တရားမျှတမှုကို လိုချင်တဲ့ ဒေါ်မဂျီခေါန်နန် အရောင်မွဲနေတဲ့ အကျီနဲ့ ခပ်နွမ်းနွမ်းထဘီကို ဝတ်ဆင်ထားပြီး အဝတ်ဟောင်းစ တစနဲ့ ၃ လသား ကလေးငယ်ကို ရင်ခွင်မှာ လွယ်ထားတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ကချင်အမျိုးသမီးဟာ သူ့ခင်ပွန်းသည်အတွက် တရားမျှတမှုကို စိန်ခေါ်ဖို့ အုတ်တံတိုင်း အခိုင်အမာခတ်၊ သေနတ်ကိုင် အစောင့်အကြပ်တွေရှိတဲ့ ခြံဝန်းထဲကို ဝင်လာပါတယ်။ လုံခြုံရေးအရ စစ်ဆေးတဲ့ စစ်သမီးတွေနဲ့ စစ်သားတွေဆီမှာ သူက အစစ်ဆေးခံပြီး မန်စီမြို့အခြေစိုက်၊ ခြေမြန်တပ်ရင်း- ခမရ ၃၁၉ ဧည့်စာရင်း စာရွက်မှာတော့ ဦးလဗျ နော်ခွန်၏ ဇနီး ဒေါ်မဂျီခေါန်နန် လို့ ရေးလိုက်ပါတယ်။ ဒေါ်မဂျီခေါန်နန်က ၂၀၁၄ ခုနှစ်မှာ သူနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ကောင်းခါးရွာအနီး တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ဖြစ်တာကြောင့် ခင်ပွန်းသည် ဖြစ်သူ ဦးလဗျ နော်ခွန်နဲ့ အတူ ပြေးလာရပြီး မိုင်းခေါင်ကျေးရွာ၊ ဘုရားကျောင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ခိုလှုံ နေသူတဦးပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်က နေ့စား အလုပ်သွားလုပ်တဲ့ ခင်ပွန်းသည်ကို လမ်းမှာ ဖမ်းပြီး သတ် ပစ်လိုက်တဲ့ တပ်မတော်သား ၆ ဦးကို စစ်တရားရုံးမှာ အမှုစစ်နေတာ လာရောက် ကြားနာလို့ ရတယ်လို့ တပ်မတော်ဘက်က ဖိတ်ခေါ်တာကြောင့် ခမရ -၃၁၉ ခြံဝန်းထဲကို သူ ရောက်လာတာပါ။ “ကျမ တရားမျှတမှုကို လိုချင်တယ်။ ကျမခံစားရတာ ဆုံးရှုံးရတာနဲ့ ထပ်တူညီဖို့ဆိုရင် သူတို့ကို ထောင်ဒဏ် တသက် တောင် ချစေချင်တာ” လို့ပြောရင်း ဒေါ်မဂျီခေါန်နန်ရဲ့ မျက်နှာတခုလုံး နီရဲလာပါတယ်။ သူ့မျက်ဝန်းအစုံက မျက်ရည်တွေလည်း ကျလာပြီး တအင့်အင့် အော်နေတဲ့ သူ့ရင်ခွင်မှာ ပိုးထားတဲ့ ကလေးငယ်ကို ချော့မြူလိုက်ရင်း “ သူက သူ့အဖေဆုံးတော့ ကိုယ်ဝန် ၈ လနဲ့ ကျန်ခဲ့တာ။ သူ့အဖေ မရှိတော့ ကျမလည်း အခက်အခဲ တွေကြောင့် ဆေးရုံလည်း မသွားနိုင်ဘူး။ အိမ်မှာပဲ ကလေးကို မွေးခဲ့ရတယ်”လို့ ပြောပြပါတယ်။ သူ့ရင်ခွင်ထဲက ပိုက်ထားတဲ့ ကလေးငယ်ကို ကြည့်ပြီး ဘောက်ဆန်လှိုင်လို့ အမည်ပေးထားတာ ဆိုပြီးလည်း ပြောပြပါ တယ်။ လှိုင်ဆိုတာကတော့ ကချင်မိသားစုတွေမှာ ဖခင်မရှိတော့တဲ့ နောက်ပိုင်း ကိုယ်ဝန်နဲ့ ကျန်ရှိပြီး မွေးလာတဲ့ ကလေးငယ်တွေကို အမည်ပေးရာမှာ ထည့်ပေးတတ်တဲ့ အမည်နာမတခုဖြစ်ပါတယ်။ ဒေါ်မဂျီခေါန်နန်က “အဲဒီနေ့က သူနေ့စားသွားမယ်တဲ့ ။ ကျမသေချာ မှတ်မိနေတာ ကန့်က ပေးထားတဲ့ ငြိမ်းချမ်းရေး အကျီကို သူဝတ်သွားတာ၊ နောက် WFP က ပေးတဲ့ ဆန်အိတ်ကို လွယ်အိတ်လို ချုပ်ထားတာကို သူလွယ်သွားတယ်။ နောက် လေးခွယူသွားတယ်။ ကလေးတွေကို ပြောခဲ့တာ အဖေပိုက်ဆံသွားရှာမယ်၊ ညနေပြန်လာမယ်တဲ့” ဆိုပြီး သူမှတ်မိနေတာတွေကို ပြောပြတယ်။ နီမြန်းနေတဲ့ မျက်နှာပေါ် ကျလာတဲ့ မျက်ရည်တွေကိုသုတ်ရင်း “ကျမ ကလေး ၃ ယောက်လုံးမှာ အဖေ ခေါ်စရာ မရှိတော့ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။ ဒေါ်မဂျီခေါန်နန်ရဲ့ ခင်ပွန်းသည် ဦးလဗျနော်ခွန်က နေအိမ်စစ်ရှောင်စခန်းကနေ ၅ မိုင်ကျော်ဝေးတဲ့ ခါပရာယန် ကျေးရွာမှာ သစ်လုံးတွေ သယ်ပေးတဲ့ နေ့စားအလုပ်လုပ်ဖို့ သူငယ်ချင်း စစ်ဘေးရှောင် ဒုက္ခသည် တွေ ဖြစ်တဲ့ ဦးအင်ခွန်ဂမ်အောင်၊ ဦးမရန်ဘရန်ဆိုင်းတို့နဲ့အတူ ဆိုင်ကယ်နဲ့ ထွက်သွားခဲ့တာပါ။ အဲဒီက အပြန်လမ်းမှာ ခမရ -၃၁၉ ၊ ကင်းပုန်းဝပ် စစ်ကြောင်းနဲ့ တိုးခဲ့ရာက ဖမ်းဆီးခံရပြီး တောတွင်းထဲမှာ အသတ်ခံ ရတဲ့အပြင် အလောင်းကို မိုင်းခေါင်ကျေးရွာနဲ့ ၄ မိုင်ခန့်ဝေးတဲ့ တောတွင်းထဲမှာ ဖျောက်ဖျက်ခံလိုက်ရတာပါ။ ဦးမရန်ဘရန်ဆိုင်းရဲ့ မိခင် ဒေါ်လဖိုင်နန်ဘန်က “ ကောင်ရာမှာ လောပန်းတွေလာရင် သစ်တွေ သယ်ပေးရတယ်။ သားက တခါတလေ ၅၀၀၀ ကျပ် ရတယ်။ တခါတလေ ၈၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်ရတယ်။ သူက ရတဲ့ ပိုက်ဆံ ကို အိမ်ကိုပေးတယ်။ ကျမတို့က စားဖို့သောက်ဖို့ ကလေးတွေဖျားရင် ဆေးကုဖို့ သားရှာတဲ့ ငွေကို သုံးတယ်” လို့ ပြောပါတယ်။ အသတ်ခံရသည့် ဦးမရန်ဘရန်ဆိုင်း မိခင် ဒေါ်လဖိုင်နန်ဘန်နန်းလွင်နှင်းပွင့်/ ဧရာဝတီ ကချင်ပြည်နယ်တွင်းက စစ်ဘေးရှောင်စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံံ့နေတာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ စခန်းတွေကို ထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေကို လျှော့ချခဲ့ ပါတယ်။ ဒေါ်မဂျီခေါန်နန်၊ ဒေါ်လဖိုင်နန်ဘန်တို့ ခိုလှုံနေတဲ့ မိုင်းခေါင်စစ်ဘေးရှောင်စခန်းမှာတော့ တလမှာ လူတဦး အတွက် ဆန် ၅ ပြည်၊ ဆီနဲ့ ဟင်းဖိုးအတွက် ၂၅၀၀ ကျပ်ကိုသာ ရရှိပါတော့တယ်။ ငွေ ၂၅၀၀ ကျပ်က တရက်စာ ဟင်းဖိုးသာ ရှိတာကြောင့် စခန်းမှာ မိသားစုရှိတဲ့ အမျိုးသား၊ လူငယ်လူရွယ်တွေက အိမ်စရိတ် ရအောင် လယ်စိုက်၊ သစ်လုံးသယ်၊ တောင်ယာရှင်းပေးတဲ့ အလုပ်တွေကို တနေ့စားခ ရှာဖွေလုပ်ကြရပါ တယ်။ ဦးအင်ခွန်ဂမ်အောင်ရဲ့ ဇနီး ဒေါ်မရန်ရွယ်ဂျာကလည်း “သူပဲ မိသားစုကို ရှာကျွေးတာ။ အခု သူမရှိတော့ဘူး ဆိုတော့ ကျမပဲ ရှာကျွေးရတော့မယ်။ ဘာမှလည်း မလုပ်တတ်ပဲ တယောက်တည်း ကျန်ခဲ့ပြီ”လို့ ပြောပါတယ်။ ဒေါ်မရန်ရွယ်ဂျာက သူ့ခင်ပွန်းသည်အကြောင်း တွေးမိလိုက်တာနဲ့ စကားဆက် မပြောတော့ဘဲ အဝေးကိုပဲ ငေးကြည့်နေပါတယ်။ ဦးလဗျနော်ခွန်နဲ့ အတူ အသတ်ခံလိုက်ရတဲ့ ဦးမရန်ဘရန်ဆိုင်းနဲ့ ဦးအင်ခွန်ဂမ်အောင်တို့မှာလည်း ၂ နှစ် အရွယ် ကလေးငယ်တွေ ကျန်နေခဲ့တာပါ။ ဦးမရန်ဘရန်ဆိုင်းရဲ့ အမျိုးသမီး ဒေါ်ဝဂျေဆိုင်းမိုင်က “ကျမတို့ယောင်္ကျားတွေကို စစ်ကြောင်းတွေ ဖမ်းသွားပြီး သတ်လိုက်တယ်လို့ မြင်ခဲ့တဲ့လူက ပြောတော့ ရပ်ရွာက လူကြီးတွေနဲ့ အလောင်းကို လိုက်ရှာတာ ။ မေလ ၂၈ ရက်မှာ ပြန်တွေ့တယ်”လို့ ပြောပြပါတယ်။ ဒေါ်လဖိုင်နန်ဘန်က“ပြန်တွေ့တဲ့အချိန်မှာ အလောင်းတွေက ပုတ်လို့ အနံ့တွေတောင် နံနေပါပြီ။ သူများတွေက နံတယ်နံတယ် နဲ့ နှာခေါင်းတွေ ပိတ်ပြီး ရှောင်ကြတယ်။ ကျမက ရှောင်ချင်တဲ့ စိတ်လည်း မရှိဘူး။ အနီးတောင် ကပ်ချင်တယ်။ ကျမ ဖက်ချင်တယ်။ ဖက်ချင်ရင်လည်း အနီးကပ် ကို သူတို့က မသွာခိုင်းဘူး။ ဒါပေမယ့် သူ့အလောင်းကိုတော့ ကျမ ကောင်းကောင်းမွန်မွန် တွေ့လိုက်ရပါတယ်။ မျက်နှာတွေက အကုန်ပြဲကုန်ပြီ မရှိတော့ဘူး” လို့ ပြောရင်း သူ့သားနာမည်ကို တ ကာ ညည်းညူ ပြီး အော်ငိုပါတယ်။ အသတ်ခံခဲ့ရသည့် ဦးမရန်ဘရန်ဆိုင်း၏ မိသားစုဝင်များနန်းလွင်နှင်းပွင့်/ ဧရာဝတီ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပိတ်စနဲ့လည်း မျက်ရည်တွေကို သုတ်ရင်း အိမ်မှာ မိသားစု ၅ ဦးရှိပြီး သားဖြစ်သူ ဦးမရန်ဘရန်ဆိုင်းကပဲ ရှာဖွေကျွေးမွေးနေတာကြောင့် ရှေ့ဆက် ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာလည်း မသိတော့ဘူးလို့ ပြောနေပါတယ်။ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေနဲ့ ရပ်ရွာလူကြီးတွေက အလောင်းတွေကို မန်စီဆေးရုံကို ပို့ပြီး မှုခင်းဆေး ဆရာဝန်ရဲ့ စစ်ချက်တွေနဲ့ မန်စီမြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။ ဆေးမှတ်တမ်းအရ အသတ်ခံရသူ ၃ ဦးရဲ့ ကိုယ်ခန္ဒာမှာ သေနတ်ကျည်ထိဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေနဲ့ ဦးခေါင်းတွေ ကြေမွ၊ မျက်လုံးတွေ ပေါက်ထွက်အောင် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၃၀ ရက်မှာ မိုင်းခေါင်အရပ်သားစစ်ဘေးရှောင်တွေ အသတ်ခံ ရတာနဲ့ ပတ်သက်ပြီး တပ်မတော်သားတွေ ပါ၊ မပါစစ်ဆေးမယ်လို့ သတင်းထုတ်ပြန်ပြီးနောက် ခမရ-၃၁၉ ထဲမှာလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ အရပ်သား စစ်ဘေးရှောင် ၃ ဦးကို သတ်လိုက်တဲ့ အမှုမှာ ပါဝင်ပတ်သတ်နေသူတွေက ခမရ-၃၁၉ က တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး ၃ဦး၊ ဒုတပ်ကြပ်နဲ့ တပ်သားတို့ ဖြစ်ပါတယ်။ ဗိုလ်ကြီး ၃ ဦး၊ ဒုတပ်ကြပ်နဲ့ တပ်သားတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ -၃၀၂ နှင့် ညီမျှသည့် တပ်မတော် အက်ဥပဒေ ၇၁၊ လူသတ်မှုကို ပူးပေါင်းအားပေးကူညီမှု၊ အမိန့်ပေးစေခိုင်းမှု စသည်တို့ဖြင့် တပ်မတော် အက်ဥပဒေ ၆၈ ၊ ၆၉ ၊ ၇၀ တို့ဖြင့်လည်း စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ တပ်ရင်းမှူးကိုတော့ တပ်မတော်အက်ဥပဒေပုဒ်မ ၆၈၊ မမှန်မကန်ပြောဆို လိမ်လည်တင်ပြမှု အတွက် တပ်မတော် အက်ဥပဒေ ပုဒ်မ ၅၆ (က) နဲ့ စွဲချက်တင်ထားတာပါ။ မိုင်းခေါင်စစ်ဘေးရှောင်ဒုက္ခသည်စခန်း တာဝန်ခံ၊ မိုင်းခေါင်ရွာ အုပ်ချုပ်ရေးမှူးနဲ့ မန်စီမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကိုလည်း သက်သေ အနေနဲ့ စစ်တရားရုံးမှာ စစ်ဆေးထားပါတယ်။ ခမရ – ၃၁၉ က စက်တင်ဘာလ ၁၅ ရက်မှာ စစ်တရားရုံးမှာ အမှုစစ်တာကို လာရောက်ကြားနာလို့ ရတယ် ဆိုပြီး အသတ်ခံရတဲ့ မိသားစုဝင်တွေ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ သတင်းထောက် တွေကို ဖိတ်ခေါ်ခဲ့တာကြောင့် ဧရာဝတီက စက်တင်ဘာလ ၁၈ ရက်၊ စစ်ဆေးမှုမှာ သွားရောက်နားထောင်ပြီး မှတ်စုလိုက် မှတ်ခွင့် ရခဲ့ပါ တယ်။ အဲဒီ စစ်ဆေးမှုမှာ စစ်တရားရုံးအဖွ့ဲဝင်တွေ အဖြစ် တပ်မတော်အရာရှိ ဗိုလ်မှူးကြီး ၃ ဦးက တာဝန်ယူပါတယ်။ စစ်တရားရုံးအဖွဲ့ဝင်တွေ ထိုင်တဲ့ အနောက်ဘက် နံရံမှာ ဗိုလ်ချုပ်အောင်ဆန်းကို ခြံရံပြီး ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ရဲ့ ဓါတ်ပုံတွေကို ချိတ်ဆွဲထားပြီး