သဲကုန်းမြို့နယ်စည်ပင်သာယာကို ကျေနပ်မှုမရှိ၍ လူ ၁၀၀ကျော် ဆန္ဒဖော်ထုတ် ပဲခူးတိုင်းအနောက်ပိုင်း သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်း အကောင်အထည် ဖော်နေမှုများအား ကျေနပ်မှုမရှိသည့်အတွက် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့နယ်အပိုင် ပုတီးကုန်းမြို့၌ ဒေသခံ လူ ၁၀၀ ကျော် ဆန္ဒ ဖော်ထုတ်သည်။ ဆန္ဒပြပွဲကို ပုတီးကုန်းမြို့ ဘူတာလမ်းဆုံမှ စတင်ကာ ဘူတာလမ်းဆုံ၊ ဈေးမြောက်ဘက်လမ်း၊ ဘုရားကြီးလမ်းနှင့် ပြည်တော်သာရပ်ကွက်၊ ဈေးတောင်ဘက်လမ်း စသည့် လူစည်ကားရာ နေရာများတွင် လှည့်လည်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ မြို့ဖွံ့ဖြိုးတိုးတက်ရေး လမ်းစီမံကိန်းတွေမှာ မသမာမှုတွေရှိနေတဲ့အပေါ်မှာ တိုင်ကြား ခဲ့ပါတယ်။ အဲ့ဒါ အရေး ယူဆောင်ရွက်မှု အားနည်းတဲ့အတွက် အခုလိုဆန္ဒပြရခြင်း ဖြစ်ပါတယ်။ မြို့နယ်စည်ပင်ကနေပြီး လမ်းပရောဂျက် အနေနဲ့ ချထားတဲ့ အသစ်ခင်းရမယ့် လမ်း ၆ လမ်းကို ပယ်ပြီး သူတို့ခင်းချင်တဲ့ လမ်းကို ရွေးခင်းဖို့လုပ်တယ်” ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးကျော်စိုးမိုးက ပြောသည်။ ပြုပြင်ဆဲလမ်းများနှင့် ရပ်ကွက်တခုနှင်တခု ဆက်သွယ်ထားသည့် လမ်းတချို့မှာ ရှည်လျားနေသည့် အတွက် ၃ နှစ် စီမံကိန်းဖြင့် ပြုပြင်ပေးမည်ဟု ပြောဆိုထားသော်လည်း တဝက်တပျက်သာ ခင်းပေး ထားကြောင်း ဦးကျော်စိုးမိုး ကဆက်ပြောသည်။ “ရွာမလမ်းဆိုရင် ပေ ၂၁၃၀ ရှိတာကို ပေ ၇၀၀ ပဲခင်းထားပြီး အခုဆက်လက်ဆောင်ရွက်မှုမရှိပါဘူး။ အဲ့ဒီလမ်းတွေကို ချန်လှပ်ထားခဲ့တယ် ပြည်သူတွေသိထားတာက ပြီးခဲ့တဲ့ ဘတ်ဂျက်က မလုံလောက် တဲ့အတွက် ဒီနှစ်ဘတ်ဂျက်မှာ ဆက် လက်ဆောင်ရွက်မယ်လို့ ပြောထားတယ် တကယ်ဆောင်ရွက်တဲ့ အခါမှာ မပါပါဘူး။ အဓိကကျတဲ့ လမ်းမတွေ မြို့မ ၈ လမ်းဆိုရင် ပျက်စီးနေတယ် ဒီလမ်းမျိုးတွေ ကို မပြင်ပဲနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ပူးပေါင်ပြင်နေတဲ့အတွက် အခုလိုဆန္ဒ ထုတ် ဖော်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။ ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူကို လိမ်လည်သူများအား ရှုတ်ချကြ၊ အပြစ်ပြုသူနှင့် အရေးယူရန် ပျက်ကွက်သူ ထပ်တူ အပြစ်ရှိပါသည်၊ ဒီမိုကရေစီ နည်းကျဆုံးဖြတ်မှု ဖျက်ဆီးသူမှန်သမျှ ဆန့်ကျင် ကြ စသည့် စာသားပါ ပိုစတာဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မသမာမှုပြုသူများ ဖော် ထုတ် အရေးယူပေး ရေး ဒို့အရေး၊ ဘက်လိုက်ဆောင်ရွက်မှုမှန်သမျှ ရှုတ်ကြချ၊ မြို့နယ် စည်ပင် သာယာရေး မှန်မှန် ကန်ကန်ဆောင်ရွက်ပေး အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။ သဲကုန်းမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူးဦးသန့်နိုင် ကမူ “ဘတ်ဂျက်တခုဆွဲရင် ကျနော် တဦးတည်းလုပ်လို့ မရပါဘူး စည်ပင်သာယာကော်မတီရော မြို့နယ်အုပ်ချုပ်ရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးညှိနှိုင်းပြီးတော့ ဘာကို ရွေးမယ် ဘတ်ဂျက်အရ ရွေးတဲ့လုပ်ငန်းတွေကို တိုင်းရုံးတင်ပြပြီးတော့ ရေးဆွဲဆောင်ရွက်ရတာ ဖြစ်ပါ တယ်၊ ကျနော်တို့သဘောနဲ့ လုပ်လို့မရပါဘူး” ဟု ပြောသည်။ သဲကုန်းမြို့နယ်အတွင်း သဲကုန်း၊ အင်းမ၊ ဝက်ပုတ်၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ နယ်မြေများရှိပြီး ဘတ်ဂျက် ရရှိမှုပေါ် မူတည်၍ မျှတအောင် လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း ရှင်းပြသည်။ The post သဲကုန်းမြို့နယ်စည်ပင်သာယာကို ကျေနပ်မှုမရှိ၍ လူ ၁၀၀ကျော် ဆန္ဒဖော်ထုတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2xQjoo4
via IFTTT
No comments:
Post a Comment