောင်းမြို့နယ် ထုံးဘိုရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဝင်းထွန်းနိုင်မှ နေပြည်တော်မှ ဖမ်းဆီးရမိသည့် ကျည်ဆံများသည် ငါးလောင်းပြိုင်လူသတ်မှုမှ ကျည်များနှင့် အမျိုးအစားတူနေကြောင်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားခဲ့ပြီးနောက် ပြည်ခရိုင်ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရေးသားထားသည့် အကြောင်းအရာများအား ချက်ချင်း ဖြုတ်ချလိုက်ကြောင်း သိရသည်။ “ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်စစ်နေတာ ၃ ရက်လောက်ရှိပြီ၊ ချုပ်ထားတာတော့မဟုတ်ပါဘူး၊ အသေးစိတ် စစ်ဆေးနေတာပါ။ အခုလည်းခရိုင်ရဲတပ်ဖွဲ့ရုံးမှာပဲ သူကိုထားထားတယ် ပြန်တော့ မပြန်ခိုင်းသေးဘူးဗျ။” ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သား ဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင်သည့် နေပြည်တော်ရှိ ACE ကုမ္ပဏီ မှ လက်နက်များ၊ ကျည်ဆံများ ဖမ်းဆီးရမိထားရာ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု စသည့် ပုဒ်များဖြင့် အရေးယူမှုများ ပြုလုပ်ကာ ဆက်လက်ရှာဖွေမှုများလည်း ရဲတပ်ဖွဲ့က လုပ်ဆောင်လျက်ရှိသည်။ The post နေပြည်တော်ရှိ လက်နက်များဖမ်းမိသည့်ကိစ္စ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည့် ရဲအုပ် အရေးယူခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2gXmAIO
via IFTTT
No comments:
Post a Comment