ဒုတိယတဆင့်မှာတော့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံကို တွေ့ရပါတယ်။ စစ်တရားရုံးအတွင်း ထွက်ဆိုချက်များ မပြုလုပ်မီ စစ်ဆေးခံရမယ့် တပ်မတော်သားက မှန်ကန်စွာ ထွက်ဆိုမယ့် အကြောင်း ကျမ်းသစ္စာဆိုရပါတယ်။ သစ္စာဆိုပြီးတဲ့အခါ စစ်တရားရုံးအဖွဲ့ဝင် ၃ဦးနဲ့ မျက်နှာချင်းဆိုင်မှာ ချထားတဲ့ ခုံမှာ ခါးမတ်မတ်အနေအထား နဲ့ ထိုင်ပြီး တရားလိုဘက်အရာရှိ ၊ တရားခံဘက်အရာရှိတွေက မေးခွန်းတွေကို ပြစ်မှု ကျူးလွန်ထားတဲ့ တပ်မတော်သားတွေက ဖြေဆိုပြီး အရာရှိတွေက မှတ်တမ်းရယူနေတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေအရ အရပ်သား ၃ ဦးကို မတွေ့ခင် လမ်းမှာ မူးယစ်ဆေးဝါး အများအပြားနဲ့ ငွေ သိန်း ၄၀ ခန့် ပါတဲ့ ဦးလနန်ကို ကနဦးတွေ့ပြီး ဖမ်းဆီးကာ လမ်းတွင် ထပ်မံတွေ့သည့် စစ်ဘေးရှောင် ၃ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဗိုလ်ကြီးတဦးက ဦးလနန်က မူးယစ်ဆေးဝါးတွေ ပါလာတာကြောင့် တပ်မတော် စစ်ကြောင်းနဲ့ ပတ်သက်တယ်လို့ အများထင်ယောင်ထင်မှား ဖြစ်မှာ စိုးရိမ်တာကြောင့် လွှတ်ပေးလိုက်ကြောင်း၊ ဖမ်းထားတဲ့ အရပ်သား ၃ ဦးကိုလည်း တပ်သားအား စောင့်ကြည့်ခိုင်းထားရာ ကျည်ပေါက်ထွက်ပြီး တဦး သေသွားကြောင်း ထွက်ဆိုချက်မှာ ပြောပါတယ်။ လွတ်လာတဲ့ ဦးလနန်က အသတ်ခံရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြတာကြောင့် မိသားစုဝင်တွေလည်း အလောင်းကို ရှာပြီး ပြန်ဖော်နိုင်ခဲ့တာပါ။ ဒေါ်လဖိုင်နန်ဘန်က “လနန်နဲ့ တွေ့လို့သာ ကျမတို့သားတွေကို စစ်သားတွေက သတ်လိုက်တယ်ဆိုတာ သိရတာ။ သူနဲ့သာမတွေ့ရင် ဘယ်လိုမှ သက်သေရှိမှာ မဟုတ်ဘူး။ နောက်ပြီး သူတို့မြှုပ်ထားတဲ့ နေရာကို လည်း ရှာတွေ့မှာ မဟုတ်ဘူး။ လနန်က ဘုရားသခင်က လွှတ်လိုက်တဲ့ လူလို့ပဲ ကျမက မှတ်ယူတယ်” လို့ ဆိုပါတယ်။ အသတ်ခံရတဲ့ အမှုကို စစ်ဆေးစဉ်မှာတော့ ဦးလနန်ကို သက်သေထွက်ဆိုပေးဖို့ စုံစမ်းခဲ့ကြပေမယ့် သူ ဘယ်မှာနေတယ်ဆိုတာ အတိအကျ မသိကြတာကြောင့် ဆက်သွယ်လို့ မရတော့ဘူးလို့ သိရပါတယ်။ ဖမ်းဆီးထားတဲ့ ၃ ဦးအနက် ၁ ဦးသေသွားတာကြောင့် စခန်းမှာ ရှိတဲ့ တပ်ရင်းမှူးကို ဖုန်းနဲ့ ဆက်သွယ်ပြီး အကျိုးအကြောင်း ပြောပြတဲ့အခါမှာ “no man Land ၊ no man Land Area ကွ ၃ ယောက်လုံးကို သတ်လိုက်။ လုပ်တတ်ရင် အကောင်း တောင်ဖြစ်သေးတယ်လို့ တပ်ရင်းမှူးက ပြောတယ်”ဆိုပြီး