Tuesday, October 24, 2017


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာ ပါဝင်ရေး အခန်းကဏ္ဍကိစ္စ ညှိနှိုင်းမှု အခက်အခဲရှိနေ အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ (DPN) တို့အကြား ဆွေးနွေးလျက်ရှိရာ အပစ်ရပ်ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာ ပါဝင်ရေး အခန်းကဏ္ဍကို ညှိနှိုင်းရာ အခက်အခဲများ ရှိနေသည်ဟု သတင်းရရှိသည်။ PC နှင့် DPN တို့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ကို ချုပ်ဆိုနိုင်ရန် အတွက် DPN ၏ အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းသည့် သတ္တမကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) ၌ အောက်တိုဘာလ ၂၃ ရက်မှစ၍ ပြုလုပ် နေကြခြင်း ဖြစ်သည်။ DPN ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က “နိုင်ငံတကာပါဝင်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံနဲ့ ဖော်ဆောင် ရမယ်ဆိုတာကို ကျနော်တို့က တိတိပပ အဆိုပြုထားတာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဘက်က ဖြေလျော့မှု မလုပ်ထားပေးဘူး။ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ လာဆွေးနွေးတော့ အဲဒီသဘောထား မရှိတော့ ဆွေးနွေးရတာ အခက်အခဲဖြစ်တာပေါ့။ မူဝါဒ ပိုင်းဆိုင်ရာမှာ အဲဒီလို အခက်အခဲတွေရှိတယ်” ဟု ပြောသည်။ DPN၏ အဆိုပြုချက် ၉ ချက် အနက် နံပါတ် ၆ နှင့် ၇ တို့ဖြစ်သည့် အပစ်ရပ်ပြီးနောက် ပြန်လည်မပစ်ခတ်ရန် စောင့်ကြည့်ရေးအဖွဲ့၌ ပြည်တွင်းရှိ သက်ဆိုင်ရာ ကိုယ်စားလှယ်များ အပါ အဝင် အပစ်ရပ်စာချုပ် ချုပ်ဆိုထားသူ နှစ်ဦးနှစ်ဖက် လက်ခံသည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းပေးရန်နှင့် NCA ပါ အချက်များကြောင့် နှစ်ဖက်မပြေလည်ပါက ဖြေရှင်းပေးနိုင်မည့် ဖျန်ဖြေရေးအဖွဲ့များကို နိုင်ငံတကာကိုယ်စားလှယ်၊ ဥပဒေပညာရှင်များ၊ တရားသူကြီးများ ပါဝင်ဖွဲ့စည်းရန်ဟူသည့် အချက်များကို ဆွေးနွေးပွဲ၌ ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။ ဦးထွန်းဇော်က NCA စာချုပ်၊ အပိုဒ် ၁၂ (ဂ) ၌ အပစ်ရပ်ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတကာမှ လေ့လာသူ၊ အကြံပေး၊ နည်းပညာအထောက်အကူပြုဟူသည့် ကဏ္ဍ ၃ ခုမှ ပါဝင်နိုင်ကြောင်း ပြဌာန်းထားသော်လည်း လက်ရှိ အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထိုကဏ္ဍ ၃ ခုအား အကောင်အထည်ဖော်နေခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍကို DPN က တိတိကျကျ တောင်းဆိုနေခြင်း ဖြစ်သည်ဟု ဦးထွန်းဇော်က ဆိုသည်။ ဆက်လက်ပြီး ဦးထွန်းဇော်က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်ကနေ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍနဲ့ဆိုရင် လုံးဝကို ပိတ်ပင်ထားတာဖြစ်တယ်” ဟုလည်း ပြောသည်။ အစည်းအဝေး၌ DPN အဆိုပြုချက် နံပါတ် ၅ ဖြစ်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ မူဘောင်အပါအဝင် နှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (COC)၊ စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန် (TOR)၊ တပ်နေရာ ပြန်လည်ချထားရေးတို့ကို ကြိုတင်သဘောတူညီမှု ရယူရန်ဟူ သည့် အချက်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ DPN ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကလည်း “အဆိုပြုချက် နံပါတ် ၅ က မပြတ်သေးဘူး။ နည်းနည်းကျန်သေးတယ်။ အပြန်အလှန် ညှိနှိုင်းမှုတော့ ရပါတယ်။ လုံးဝမပြတ်တာ မဟုတ်ဘူး။ တပိုင်းတစတော့ ရတာပေါ့ ။ အပြန်အလှန်ညှိနှိုင်းတော့ အခြေခံအဖြစ် သဘောတူကြတာ ရှိတယ်”ဟု ပြောသည် ။ နံပါတ် ၅ ပါ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် မူဝါဒပိုင်းဆိုင်ရာများ၏ အောက်တွင် ခေါင်းစဉ်များ ထပ်မံရှိသေးသဖြင့် သီးသန့်ဆွေးနွေးရန်လည်း အစိုးရ၊ တပ်မတော်တို့ဘက်ကို DPN က အဆိုပြုထားသည်ဟု