ဥရောပ ဘောလုံးလိဂ်တွေကို ယှဉ်ပြိုင်ဖို့ ကြိုးစားလာတဲ့ တရုတ်စူပါလိဂ် တရုတ်စူပါလိဂ် (Chinese Super League) လို့ အတိုကောက်ခေါ်ပြီး လူသိများလာတာ ဖြစ်ပြီး သူ့ရဲ့ အရှည်ကောက်က Chinese Football Association Super League ဖြစ်ပါတယ်။ တချို့လည်း CSL လို့ ခေါ်ပါတယ်။ အင်္ဂလန် ပရီးမီးယား လိဂ်ကို ဘာကလေဘဏ်က စပွန်ဆာပေးချိန် ဘာကလေ ပရီးမီးယားလိဂ်လို့ ခေါ်သလို အခုလည်း တရုတ်စူပါလိဂ်ကို Ping An Chinese Football Association Super League အဖြစ် ခေါ် ပါတယ်။ တရုတ် ဘောလုံး အဖွဲ့ချုပ် Chinese Football Association ရဲ့ လက်အောက်ခံ ပြိုင်ပွဲတခု အဖြစ် ကျင်းပနေတာ ဖြစ်ပြီး တရုတ်ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကမှ စတင် တည်ထောင်ကစားခဲ့တာ ဖြစ်လို့ သက်တမ်းအရတော့ ၁၃ နှစ်ပဲ ရှိသေးပြီး အခြားနာမည်ကျော် ဥရောပ ဘောလုံးပြိုင်ပွဲတွေလို အစဉ်အလာတော့ မကြီးမား မကြာမြင့်သေးဘူးလို့ ဆိုရမှာပါ။ AFC ဆိုတဲ့ အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြု ထားတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အခု တရုတ်စူပါလိဂ်က အင်္ဂလန်ပရီးမီးယားလိဂ် လိုပဲ ပြည်တွင်းအမှတ်ပေး ပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး ဖြစ်လို့ တန်းတက်ရဖို့ နောက်ထပ် မရှိပေမယ့် တန်းဆင်းစနစ်ကို အသုံးပြုနေတာကြောင့် တကယ်လို့ အခုတရုတ်စူပါလိဂ်ကနေ တန်းဆင်းရမယ် ဆိုရင် China League One ဆီကို တန်းဆင်းရမှာ ဖြစ်သလိုအဆိုပါ League One ကနေ တန်းတက်လာသူကလည်း တရုတ်စူပါလိဂ်မှာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။ တရုတ် စူပါလိဂ်က အသင်းတွေ အနေနဲ့ အမှတ်ပေးဖလားကိုသာ ယှဉ်ပြိုင်ရယူနိုင်မှု အပြင် တရုတ် FA ဖလားပြိုင်ပွဲကို လည်း ဝင်ခွင့်ရမယ်၊ FA Super ဖလားပွဲတွေကိုလည်း ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲကမှ အမှတ်ပေးဖလား ရသူတွေ၊ အမှတ်ပေးဇယား ထိပ်ပိုင်းအဆင့်နဲ့ ရာသီသိမ်းနိုင်သူတွေက နိုင်ငံတကာ ပြိုင်ပွဲတွေ အနေနဲ့ ဥရောပ ကလပ် အသင်းတွေက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်တွေ ဝင်ခွင့်ရသလို တရုတ်စူပါလိဂ်က တန်းမြင့် အသင်းတွေ အနေနဲ့လည်း AFC Champions League ကို ဝင်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်စူပါလိဂ်မှာ ချန်ပီယံအသင်း အဖြစ် ဂေါင်ဇူးအဲဗားဂရန်ဒီတာဘို (Guangzhou Evergrande Taobao) အသင်းက ၂၀၁၆ ခုနှစ်အတွင်းက ၆ ကြိမ်မြောက် အဖြစ် နောက်ဆုံးရယူထားတာ တွေ့ရပါတယ်။ ဥရောပ ဘောလုံး ရာသီတွေလို ဘောလုံးရာသီက ပြက္ခဒိန်နှစ် ၂ နှစ်မှာ ချိတ်ဆက် ကစားနေသလို မဟုတ်ဘဲ တရုတ်စူပါလိဂ်က ရာသီဥတုပူပြင်းမှု သက်သာလာတဲ့ နှစ်စဉ် ဖေဖော်ဝါရီနဲ့ မတ်လတိုင်းမှာ ဘောလုံးရာသီ စတင် ကစားပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ရာသီကုန်ပါတယ်။ အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင် နေတာလည်း ဖြစ်ပါတယ်။ ကနဦး တရုတ်စူပါလိဂ် အစမှာ အသင်း ၁၂ သင်းပဲ ရှိခဲ့ပေမယ့် နောက်နှစ်တွေမှာ အသင်းအရေအတွက် တိုးချဲ့ ပါဝင်ခွင့် ပေးထားတာလည်း ဖြစ်သလို အခုချိန်ထိ တရုတ် စူပါလိဂ် ဖလားကို ပြိုင်ပွဲဝင် အသင်းပေါင်း ၆ သင်းကပဲ ရဖူးသေးတာတွေ့ရပါတယ်။ ဒီအသင်းတွေကတော့ ရှန်ဇန်းဂျီယန်လီဘို၊ ဒါလီယန်ရှိုက်၊ ရှန်ဒေါင်းလူနန်၊ ချန်ချွန်းရာတိုင်၊ ဘေကျင်းဂူရွန်နဲ့ အခုနောက်ဆုံး ဂေါင်ဇူးအဲဗားဂရန်းဒီတာဘို တို့ ဖြစ်ပါတယ်။ အသင်းတွေက အိမ်ကွင်း အဝေးကွင်း လက်ခံ ကစားတယ်၊ တသင်းကို ဘောလုံးတရာသီမှာ ပွဲပေါင်း ၃၀ ကစားရပြီး တရုတ်စူပါလိဂ် အနေနဲ့ တနှစ်ကို ပွဲစဉ်ပေါင်း ၂၄၀ ထိအောင် ရှိနေတာလည်း ဖြစ်ပါတယ်။ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ အသင်း ၂သင်းကတော့ လိဂ် ၁ ကို တန်းဆင်းရပါတယ်။ ဒီလိုပဲ လိဂ် ၁ က ထိပ်ဆုံးအသင်း ၂ သင်းကလည်း တရုတ်စူပါလိဂ်ကို တန်းတက်ခွင့်ရတာပါ။ တရုတ်စူပါလိဂ်ရဲ့ ထိပ်ဆုံး ၃ သင်းရယ်၊ FA ဖလားရသူတွေက AFC ချန်ပီယံလိဂ်ကို ဝင်ခွင့်ရပါတယ်။ တကယ်လို့ FA ဖလားရသူက အထက်မှာ ပြောခဲ့သလို AFC ချန်ပီယံလိဂ်ကို ဝင်ခွင့်ရတဲ့ အမှတ်ပေးဇယား ထိပ်ဆုံး ၃ သင်းထဲက ၁ သင်း ဖြစ်နေမယ် ဆိုရင်တော့ အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းက အလိုလို ကံကောင်းပြီး AFC ချန်ပီယံလိဂ်ကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ တရုတ်စူပါလိဂ်နဲ့ ပတ်သတ်ပြီး ထူးခြားချက်ကတော့ လက်ရှိချန်ပီယံ ဂေါင်ဇူးအဲဗားဂရန်ဒီက ၂၀၁၁ ခုနှစ်ကနေ စတင်ပြီး ၆ သင်းမြောက် ချန်ပီယံဖြစ်လာခဲ့တာ ဖြစ်သလို အခုနောက်ဆုံးေ ဘာလုံးရာသီ ၂၀၁၆ ထိအောင် ၆ ကြိမ်မြောက် တဆက်တည်း ချန်ပီယံဆုကို ရယူထားနိုင်တာပဲ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ ရှန်ဒေါင်းလူနန် အသင်းက ချန်ပီယံ ၃ ကြိမ်ဖြစ်ဖူးတယ်၊ အခြားချန်ပီယံ ဖြစ်ဖူးတဲ့ အထက်မှာ ပြောခဲ့တဲ့ အသင်းတွေကတော့ ချန်ပီယံ ၁ ကြိမ်စီပဲ ဖြစ်ဖူးကြ ပါတယ်။ တရုတ်စူပါလိဂ်ကို စပွန်ဆာတွေ အဖြစ် ၂၀၀၄ ခုနှစ် အမှတ်ပေးပြိုင်ပွဲအစမှာ Siemens Mobile က ယူရို ၈ သန်း စပေးတယ်၊ နောက်နှစ် ၂၀၀၅ မှာ စပွန်ဆာ မရတော့ဘူး။ ၂၀၀၆မှာ IPhox က ယူရို ၆ သန်း စပွန်ဆာပေးတယ်၊ ၂၀၀၇-၀၈ နှစ်တွေမှာတော့ Kingway ဘီယာက တရုတ်ယွမ်သန်း ၃၆ သန်း တနှစ်အတွက် ပေးခဲ့တယ်။ ၂၀၀၉-၁၀ နှစ်တွေ ရောက်တော့ နာမည်ကျော် ကားပစ္စည်းကုမ္ပဏီ Pirelli ဝင်လာပြီး ၁ နှစ်စာ အတွက် ယူရို ၅ သန်းစီနဲ့ ၂ နှစ် စပွန်ဆာ ပေးတယ်၊ ၂၀၁၁ ကနေ ၂၀၁၃ ထိအောင် ၃ နှစ်ကိုတော့ Wanda Plaza က တနှစ် အတွက် တရုတ်ယွမ် ၆၅ သန်းနှုန်းနဲ့ ၃ နှစ် စပွန်ဆာပေးတယ်၊ ၂၀၁၄ ကနေ အခုနှစ် ၂၀၁၇ ရာသီအထိ Ping An အာမခံကုမဏီက တနှစ်ကို ယွမ် သန်း ၁၆၀ ဝန်းကျင်ကို နှစ်စဉ် တနှစ်စာ စပွန်ဆာဆက်တိုက်ပေးနေတာ တွေ့ရပါတယ်။ Ref: http://ift.tt/2yd1YWb The post ဥရောပ ဘောလုံးလိဂ်တွေကို ယှဉ်ပြိုင်ဖို့ ကြိုးစားလာတဲ့ တရုတ်စူပါလိဂ် appeared first on ဧရာဝတီ.
Source : http://ift.tt/2zbz9rq
via IFTTT
No comments:
Post a Comment