Wednesday, October 4, 2017


ဗိုလ်ချုပ်အောင်ဆန်းငွေစက္ကူပုံများရေးသားသူ မြန်မာမှုဒီဇိုင်းသုတေသီ ဦးအေးမြင့် ကွယ်လွန် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ငွေစက္ကူများ အပါအဝင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် က ငွေစက္ကူအသစ်များကို ဒီဇိုင်းရေးသားခဲ့သည့် အသက် ၈၈ နှစ်အရွယ် မြန်မာမှုဒီဇိုင်းသုတေသီ ဆရာကြီး ဦးအေးမြင့်သည် အောက်တိုဘာ ၃ ရက် ညနေပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။ “တုပ်ကွေးဖြစ်ပြီး ဖျားတာကနေ နှလုံးအမောဖောက်ပြီး ဆုံးသွားတာပါ။ အသက်ကြီးတော့ နှလုံးက ဘယ်လိုမှ ဒဏ်မခံနိုင်တော့ဘဲ တပတ်လောက်အတွင်းမှာ ဖြစ်သွားတာပါ” ဟု ဆရာကြီးဦးအေးမြင့်အား အနီးကပ်ပြုစုခဲ့သော ချွေးမဖြစ်သူ မဇာက ပြောသည်။ မြန်မာမှု ဒီဇိုင်းသုတေသီ ဦးအေးမြင့်၏ နာရေးကို ယနေ့ အောက်တိုဘာ ၄ ရက် နေ့လည် ၂ နာရီ မန္တလေးမြို့ တောင်အင်း မြောက်အင်းသုသာန်တွင် သဂြိုဟ်မည်ဖြစ်ပြီး အရိုးပြာကို အေးရိပ်ငြိမ်သုသာန်တွင် ဂူသွင်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။ “ဖေဖေက သူဒီလိုဖြစ်ရင် အကြာကြီးမထားဖို့၊ မြန်မြန်နာရေးကိစ္စပြီးဖို့ ကြိုမှာထားခဲ့တာ။ အဲဒါကြောင့် ကိစ္စကို စောစောလုပ်လိုက်ရတာပါ။ အဖေထိုင်နေရင်ကို မိသားစု အတွက် အားတမျိုးရှိစေတာမို့ ဆုံးရှုံးမှု ကတော့ ဘယ်လိုမှမဖြေနိုင်ပါဘူး။” ဟု မဇာက ပြောသည်။ သူ မကွယ်လွန်ခင်အထိ သားသမီး ၄ ဦးနှင့် အမရပူရမြို့ တောင်သမန်အင်းစောင်း၊ မဟာဂန္ဓာရုံ ကျောင်းတိုက် မြောက်ဘက်ရှိ နေအိမ်တွင် နေထိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ၆ ရက်နေ့အထိ မန္တလေးမြို့ မန္တလေးတောင်ပန်းချီ ပြခန်းတွင် မြန်မာမှုဒီဇိုင်းသုတေသီ ဆရာကြီးမောင်အေးမြင့်ရဲ့ ၈၆ နှစ်ပြည့် မွေးနေ့မင်္ဂလာ အထိမ်းအမှတ် ပန်းချီဒီဇိုင်းပြပွဲကို ပြုလုပ်ခဲ့သေးသည်။ သူသည် အမရပူရမြို့ရှိ ဆောင်းဒါးရက်ကန်းကျောင်းတွင် အကြံပေး အဖြစ်လည်းကောင်း၊ မန္တလေးမြို့ တဝိုက်ရှိ သမိုင်းဝင် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းများတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်လည်း လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။ မြန်မာမှုဒီဇိုင်းသုတေသီဦးအေးမြင့် ဆုံးပါးသွားသည့်အပေါ် ၎င်း၏ တပည့်ရင်းဖြစ်သူ တမ္ပဝတီ ဦးဝင်းမောင်က “မန္တလေးမှာ ဆရာကြီးက မြန်မာမှုအခြေခံတဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့တဲ့ ပထမဆုံး ပန်းချီ ပညာရှင် လို့ ပြောလို့ရပါတယ်၊ ပညာလိုချင်တဲ့သူတွေကို ဆရာစားမချန် သင်ပေးလေ့ရှိတဲ့ ဆရာကြီး ဆုံးပါးသွားပေမယ့် ဆရာ့ရဲ့ပညာ အမွေတွေ ကတော့ တပည့်တွေဆီမှာ ကျန်ခဲ့မှာပါ”ဟု ပြောသည်။ ဆရာကြီးဦးအေးမြင့်သည် ၁၉၃၀ ခုနှစ် တွင် မွေးဖွားခဲ့ပြီး မန္တလေးမြို့ ၁၉၄၇ ခုနှစ် ဆရာရင်းဖြစ်သူ ပန်းချီဆရာဦးကြွယ်လေးထံ ပန်းချီပညာသင်ကြားခဲ့သူ ဖြစ်သည်။ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်တွင် ဂျာမနီသို့ ခေါ်ယူကာ ငွေစက္ကူ ဒီဇိုင်းများ ရေးသားခဲ့ပြီး ဝါဇီစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်း ပုံပါဝင်သည့် တကျပ်တန်၊ ငါးကျပ်တန်၊ တဆယ်ကျပ်တန်၊ နှစ်ဆယ့်ငါးကျပ်တန်နှင့် လေးဆယ့် ငါးကျပ်တန် ငွေစက္ကူများတွင် မြန်မာမှုဒီဇိုင်းများ ရေးဆွဲခဲ့သူ တဦး ဖြစ်သည်။ ၎င်း အသက်ရှင်သန်စဉ်ကာလာ တလျှောက် ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူ ဒီဇိုင်းများ၊ တိုင်းရင်းသားပုံ တံဆိပ်ခေါင်း များ အပါအဝင် တံဆိပ်ခေါင်း ဒီဇိုင်းများ၊ အောင်ဘာလေ ထီလက်မှတ် ဒီဇိုင်းများ၊ ဘာသာရေးမဂ္ဂဇင်းများ ၏ မျက်နှာဖုံးဒီဇိုင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရေးဆွဲခဲ့ပြီး ယဉ်ကျေးမှု၊ အနုပညာ ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံ Toyota Foundation မှ Burmese Through Design by Maung Aye Myint စာအုပ်ကို ထုတ်ဝေခဲ့ပြီး ဒေါက်တာသန်းထွန်း၏ အမှာနှင့် အတူ ဒုတိယအကြိမ်အဖြစ် မြန်မာမှု ဒီဖိုင်းကောင်းများစာအုပ်ကို ထုတ်ဝေခဲ့ကြောင်း သိရသည်။ သူသည် နိုင်ငံတကာမှထုတ်ဝေသော မြန်မာ့ဆင်းတုတော်များ၊ မြန်မာ့အဝတ်အထည် များ စသည့်မြန်မာ့ယဉ်ကျေးမှုအနုပညာဆိုင်ရာစာအုပ်များကို ဒေါက်တာမာလို၊ နိုဝယ်ဆင်းဂါးလ်၊ ဒေါက်တာဆေးလား စသည့်ပညာရှင်များနှင့် အတူယှဉ်တွဲ၍ အလုပ်များစွာလုပ်ကိုင်ခဲ့သည်ဟုလည်း သိရှိရသည်။ The post ဗိုလ်ချုပ်အောင်ဆန်းငွေစက္ကူပုံများရေးသားသူ မြန်မာမှုဒီဇိုင်းသုတေသီ ဦးအေးမြင့် ကွယ်လွန် appeared first on ဧရာဝတီ.
Source : http://ift.tt/2yXb4ot
via IFTTT

No comments:

Post a Comment