ဦးထွန်းဇော်က ဆိုသည်။ ဦးထွန်းဇော်က “ကျနော်တို့ အဆိုပြုတာက တပ်ပိုင်းဆိုင်ရာက တာဝန်ရှိသူတွေ Joint Session ပုံစံမျိုးနဲ့ လုပ်မယ်။ ဒီတကြိမ်မှာတော့ Joint Session ပုံစံမျိုးနဲ့ လုပ်ဖို့အတွက် အစိုးရ၊ တပ်မတော်ဘက်က အဆင်သင့် မဖြစ်သေးဘူး။ ကျနော်တို့ဘက်က ဆွေးနွေးမယ့် ခေါင်းစဉ်နဲ့ အစီအစဉ် တွေကို ပေးထားပြီး ဖြစ်တယ်။ ကျနော်တို့ သီးသန့် နောက်တကြိမ် အစည်းအဝေး ပုံသဏ္ဍန်နဲ့ လုပ်သွားဖို့ ရှိပါတယ်”ဟု ဆိုသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရမှ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များ ကျင်းပခြင်းဟူသည့် လုပ်ငန်းစဉ် ၂ ရပ်ရှိပြီး ထိုလုပ်ငန်းစဉ် ၂ ရပ်လုံးကို အစိုးရ၊ တပ်မတော်တို့ဘက်မှ ပထမဆုံး အကြိမ် လုပ်ဆောင်နေရခြင်း ဖြစ်သဖြင့် မူဝါဒအချို့ ရေးဆွဲရာတွင် စိတ်ကူး နှင့်လက်တွေ့ ထပ်တူမကျသည်များလည်း ရှိသည်ဟု ပြောသည်။ “ဆိုလိုတာက ကျနော်တို့ လုပ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေက ကျနော် တို့ ပထမဆုံးအတွေ့အကြုံဆိုတော့ မုဆိုးစိုင်ငင် သဘောမျိုး၊ အချိန်နဲ့အမျှ ကျနော်တို့ ပြန်ပြင်ဆင်ရမှာတွေ ရှိပါတယ်။ DPN နဲ့လည်း ဒီသဘောမျိုးပါပဲ”ဟု ဦးဇော်ဌေးက ဆိုသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား ရေးဆွဲခဲ့သည့် COC နှင့် TOR များကိုလည်း စိတ်ကူးဖြင့် ရေးဆွဲခဲ့ကြပြီး လက်တွေ့လုပ်ငန်း အကောင်အထည်ဖော်ရာ၌ သဟဇာတ မဖြစ်သည်များလည်း ကြုံရသည်ဟု ဦးဇော်ဌေးက ဆိုသည်။ ဆက်လက်ပြီး ၎င်းက “လက်မှတ်မထိုးခင်မှာ အကြိတ်အနယ် သူ့ဘက်က စိုးရိမ်မှု၊ ကိုယ့်ဘက်က စိုးရိမ်မှုကို အကျေ အလည် ဆွေးနွေးကြတယ်။ ဒီဆွေးနွေးပွဲတွေက အမှန်တကယ်ပဲ လိုအပ်ပါတယ်။ အခုချိန်မှာကတည်းက တဖက်နဲ့ တဖက် ကျေကျေလည်လည် ရှိထားမှ လက်တွေ့ဖြစ်လာရင် အဆင်ပြေမှာပါ။ အဲဒီပေါ်မှာလည်း ကျနော်တို့ အချိန်ယူ နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။ PC နှင့် DPN အကြား ဆွေးနွေးရန် ကျန်ရှိသေးသည့် နံပါတ် ၈ သည် အပစ်ရပ်ပြီးနောက် တိုင်းရင်းသားဒေသများ အတွင်း ဒေသခံ ပြည်သူများအပေါ် အကျိုးသက်ရောက်မှု ကြီးမားသည့် စီမံကိန်းများ လုပ်ဆောင်ပါက ဒေသခံ လူထုနှင့် သက်ဆိုင်ရာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့၏ သဘောထားကို ရယူ ညှိနှိုင်းရန်ဖြစ်ပြီး အောက်တိုဘာလ၂၄ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု သိရသည်။ နံပါတ် ၉ အချက်သည် အထက်ပါ ၈ ချက်ကို သဘောတူညီပြီးပါက NCA ကို လက်မှတ်ထိုးပါမည်ဟူသည့် အချက် ဖြစ်သည်။ DPN ၏ အဆိုပြုချက် ၉ ချက်အနက် နံပါတ် ၁ မှ ၄ အထိကို သြဂုတ်လက ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။ သဘောတူထားပြီးဖြစ်သည့် အချက်များမှာ NCA ထိုးပြီးနောက် အစိုးရ၊ တပ်မတော်တို့မှ တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီ ဖြစ်ကြောင်းကို ၂၄ နာရီအတွင်း ကြေငြာကာ DPN အဖွဲ့ဝင်များဘက်မှ ၄၈ နာရီအတွင်း ကြေငြာရန်၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာ၌ လက်နက်ကိုင် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ တို့ကို ၎င်းတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများတွင်သာ ပါဝင်စေရန်၊ ၂၁ရာစု ပင်လုံညီလာခံမှ ဆုံးဖြတ်ချက်များကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် ဥပဒေများ ရေးဆွဲပြဌာန်းရန်တို့ ဖြစ်သည်။ DPN သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ် ပါတီ (NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင်ပြီး နိုင်ငံရေးဆွေးနွေးရန် ဖွဲ့ထားသည့် အဖွဲ့ တဖွဲ့ဖြစ်သည်။ The post ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာ ပါဝင်ရေး အခန်းကဏ္ဍကိစ္စ ညှိနှိုင်းမှု အခက်အခဲရှိနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2itzyBR
via IFTTT

No comments:

Post a Comment