ကန်တော်ကြီးပဲလေစ့်ဟိုတယ် မီးလောင်မှု ညတာဝန်ကျ မန်နေဂျာအား ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် လူနှစ်ဦး သေဆုံးစေခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုနှင့် ပတ်သက်၍ ညပိုင်းတာဝန် ယူထားသည့် ဟိုတယ်မန်နေဂျာ ဦးသီဟအား မတော်တဆ လူသေစေမှု ပုဒ်မ ၃၀၄(က)၊ မီးပေါ့ဆမှု ပုဒ်မ ၂၈၅ တို့ဖြင့် အမှုဖွင့်ထား ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှူး ဒုရဲမှူး ဇော်ဝင်းနိုင်က ပြော သည်။ အောက်တိုဘာ ၁၉ ရက်နံနက် ၃ နာရီ ၃၀မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဂျပန်နိုင်ငံသား တဦးနှင့် အခြားစိစစ်ဆဲ တဦး စုစုပေါင်း ၂ဦး သေဆုံးခဲ့ရသလို၊ မကာအိုမှ အမျိုးသမီးတဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သည်။ ဒုရဲမှူး ဇော်ဝင်းနိုင်က “မီးလောင်တဲ့ အကြောင်းအရင်းကို သိရဖို့ အဲ့ဒီညကရှိနေတဲ့ သက်သေတွေကိုပါ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ နောက်ထပ် စိစစ်ဆဲသေဆုံးသူက အမျိုးသမီးဖြစ်နိုင်ခြေများပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ ဒဏ်ရာရရှိခဲ့သည့် မကာအိုမှ အမျိုးသမီးမှာ ပြန်လည်သက်သာပြီ ဖြစ်သည့်အတွက် ဆေးရုံမှဆင်း သွားပြီဖြစ်သော်လည်း မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိတဦးဖြစ်သူ ဦးကျော်စွာလင်းမှာ ရန်ကုန် ပြည်သူ့ဆေးရုံးကြီး ဦးနှောက်နှင့် အာရုံကြောဌာန အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူရ လျှက်ရှိသည်။ ထူးလုပ်ငန်းစု ဥက္ကဌရုံးမှ တာဝန်ရှိသူ ဦးဌေးလွင်က “သေဆုံးသူရော ဒဏ်ရာရသူတွေအတွက်ရော ကျနော်တို့ဘက်က လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ လုပ်နေပါတယ်၊ ဟိုတယ်ရဲ့ ပျက်စီးသွား တဲ့အပိုင်းတွေကို အာမခံကုမ္ပဏီတွေ ကလည်း လာရောက်နေပါပြီ၊ ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး”ဟု ပြောသည်။ မီးလောင်မှုမှာ ဟိုတယ် ၅ လွှာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်တာဝန်ရှိသူများက ပြောကြားထားသော်လည်း မီးလောင်သည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်းဖိုး အခြေအနေ များကို တာဝန်ရှိသူများက စိစစ်နေ ဆဲ ဖြစ်သည့်အတွက် ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်သည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ကျွန်းသစ်များကို အများဆုံး အသုံးပြုကာ ဆောက်လုပ်ထားသည့်အတွက် မီးလောင်မှု၌ ဟိုတယ်တခုလုံးနီးပါး ပျက်စီးခဲ့ သော်လည်း ကိုလိုနီခေတ်က ဆောက်လုပ် ခဲ့သည့် ရန်ကုန် လှေလှော်ရွက်တိုက်အသင်း အဆောက် အအုံမှာ မီးလောင်ရာတွင် ပါဝင်ခြင်းမရှိကြောင်း ဦးဌေးလွင်က ရှင်းပြသည်။ မီးလောင်မှုနှင့် ပတ်သက်၍လည်း ဟိုတယ်ပိုင်ရှင် ဦးတေဇကလည်း ထိခိုက်နစ်နာခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲရကြောင်းနှင့် မီးကို ဝိုင်းဝန်းငြိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ၊ ပါဝင်ခဲ့သူများ အားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။ ကန်တော်ကြီး ပဲလေစ် ဟိုတယ်နေရာသည် ကိုလိုနီခေတ် ၁၉၃၀ ခုနှစ်ခန့်က အင်္ဂလိပ်အရာရှိများနှင့် အထက်တန်းလွှာများ ၏ လှေလှော်ရွက်တိုက် အသင်း ရုံးစိုက်ရာ နှစ်ထပ်တိုက်အဆောက်အအုံဖြစ်ပြီး၊ ဂျပန်ခေတ်တွင်မူ လူမှုဖူလုံရေး ရုံးအဖြစ် အသုံးပြုခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် သဘာဝသမိုင်းပြတိုက်များ အဖြစ်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၇၉ ခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားဝန် ကြီးဌာနက လွှဲပြောင်းရယူကာ ကျွန်းသားဖြင့် ဘန်ဂလို ၁၀လုံး တည် ဆောက်ကာ ဟိုတယ်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှာတော့ ထိုင်းအခြေစိုက် Baiyoke ဟိုတယ်လုပ်ငန်း အုပ်စုက ကျွန်းသားများဖြင့် ထိုင်း ဗိသုကာ ပုံစံ ဟိုတယ် အဆောက်အဦးကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ထူးကုမ္ပဏီ အုပ်စုက လွှဲပြောင်းရယူကာ ကန်တော်ကြီး ပဲလေစ်ဟိုတယ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ The post ကန်တော်ကြီးပဲလေစ့်ဟိုတယ် မီးလောင်မှု ညတာဝန်ကျ မန်နေဂျာအား ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2ipU469
via IFTTT
No comments:
Post a Comment