မျိုးတုံး ရှားပါးလာနေတဲ့ လူ့မိတ်ဆွေငှက်များ နံနက်ခင်းတိုင်းကို ကျေးငှက်ကလေးတွေရဲ့ တစာစာ အသံလေးတွေနဲ့ နိုးထခဲ့ရတဲ့ ကျနော်တို့လို နယ်မြို့တွေမှာ မွေးဖွား ကြီးပြင်း လာကြသူတွေ အနေနဲ့ ငှက်ကလေးတွေဆိုတာ ငယ်ဘဝ နံနက်ခင်းတိုင်းရဲ့ ချစ်စရာကောင်းတဲ့ အဖော်မွန်လေး တွေပါ။ အခုအချိန်မှာတော့ အဲဒီ အဖော်လေးတွေ ဆိုတာ ကြက်ပျောက်၊ ငှက်ပျောက်ဆိုတဲ့ စကားလို ရှာဖွေဖို့ မလွယ်ကူနိုင်လောက်အောင် ရှားပါးပျောက်ကွယ် နေကြပါပြီ..။ တကယ်တော့ လူနဲ့တိရိစ္ဆာန်၊ လူနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ သူစိမ်းဆန် လို့ မရတဲ့ အမြဲနေမိတ်ဆွေတွေပါ။ သူတို့တွေ သူစိမ်းဆန် လာကြပြီ ဆိုရင်တော့ ကျနော်တို့ ကမ္ကာကြီး အတွက် စိုးရိမ်စရာ အခြေအနေကို ချဉ်းကပ်နေပြီ လို့ ဆိုရမှာပါ။ အဲဒီလို သူစိမ်းဆန်လာတဲ့ လူနဲ့ သဘာဝပတ်ဝန်းကျင် ကြားမှာ ရှားပါးပျောက်ကွယ်စ ပြုနေတဲ့ ငှက်ကလေးတွေကို ပြန်လည် အမှတ်ရကြစေဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ချစ်ခင်တတ်ကြစေဖို့ ယခုဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ ငှက်ကလေးတွေ အကြောင်း မပြောခင် ငှက်တွေရဲ့ အစကို အရင်ဆုံး ပြောချင်ပါတယ်။ ငှက်တွေရဲ့အစ Archaeopteryx ကမ္ဘာပေါ်မှာငှက်နဲ့ တူတဲ့ သတ္တဝါတမျိုးကို လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅ဝ ခန့်က စတင်တွေ့ရှိခဲ့တယ်လို့ သမိုင်း မှတ်တမ်းတွေက ဆိုပါတယ်။ Archaeopteryx (အာခီယိုတီးရစ်) ရှေးဦးတောင်ပံလို့အဓိပ္ပာယ်ရတဲ့ ကျီးကန်းအရွယ်ရှိတဲ့ အမွှေးအတောင်စုံ သတ္တဝါတမျိုးကို ဂျာမဏီနိုင်ငံမှာ သင်ပုန်းကျောက်တွေထဲ ကနေ ၁၈၆ဝ ခုနှစ်က တူးဖော်တွေ့ရှိခဲ့ ပါတယ်။ Archaeopteryx အဲဒီသတ္တဝါဟာ သွားတွေပါရှိတဲ့ တွားသွားသတ္တဝါ တမျိုးကနေ ငှက်အဖြစ် ကူးပြောင်းလာတာဖြစ်ပြီး သူ့ရဲ့ အတောင်ပံတွေဟာ မြင့်ရာကနေ နိမ့်ရာကို လေဟုန်စီးပျံသန်းနိုင်တဲ့ အဆင့်မှာပဲရှိခဲ့ပါတယ်။ Archaeopteryx အာခီယိုတီးရစ် နောက်ပိုင်း တွေ့ရှိခဲ့တဲ့ အစ်သိုင်ယိုနစ် (Ichthyornis)နဲ့ ဟစ်စ်ပါရိုးမစ် (Hesperornis) သတ္တဝါတွေမှာ တော့ သွားတွေကျန်ရှိနေသေးတာက လွဲလို့ ငှက်နဲ့ အားလုံးနီးပါးဆင်တူနေပြီ ဖြစ်ပါတယ်။ အစ်ချသိုင်ယိုနစ်ငှက်ဟာ ကိုယ် အလျား (၃) ပေခွဲခန့် ရှိပြီး ဒီနေ့ ခေတ်ပင်ကွင်းငှက်တွေလို မပျံသန်းနိုင်တဲ့ငှက်မျိုးဖြစ်ပါတယ်။ ငှက်တွေရဲ့သဘာဝ Antartica Penguins ငှက်တွေဟာ ကမ္ဘာမြေရဲ့ နေရာဒေသ အမျိုးမျိုးမှာ နေထိုင်ကျက်စား ကြပါတယ်။ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေ၊ အပူပိုင်းဒေသ သစ်တောတွေ၊ သမပိုင်းဒေသသစ်တောတွေ၊ မြက်ခင်းလွင်ပြင်တွေ၊ တောင်ပေါ်တောတွေနဲ့ သဲကန္တာရတွေ၊ မြစ်ချောင်း အင်းအိုင်၊ ကမ်းရိုးတန်းဒေသနဲ့ ပင်လယ်သမုဒ္ဒရာတွေ ထဲက ကျွန်းတွေပေါ်မှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးတွေ ရှိသလို လူတွေနဲ့ နီးကပ်ပြီး မြို့ရွာကျောင်းကန်တွေမှာ နေထိုင်ကျက်စားကြတဲ့ ငှက်တွေလည်း ရှိကြပါတယ်။ Antarctica Garrodia nereis ငှက်အမျိုးပေါင်း ၃ဝဝဝ ခန့်ဟာ နှစ်စဉ်ရာသီအလိုက် နေရာပြောင်းရွေ့ ကျက်စားကြပါတယ်။ အာတိတ်ဒေသက စင်ရော်ငှက် တမျိုးဟာ နှစ်စဉ်ဆောင်းရာသီ ရောက်တိုင်း မိုင်တသောင်းခန့် ခရီးရှည် ပျံသန်းပြီး အန္တာတိတ်ဒေသကို ပြောင်းရွေ့ ကျက်စားကြ ပါတယ်။ ဆောင်းကုန်တဲ့ အခါ မိုင်တသောင်းကျော် ထပ်မံပျံသန်းပြီး မူရင်း အာတိတ်ဒေသကို ပြန်လာကြ ပါတယ်။ Arctic owl ဥရောပနဲ့ မြောက်အမေရိကတိုက်က ငှက်မျိုးစိတ်အများစုကလည်း ဆောင်းရာသီမှာ အီကွေတာကို ဖြတ်ကျော်ပြီး အာဖရိကနဲ့ တောင်အမေရိက တိုက်များကို ပြောင်းရွေ့ကျက်စားကြပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းက ငှက်မျိုးစိတ်တချို့ဟာ သူတို့ ဒေသရဲ့ ဆောင်းရာသီ ရောက်ချိန်မှာ မြောက်ဘက်ကို ပြောင်းရွေ့ ကျက်စားကြပေမယ့် များသောအားဖြင့် အီကွေတာကို ဖြတ်ကျော်လေ့ မရှိကြပါဘူး။ နေရာဒေသ ပြောင်းရွေ့ကျက်စားဖို့ ငှက်တွေ ခရီးရှည်ပျံသန်းတဲ့ အခါ တချို့သော ငှက်တွေဟာ နေ့အချိန်ပျံသန်းပြီး တချို့က ညအချိန်မှာ ပျံသန်းကြပါတယ်။ နေ့အချိန် ပျံသန်းတဲ့ ငှက်တွေက ပင်လယ်ကမ်းရိုးတန်းနဲ့ မြစ်ချောင်းများကို သာမက နေကိုကြည့်ပြီးလည်း လမ်း မပျောက်အောင် ပျံသန်းတတ်ကြသလို ညအချိန် ခရီးရှည်ပျံသန်းတဲ့ ငှက်တွေကတော့ ကြယ်တွေကို ကြည့်ပြီး လမ်း မပျောက်အောင် ပျံသန်းနိုင်ကြပါတယ်။ Arctic bird migration routes ငှက်တွေမှာ မွေးရာပါ ပင်ကိုယ်စွမ်းရည်ရှိပေမယ့် တချို့စွမ်းရည်တွေက သင်ကြား တတ်မြောက်လာတဲ့ စွမ်းရည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပင်ကိုယ်စွမ်းရည် အနေနဲ့ ဥအု၊ သားမွေး၊ အသိုက်ဆောက် စတာတွေ လုပ်နိုင်ကြပေမယ့် မှန်ကန်တဲ့ အစားအစာကို စားသုံးတတ်ဖို့နဲ့ အန္တရာယ်ကင်းအောင် ရှောင်ရှား နေထိုင်တတ်ဖို့ကတော့ မိခင်ငှက်မကြီးက သင်ကြားပေးမှသာ တတ်မြောက် နိုင်ပါတယ်။ တချို့သော ငှက်တွေဟာ အမျိုးတူ ငှက်များ တေးဆိုပုံကို အတုယူပြီး သူတို့ထက် ပိုကောင်းအောင် တေးဆိုတတ်ဖို့ အကြိမ်ကြိမ် လေ့ကျင့်နေတတ်ကြပါတယ်။ တေးဆိုငှက်တွေထဲမှာ အများအားဖြင့် အမများက ဆိုလေ့မရှိဘဲ အဖိုများကသာ မိတ်လိုက်၊ သားပေါက်ကြတဲ့ ရာသီတွေမှာ တေးဆိုတတ်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ မိတ်လိုက်ဖို့ ငှက်မများကို ဆွဲဆောင်ရသလို အခြားသောမျိုးတူငှက်ဖိုများကို ခြောက်လှန့်ဖို့လည်း ဖြစ်ပါတယ်။ Arctic puffins တေးဆိုငှက်များနဲ့ ဘဲအမျိုးနွယ်ဝင် ငှက်များဟာ အသက် တနှစ် မပြည့်ခင် မိတ်လိုက်တတ်ကြပြီး စင်ရော်ငှက်များကတော့ အသက် ၃ နှစ် ကျော်မှ မိတ်လိုက်တတ်ကြပါတယ်။ သိမ်း၊ စွန်အမျိုးနွယ်ဝင် ငှက်တချို့ဟာ အသက်လေးငါးနှစ်မှာ မိတ်လိုက်တတ်ပြီး ပင်လယ်ငှက်ကြီးမျိုး ဖြစ်တဲ့ အယ်လ်ဘာထရော့စ် ငှက်မျိုးဟာ အသက် ၅ နှစ်ကနေ ၇ နှစ်အတွင်းမှာ မိတ်လိုက်တတ်ကြပါတယ်။ ငှက်မျိုးအများစုဟာ အသိုက်တွေကို သူတို့ရဲ့ ပိုင်နက်နယ်မြေမှာသာ ဆောက်လုပ်တတ်ကြပါတယ်။ ဗျိုင်း၊ ဝန်ပို၊ တင်ကြီး၊ စင်ရော်နဲ့ ပင်လယ်ပြင်မှာ နေထိုင်ကျက်စားကြတဲ့ ငှက်အများစုဟာ တနေရာတည်းမှာ စုပေါင်းအသိုက် ဆောက်လုပ်တတ် တဲ့ ငှက်တွေ ဖြစ်ပြီး ယောက်ဖခွေးခေါ်နဲ့ ဥသြငှက်တို့လို ငှက်မျိုးတွေကတော့ကိုယ်ပိုင် အသိုက် ဆောက်လုပ်ခြင်း မပြုဘဲ တခြားသော ငှက်မျိုးများရဲ့ အသိုက်တွေမှာ လိုက်ပြီး ဥအုတတ်ကြ ပါတယ်။ migration barnacle geese သစ်တောက်ငှက်တွေဟာ သစ်ပင်ရဲ့ ပင်စည်ကို အခေါင်း ဖောက်ပြီး အသိုက် ဆောက်တတ်ကြသလို ပျံလွှားငှက်တွေ ကတော့ သူတို့ရဲ့ တံတွေးကို အသုံးပြုပြီး အသိုက် ဆောက်တတ်ကြပါတယ်။ တချို့သော ငှက်တွေကတော့ ကောက်ရိုး၊ သဲနဲ့ နွားချေးတွေကို သုံးပြီး ပုံသဏ္ဌာန် မျိုးစုံနဲ့ အသိုက် ဆောက်တတ်ကြ ပါတယ်။ ငှက်တွေ ဥ အုပြီးတဲ့ အခါ ဥတွေကနေ ငှက်ငယ်လေးတွေ ပေါက်လာဖို့ ကြာမြင့်ချိန် အမျိုးမျိုး ကွဲပြားတတ် ကြပါတယ်။ အတိုဆုံး ကြာမြင့်ချိန်က ၁၁ ရက်ဖြစ်ပြီး အရှည်ကြာဆုံး ကတော့ ရက် ၈ဝ ဖြစ်ပါတယ်။ ဥကနေ ပေါက်ပြီးတဲ့ ငှက်ကလေးတွေ အသိုက်အပြင်ကို အစောဆုံးစထွက်ချိန်က ၉ ရက် ဖြစ်ပြီး အကြာဆုံးကတော့ ၆ လ ဖြစ်ပါတယ်။ ငှက်တွေရဲ့ သက်တမ်းအားဖြင့် အရွယ်အစား သေးငယ်တဲ့ ငှက်တွေဟာ သက်တမ်းတိုတတ်ပြီး အရွယ်အစား ကြီးမားတဲ့ ငှက်တွေက သက်တမ်းရှည်ကြတာ တွေ့ရပါတယ်။ သိမ်းငှက်နဲ့ စွန်တို့လို အရွယ်ကြီးမားတဲ့ ငှက်တချို့ရဲ့သက်တမ်းဟာ ၁၅ နှစ်ကနေ နှစ် ၃ဝ ထိ ရှည်ကြောင်းတွေ့ရှိရပါတယ်။ ။ ကိုးကား- The Birds Of Myanmar-2003 , Birds Around Us, ငှက်တရာ(စိုးမြင့်လွင်) & http://ift.tt/2gou7j9 (ဆက်လက်ဖော်ပြပါမည်) The post မျိုးတုံး ရှားပါးလာနေတဲ့ လူ့မိတ်ဆွေငှက်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2yvmq5y
via IFTTT
No comments:
Post a Comment