ဖားကန့်ရှိ ခရစ္စယာန် ဘုရားကျောင်းမှ ကချင် အမျိုးသား ၄ ဦးကို တပ်က ဖမ်းဆီး ရိုက်နှက်မှု ဖြစ်ပွား ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်ရှိ ကဋေ ကချင် နှစ်ခြင်းခရစ္စယာန် ဘုရားကျောင်းဝင်း အတွင်းသို့ တပ်မတော်သားများ ဝင်ရောက်လာကာ ကချင်အမျိုးသား ၄ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရိုက်နှက်၍ ပြန်လွှတ် လိုက်သည်ဟု သတင်းရရှိသည်။ ကချင် နှစ်ခြင်းခရစ္စယာန် ဘုရားကျောင်းမှ လူငယ်တာဝန်ခံ ဦးမရန်တူးလွန်က အောက်တိုဘာလ ၁၈ ရက် ည ၉ နာရီ ၅၀ ခန့်၌ ဘုရားကျောင်းဝင်းအတွင်း ထမင်းဟင်း ချက်နေကြသည့် ကချင်အမျိုးသား ၄ ဦးကို တပ်မတော်သားများက ဝင်ရောက် ဖမ်းဆီးသွားကာ ရိုက်နှက်ပြီး ည ၁၁ နာရီကျော်တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။ ဖမ်းဆီးခံရသူများမှာ ဦးလဂွေလရိန်း၊ ဦးတူးလွန်၊ ဦးမရစ်ဂွန်းမိုင် နှင့် ဦးဂန်မော်တို့ ဖြစ်သည်ဟု ဆိုသည်။ ဘုရားကျောင်းဝင်း အတွင်း အသင်းတော်သူ အသင်းတော်သားများက အိမ်သစ်တက် အလှူပွဲအတွက် ထမင်းဟင်း များ ချက်ပြုတ်နေကြစဉ် ညမိုးချုပ်လာသဖြင့် ဘုရားကျောင်းဝင်း ခြံတံခါးများကို တဦးက လိုက်လံပိတ်ကြောင်း၊ ခြံ တံခါး များ လိုက်ပိတ်စဉ် မီးပြတ်နေသဖြင့် ဓာတ်မီးဖြင့်သွားရာ ခြံဝင်းအနီး ရှိနေသည့် တပ်မတော်သားများကို ဓာတ်မီး ဖြင့် ထိုးမိသဖြင့် ခြံဝင်းအတွင်းသို့ ဝင်လာကာ ကချင်အမျိုးသား ၄ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။ ဦးမရန်တူးလွန်က “ဓာတ်မီးနဲ့ထိုးမိတော့ ဟိုဘက်က ခင်ဗျားဘယ်သူလဲ ဘာလို့ မီးထိုးတာလဲ ဆိုတော့ ကျနော်တို့ လူ လည်း ကြောက်ပြီး ပြေးတာ၊ ပြေးရင် ပစ်မယ်ပြောတယ်။ သူက ထမင်းချက်နေကြတဲ့နား ပြေးပြီး ပုန်းနေတာ။ သူ့ကို မတွေ့ဘဲ ထမင်းချက်နေတဲ့ သူတွေကို တွေ့ပြီး ဘာမှ မဆီမဆိုင် အပြစ်မရှိတဲ့ ၄ယောက်ကို ရိုက်ပြီး ဖမ်းခေါ်သွားတာ” ဟု ပြောသည်။ ဓာတ်မီးဖြင့် ထိုးသည့်သူမှာ ပုန်းနေသဖြင့် အဖမ်းမခံရဘဲ လွတ်သွားသည်ဟု သိရသည်။ ဘုရားကျောင်း ခြံဝင်းအနီး ရောက်နေသည့် တပ်မတော်သားများသည် ယခင်က မရှိဘဲ ဘုရားကျောင်းဝင်း အနီး နေထိုင် သူ တဦးကို ဖမ်းဆီးရန် အောက်တိုဘာ ၁၈ ရက် ညပိုင်းကမှ လာရောက် ကင်းစောင့်နေခြင်း ဖြစ်သည်ဟု လည်း ဦးမရန်တူးလွန် က ဆိုသည်။ ဦးမရန်တူးလွန်က “သူတို့က ထမင်းချက်နေတဲ့ အမျိုးသားတွေရော အမျိုးသမီးတွေရောကို သတ်ပစ်မယ် ပြောပြီး သေနတ် တွေနဲ့ ချိန်ထားတယ်။ ဘာမှအပြစ်မရှိ မသိနားမလည်တဲ့ သူတွေကို ဘုရားကျောင်းထဲထိ ဝင်ပြီး အဲ့ဒီလို လုပ် သွားတာ။ ဖမ်းသွားတဲ့ ၄ယောက်ကိုတော့ ၁၁နာရီ ၄၅လောက်မှာ ရိုက်ပြီး ပြန်လွှတ် ပေးလိုက်တယ်” ဟုလည်း ပြောဆို သည်။ ပြန်လွှတ်ပေးလိုက်ရာတွင် ၄ဦးအနက် အသက် ၄၀ ကျော်အရွယ်ရှိ ဦးလဂွေလရိန်း နှင့် အသက်၂၉ နှစ်ရှိ ဦးမရစ်ဂွန်းမိုင် တို့သည် ကိုယ်ခန္ဓာတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ရရှိလာပြီး မျက်နှာများတွင်လည်း ညိုမည်း၍ ဖူးယောင်နေ သည် ဟု သိရသည်။ ပြန်လွတ်လာသူများကို ဘုရားကျောင်း တာဝန်ခံများက မေးမြန်းရာ ဖမ်းဆီးသွားစဉ် သေနတ်များဖြင့် ထုရိုက်ပြီး ခြေထောက် များနှင့် မျက်နှာကို ကန်ကြောင်း၊ ကိုယ်ခန္ဓာကိုလည်း တက်နင်းကြကြောင်း ပြန်လည် ပြောပြသည်ဟု သိရ သည်။ ဒေသခံများနှင့် ကဋေ နှစ်ခြင်းခရစ္စယာန် ဘုရားကျောင်းမှ တာဝန်ခံက ဘုရားကျောင်း အတွင်းသို့ လက်နက်များ ကိုင် ပြီး ဝင်လာသည့်အပြင် အပြစ်မလုပ်ထားသည့် အသင်းတော်သားများကို ဖမ်းဆီး ရိုက်နှက်သဖြင့် မကျေနပ်ကြောင်း၊ အမှုဖွင့် သွားမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။ ဖားကန့်မြို့နယ် အခြေစိုက် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးလမောင်လတောင် ကလည်း “ကျနော်တို့ ဒေသမှာ ထင်တိုင်းကြဲသလို ဖြစ်နေတယ်။ ဘုရားကျောင်းထဲ တပ်မတော်သားတွေ ဝင်ပြီးလုပ်တာ အခုနဲ့ဆို ၂ခါရှိပြီ။ ၂၀၁၆ တုန်းကလည်း တပ်မ ၁၀၁ က မရှီကထောင် ဘုရားကျောင်းကို သေနတ်တွေနဲ့ ဝင်ပြီး ရမ်းကားတယ်။ အခု ကိစ္စ မှာတော့ ကျနော်တို့ တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ လုပ်မှာပါ”ဟု ပြောဆိုသည်။ ဧရာဝတီက ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ကို မေးမြန်းရာ တာဝန်ရှိသူတဦးက ထိုဖမ်းဆီး ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ တစုံတရာ လာရောက်တိုင်တန်းခြင်း မရှိသေးပါဟု ပြောသည်။ ၂၀၁၆ ခုနှစ်ကလည်း ဖားကန့်မြို့နယ် မရှီကထောင် ဘုရားကျောင်းအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ နှင့် ပတ်သက်၍ အရပ်သားများ စုဝေးပြီး ဆွေးနွေးနေကြရာ တပ်မတော်သားများ ဝင်ရောက်လာပြီး တားမြစ်မှုလည်း ဖြစ်ပွားထားသည်။ The post ဖားကန့်ရှိ ခရစ္စယာန် ဘုရားကျောင်းမှ ကချင် အမျိုးသား ၄ ဦးကို တပ်က ဖမ်းဆီး ရိုက်နှက်မှု ဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2x7dBeb
via IFTTT
No comments:
Post a Comment