ပင်လယ်စာအစုံ ရနိုင်တဲ့ “စားတော်ပွဲ” မြန်မာ-ရခိုင် စားသောက်ဆိုင် ကျောက်ပုဇွန်၊ ပုဇွန်ထုပ်၊ ရေဘဝဲ၊ ဂဏန်း၊ ကင်းမွန်၊ ပြည်ကြီးငါး စတဲ့ ပင်လယ်စာအစုံအလင်ကို လတ်လတ်ဆတ်ဆတ် စားချင်သူတွေအတွက် ပင်လယ်စာအစုံအလင် ရရှိနိုင်တဲ့ “စားတော်ပွဲ” ဆိုတဲ့ မြန်မာ – ရခိုင် စားသောက်ဆိုင်ကို ဧရာဝတီ Food ကဏ္ဍကနေ ဒီတပတ်ညွှန်းပေးချင်ပါတယ်။ “စားတော်ပွဲ” မြန်မာ – ရခိုင် စားသောက်ဆိုင်က အမှတ် ၉၂ ၊ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း၊ အလယ်ဘလောက် တည်ရှိပါတယ်။ ဆိုင်က အပေါ်ထပ်၊ အောက်ထပ် ၂ ထပ်ရှိပြီး ဆိုင်ဖွဲ့စည်းပုံက ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေး ထိုင်လို့ ကောင်းမယ့်ပုံစံပါ။ ဆိုင်အတွင်းမှာ ၄ ယောက်ခုံ စားပွဲဝိုင်းတွေနဲ့ ဆိုင်နံရံ ဘောင်တန်းပေါ်မှာ မြန်မာ့ရိုးရာ အိုးပုတ် ရွှံ့အရုပ်လေးတွေနဲ့ မြန်မာတူရိယာ စောင်း အရုပ်တို့ တင်ပြီး အလှဆင်ထားတာ တွေ့ရပါတယ်။ ဆိုင်မှာ ပင်လယ်စာအစုံကို တပွဲချင်းစီမှာစားနိုင်သလို ကျောက်ပုဇွန် (သို့မဟုတ်) ပုဇွန်ထုပ်၊ ဂဏန်း၊ ငါး ကြိုက်နှစ်သက်ရာ ဟင်းပွဲ ၃ မျိုးနဲ့ Set Menu မှာစားနိုင်ပါတယ်။ Set Menu နဲ့ စားမယ်ဆိုရင် တသောင်းခွဲတန် Set Menu နဲ့ ၁၂၀၀၀ တန် Set Menu ဆိုပြီး ၂ မျိုးရှိပါတယ်။ တသောင်းခွဲတန် Set Menu မှာ ကျောက်ပုဇွန်ကင်၊ ကျောက်ပုဇွန်ပေါင်းဆီမွှေး၊ ကျောက်ပုဇွန်ချဉ်စပ်၊ ဂဏန်းပေါင်း၊ ဂဏန်းမဆလာ၊ ဂဏန်းငြုတ်ကောင်း၊ ဂဏန်းချဉ်စပ်၊ ဂဏန်းသောက်ဆမ်း၊ ငါးသံပုရာ ပေါင်း၊ ငါးဆားငံစေ့ပေါင်း၊ ငါးအချိုပေါင်း၊ ငါးပဲပိပေါင်းတို့ အထဲမှ ကြိုက်နှစ်သက်ရာ ကျောက်ပုဇွန်၊ ဂဏန်း၊ ငါး ဟင်းလျာ တမျိုးစီ၊ စုစုပေါင်း ဟင်းပွဲ ၃ မျိုး တွဲဖက်ပြီး မှာယူရတာ ဖြစ်ပါတယ်။ တသောင်းခွဲတန် set menu (ဓာတ်ပုံ- ချမ်းစွန်း/ဧရာဝတီ) စာရေးသူအနေနဲ့ တသောင်းခွဲတန် Set Menu မှ ကျောက်ပုဇွန်ပေါင်းဆီမွှေး၊ ဂဏန်းမဆလာ၊ ငါးသံပုရာပေါင်းတို့ ရွေးချယ် မှာယူလိုက်ပါတယ်။ ၁၂၀၀၀ တန် Set Menu မှာတော့ ကျောက်ပုဇွန် အစား ပုဇွန်ထုပ်ကို ရွေးချယ်နိုင်မှာဖြစ်ပြီး ပုဇွန်ထုပ်အပြင် အခြား ရေဘဝဲ၊ ကင်းမွန်၊ ပြည်ကြီးငါး စတဲ့ ပင်လယ်စာတွေ အသုပ်၊ အကင်၊ ချဉ်စပ်ဟင်းလျာ စသဖြင့် မှာယူနိုင်ပါတယ်။ တပွဲချင်းစီ မှာမယ်ဆိုရင် ပင်လယ်စာတွေကို အသုပ်၊ အကင်၊ အကြော်၊ သောက်ဆမ်း စတဲ့ ချက်နည်း အမျိုးမျိုးနဲ့ တပွဲချင်း မှာယူစားသောက်နိုင်ပါတယ်။ ဒါ့အပြင် ဆိုင်မှာ မြန်မာဟင်းလျာများအနေနဲ့ ကြက်၊ ဝက်၊ ငါး၊ ဆိတ်၊ အမဲတို့နဲ့ တောဝက်၊ ဂျီ၊ ဆတ် စတဲ့ ထူးခြားတဲ့ ဟင်းလျာတွေလည်း ရရှိနိုင်ပါတယ်။ စာရေးသူ မှာထားတဲ့ တသောင်းခွဲတန် Set Menu က မှာယူပြီး သိပ်မကြာခင် ၁၅ မိနစ် ဝန်းကျင်မှာ စားပွဲပေါ်ကို ရောက်ရှိလာပါတယ်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ ပင်လယ်စာ ဟင်းလျာ တွေက အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ်ပါ။ ကျောက်ပုစွန်မွှေးပေါင်း (ဓာတ်ပုံ- ချမ်းစွန်း/ဧရာဝတီ) တပွဲချင်းစီကို အရသာ မြည်းစမ်းကြည့်တဲ့အခါ ကျောက်ပုဇွန်ပေါင်းဆီမွှေးက ကျောက်ပုဇွန် အရသာ ချိုချိုလေးနဲ့ စားကောင်းပြီး ကျောက်ပုဇွန် အရွယ်အစားက ကြီးတယ်ထင်ရပေမယ့် အထဲမှာပါတဲ့ ပုဇွန်အသားကတော့ ထင်သလောက်မများလို့ စားရတာ သိပ်ပြီးအားမရပါဘူး။ ဂဏန်းမဆလာချက် (ဓာတ်ပုံ- ချမ်းစွန်း/ဧရာဝတီ) ဂဏန်းမဆလာချက်ကတော့ ဟင်းအနှစ် ပါဝင်တာကြောင့် ထမင်းနဲ့ တွဲစားရတာ အရသာရှိပါတယ်။ ဂဏန်းအကောင် အလတ်ဆိုဒ် ၂ ကောင် ပါဝင်ပြီး လက်မ ၂ ချောင်း အပိုပါပါတယ်။ ဂဏန်းလက်မ ကိုက်ရတာ ကြိုက်သူတွေအတွက် အထူး စပါယ်ရှယ်ပါပဲ။ ငါးသံပရာပေါင်း (ဓာတ်ပုံ- ချမ်းစွန်း/ဧရာဝတီ) ငါးသံပုရာပေါင်း ဟင်းလျာကတော့ ငါးအသားကို နူးအိနေအောင် ပေါင်းထားပြီး သံပုရာသီး၊ ငရုပ်သီး တို့နဲ့ ချဉ်ငံစပ် အရသာခံစားမိပါတယ်။ စားတော်ပွဲ မြန်မာ- ရခိုင်စားသောက်ဆိုင် အပြင်အဆင် ဆိုင်ရဲ့ ရည်ရွယ်ချက်က လူတိုင်းကို ကျောက်ပုဇွန်ကို ဈေးနှုန်းသက်သက်သာသာနဲ့ စားနိုင်အောင် Promotion ပေးထားတာလို့ သိရပြီး Promotion Set Menu အနေနဲ့ ကျပ် ၁၂၀၀၀ တန်နဲ့ တသောင်းခွဲတန် Set Menu ၂ မျိုး ရွေးချယ်စားသုံးနိုင်ပါတယ်။ ကျောက်ပုဇွန်က နေ့တိုင်း လိုသလောက်ရဖို့ ခက်တာကြောင့် ကျောက်ပုဇွန် စားလိုသူတွေ ဆိုင်ကို စောစောသွားဖို့ လိုအပ်ပြီး ကြာသပတေးနဲ့ တနင်္ဂနွေ ၂ ရက် ကျောက်ပုဇွန် မရနိုင်ဘူးလို့ သိရပါတယ်။ “စားတော်ပွဲ” မြန်မာ – ရခိုင် စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာ တနှစ်ကျော်ပြီဖြစ်ပြီး ဆိုင်ဖွင့်ချိန် မနက် ၁ဝ နာရီမှ ည ၉ နာရီ အထိလို့ သိရပါတယ်။ ။ ဆိုင်လိပ်စာ – “စားတော်ပွဲ” မြန်မာ – ရခိုင် စားဖွယ်စုံ အမှတ် (၉၂)၊ ရွှေတောင်တန်းလမ်း (အလယ်ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ The post ပင်လယ်စာအစုံ ရနိုင်တဲ့ “စားတော်ပွဲ” မြန်မာ-ရခိုင် စားသောက်ဆိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2xVhylW
via IFTTT
No comments:
Post a Comment