တောင်ကြီးမြို့တွင် တိုင်းရင်းသား ၇ မျိုး ပါဝင်မည့် ရိုးရာအက ပြိုင်ပွဲ ကျင်းပမည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ရှမ်း၊ ပအို့ဝ်တို့ အပါအဝင် တိုင်းရင်းသား ၇ မျိုး ပါဝင် မည့် ရိုးရာအကပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း တောင်ကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းမောင်တင် က ပြောသည်။ ပွဲ ကျင်းပရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးစိုင်းခမ်းနွတ် ကလည်း အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၃ ရက် အထိ ပြိုင်ပွဲကျင်းပမည် ဖြစ်ကြောင်း ပြောပြသည်။ “ပြိုင်ပွဲကို ၇ ရက်တိတိ ကျင်းမှာ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ဆုတွေအားလုံး ပေးမှာ ဖြစ်ပါတယ်” ဟုလည်း ဦးစိုင်းခမ်းနွတ် က ပြောသည်။ ပြိုင်ပွဲကို တောင်ကြီးမြို့ မီးပုံးပျံကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ရှမ်း၊ ပအို့ဝ်၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ လီဆူး၊ ကိုးကန့် စသည့် တိုင်းရင်းသားများ၏ ရိုးရာ အကပြိုင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း တောင်ကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း က လည်း ပြောသည်။ တောင်ကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမောင်တင်က “စာပေ ယဉ်ကျေးမှု ၇ မျိုးကနေ ပြိုင်မှာ ရှမ်း၊ ပအို့ဝ်၊ ဓနု၊ အင်းသား၊ တောင်ရိုး စသဖြင့် ပါမှာပေါ့။ တောင်ကြီး မြို့နယ်မှာရှိတဲ့ ဆိုင်ရာ အဖွဲ့တွေပါ။ တောင်ကြီး တန်ဆောင် တိုင် မီးပုံးပျံ ကွင်းမှာပဲ ကျင်းပမယ်”ဟု ပြောသည်။ ၂၀၁၂ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကွင်း ဖွင့်ပွဲတွင် ကပြ ဖျော်ဖြေနေမှု တခုကို တွေ့ရစဉ်ဂျွန်ချစ်ငြိမ်း / တောင်ကြီး / ဧရာဝတီ ဝင်ရောက် ယှဉ်ပြိုင်မည့် အကအဖွဲ့များ အနေဖြင့် ရိုးရာဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ရမည်ဖြစ်ပြီး ရိုးရာတီးဝိုင်း၊ ရိုးရာ အက တို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အကတပုဒ်လျှင် ၁၀ မိနစ်ထက် မပိုရန်လည်း စည်းကမ်း သတ်မှတ် ထားကြောင်း ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအသင်းက ဆိုသည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အဖွဲ့ကို ကျပ် သိန်း ၂၀ ၊ ဒုတိယဆု ကျပ် ၁၀ သိန်း၊ တတိယဆု ကျပ် ၅ သိန်း စသဖြင့် အသီးသီး ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် ပြိုင်ပွဲဝင်မည့် တိုင်းရင်းသား ၇ မျိုးမှ စာပေနှင့် ယဉ်ကျေးမှု အသင်းများကို စုပေါင်း၍ ကော်မတီ တရပ် ဖွဲ့စည်းကာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပြန်/ဆက်ဖြင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း တောင်ကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမောင်တင် က ပြောသည်။ ယခုနှစ်တွင် ကျင်းပမည့် တိုင်းရင်းသား ရိုးရာ အကပြိုင်ပွဲသည် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ထည့်သွင်း ကျင်းပ မှုမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ပွဲဖြစ်မြောက်ရေး အတွက် M-150 အားဖြည့် အချိုရည်မှ ပံ့ပိုးပေးထား ကြောင်းလည်း ၎င်းက ပြောပြသည်။ The post တောင်ကြီးမြို့တွင် တိုင်းရင်းသား ၇ မျိုး ပါဝင်မည့် ရိုးရာအက ပြိုင်ပွဲ ကျင်းပမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2zLNJ9E
via IFTTT
No comments:
Post a Comment