မန္တလေးမြို့ခံများ ဗြောက်အိုးဖောက်ရန် နေရာ စီစဉ်ပေးမည်ဟု အစိုးရအဖွဲ့ပြော ဝါကျွတ်ကာလတွင် မန္တလေးမြို့ခံများ ဗြောက်အိုးဖောက်နိုင်ရန်အတွက်နေရာ စီစဉ်ပေးမည် ဖြစ်သော်လည်း နေရာကို အတည်မပြုရသေးဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ “ဗျောက်အိုးဖောက်ဖို့နေရာကို သတ်မှတ်ပေးဖို့ နေရာကို အတည်ပြုမပေးနိုင်သေးပါဘူး၊ စီစဉ်နေဆဲပါပဲ၊ နေရာအတည် ပြုပြီးတာနဲ့သတင်းထုတ်ပြန်ပေးသွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းအတွင်းရေးမှူးဦးမြင့်တင်က အောက်တိုဘာ ၃ရက် ညနေပိုင်းက အတည်ပြုပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဗြောက်အိုးဖောက်ရန်နေရာများ စီစဉ်ပေးမည်ဟု သတင်းထုတ်ပြန်ပေးထားသော် လည်း မီးရှုး၊ မီးပန်း၊ ဗြောက်အိုးပစ်ဖောက်ခြင်းများကြောင့် အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်သည့်အပြင် မြို့ တော်လုံခြုံရေး ဂရုစိုက်ရန် လိုအပ်သည့်အတွက် ဗြောက်အိုးများ၊ မီးရှူး မီးပန်းများ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်း၊ လက် ဝယ်ထားရှိခြင်းများ မပြုလုပ်ကြရန် မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။ “မီရှုးမီးပန်းနဲ့ ဗြောက်အိုးတွေ ဖောက်ဖို့နေရာပေးမယ်ဆိုတာ တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်စီစဉ်နေတာဖြစ်ပါတယ်၊ ဒီနေ့ အထိတော့ စည်ပင်သာယာကော်မတီပိုင်နေရာထဲက ဘယ်နေရာကိုတော့ စီစဉ်ပေးပါဆိုတဲ့ ညွှန်ကြားချက် ထွက်ရှိမလာ သေးပါဘူး”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။ ဗြောက်အိုးဖောက်ရန် နေရာများကို မန္တလေးမြို့ခံများ တောင်းဆိုသော နေရာများတွင် စီစဉ်ပေးရန်အတွက် ပြည် သူ့အသံနားထောင်နေဆဲဖြစ်သော်လည်း တောင်းဆိုမှုတစ်စုံတရာမရှိသေးကြောင်း၊ ယင်းသို့တောင်းဆိုမှုများမရှိသေး သော်လည်း နေရာတခု သတ်မှတ်၍ သီတင်းကျွတ်ပွဲတော်အမီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ရှေ့စကားနဲ့နောက်စကားမညီဘူးဖြစ်နေတယ်၊ အစောပိုင်းက မီးရှုးမီးပန်းတွေ၊ ဗြောက်အိုးဖောက်သူတွေ ရောင်းချသူတွေ ကို တည်ဆဲဥပဒေနဲ့အညီအရေးယူမယ်လို့ ကြေညာခဲ့တယ်၊ လက်ရှိအချိန်မှာလည်း ဖမ်းဆီးအရေးယူမှုတွေ လုပ်နေပြီ၊ အခုနေရာလုပ်ပေးမယ်ဆိုတော့ တရားဝင်ရောင်းချခွင့်ပေးသလိုဖြစ်နေတယ်၊ သူတို့သတ်မှတ်ပေးမယ့်နေရာမှာ တရားဝင် ရောင်းချခွင့်ပေးမှာလားဆိုတာ မေးစရာဖြစ်လာတယ်၊ အဲဒီလိုဖောက်ဖို့အတွက် ဘယ်ကနေဝယ်ရမှာလဲ၊ ဒါကတချက်ပေါ့၊ မနှစ်ကလည်း ကန်တော်ကြီးဘက်မှာ လုပ်ပေးခဲ့သေးတယ်၊ မအောင်မြင်ခဲ့ဘူး၊ ဒါကို ဒီနှစ်ထပ်လုပ်ပေးမယ်ဆိုတော့ တော်တော်စဉ်းစားစရာဖြစ်လာတယ်” ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ချမ်းမြသာစည်မြို့နယ်လွှတ်တော်ကိုယ်စား လှယ် ဦးတင်အောင်က ပြောသည်။ မန္တလေးမြို့ခံ စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)က “သီတင်းကျွတ်ပွဲတော်ဆိုတာ ဗျောက်အိုးဖောက်တဲ့ပွဲမဟုတ်ပါဘူး၊ ဒါပေမယ့် ခေတ်အခြေအနေအရ ဗျောက်အိုး လုံးဝမဖောက်ရဘူးဆိုတာမျိုးလည်း မဖြစ်သင့်ဘူး၊ သက်ဆိုင်ရာက ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ဆောင်ပေးရင်တော့ အကောင်းဆုံးပါပဲ၊ နေရာတွေ စီစဉ်ပေးမယ်ဆိုတော့ ဗြောက်အိုး ဖောက်ချင်တဲ့လူငယ်တွေ အဆင်ပြေသွားတာပေါ့”ဟု အကြံပြု ပြောကြားသည်။ မြန်မာနိုင်ငံ၌ သီတင်းကျွတ် ပွဲတော်ကာလအတွင်း လူငယ်အများစုသည် ဗြောက်အိုးနှင့် မီးရှူးမီးပန်းများ ပစ်ဖောက် လေ့ရှိရာ မန္တလေးမြို့ပေါ်တွင် ပြည်တွင်းထုတ် ဗြောက်အိုးများ၊ မီရှူးမီးပန်းများ သာမက အသံကျယ်လောင်လွန်းသည့် တရုတ်နိုင်ငံထုတ် ဗြောက်အိုးများကိုလည်း ပစ်ဖောက်လေ့ ရှိကြောင်း သိရသည်။ The post မန္တလေးမြို့ခံများ ဗြောက်အိုးဖောက်ရန် နေရာ စီစဉ်ပေးမည်ဟု အစိုးရအဖွဲ့ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2ynZXYm
via IFTTT
No comments:
Post a Comment