ပြောသလို အမိန့်ကြောင့် ၃ ဦးလုံးကို သတ်ပစ်လိုက်တာလို့ ဗိုလ်ကြီးတွေက ထွက်ဆိုကြပါတယ်။ သတ်လိုက်တဲ့ အလောင်း ၃ လောင်း ကိုလည်း လူတွေမမြင်အောင် စနစ်တကျ မြှုပ်ခဲ့ဖို့ ညွှန်ကြားခဲ့ပြီး အထက်ကို ကြေးနန်းတင်ပြရာမှာလည်း အရပ်သားတွေက သေနတ်လုတာကြောင့် ပစ်မိသွားတယ်လို့ တပ်ရင်းမှူးက တင်ပြခဲ့တာကိုလည်း ဗိုလ်ကြီးတွေက ထွက်ဆိုကြပါတယ်။ အမှုကို ကြားနာနေကြတဲ့ အသတ်ခံရသူ မိသားစုဝင်တွေကတော့ ငြိမ်သက်ပြီး နေ့လည်ရောက်လို့ နေအပူချိန် မြင့်လာတာကိုတောင် သတိမပြုမိသလို တရားခွင်ကိုပဲ အာရုံစိုက် နေကြပါတယ်။ အပူဒဏ်ကြောင့် ဒေါ်မဂျီခေါန်နန်ရဲ့ ရင်ခွင်ပိုက် ကလေးငယ်က ငိုလာတဲ့အခါ တပ်မတော် အရာရှိအချို့က သူတို့ အိမ်မှာ နားနေဖို့ ပြောပေမယ့် ဒေါ်မဂျီခေါန်နန်ကတော့ သွားမနားပဲ တရားခွင်နဲ့ မနီးမဝေးက သစ်ပင်ရိပ်တွေ အောက်မှာပဲ ကလေးငယ်ကို ချော့မြူနေပါတယ်။ စစ်ခုံရုံးအဖွဲ့ဝင်တွေက ထမင်းစားချိန်နဲ့ ခဏနားချိန် တွေသာ နားပြီး အမှုကို မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ မရပ်မနား စစ်ဆေးပါတယ်။ ထမင်းစားချိန်မှာ ဒေါ်မဂျီခေါန်နန်ရဲ့ ရင်ခွင်ပိုက်ကလေးငယ်ကို တပ်မတော်သား အချို့က ချီပြီး ချော့မြူ ထိန်းပေးနေတာကိုလည်း တွေ့ရပါတယ်။ ဧရာဝတီက တပ်မတော်သားတွေနဲ့ စကားလိုက်လံပြောကြည့်တဲ့အခါမှာ ခမရ ၃၁၉ က တပ်မတော်အရာရှိ တဦးကတော့ “ သူတို့ကို အမှုစ စစ်ကတည်းက လစာတွေ အပြည့်မပေးတော့ဘူး။ တရားရုံးက အမိန့်ချပြီး ရင်တော့ သူတို့က တလျှောက်လုံး လုပ်ခဲ့တာတွေ အားလုံးသွားပြီ။ ချမှတ်ခံရတဲ့ ထောင်ဒဏ် ကို ကျခံရတော့မှာ”လို့ ပြောပါတယ်။ ကချင်ပဋိပက္ခ ၆ နှစ်တာအတွင်းမှာ အရပ်သားတွေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးမှာ ပွင့်လင်း မြင်သာမှု ရှိရှိ အမှုစစ်ဆေးပြီး အသတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ် (KBC) က တာဝန်ရှိသူတွေ ကချင်အရပ်ဘက် အဖွဲ့အစည်း တွေ သတင်းထောက်တွေကို လာရောက် ကြားနာခွင့်ပြုတာက ပထမဆုံး ဖြစ်ပါတယ်။ သို့ပေမယ့် အမှုစစ်ဆေးတာက တကယ်ရော ထိုက်တန်တဲ့ အပြစ်ကျခံရပါ့မလားဆိုတာကိုတော့ မိသားစုဝင်တွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းက တာဝန်ရှိသူတွေက သံသယရှိနေပါတယ်။ KBC က ဦးလဂျာကတော့ “အခုထိကတော့ အမှုစစ်တာကို အားရကျေနပ်မှု ရှိတယ်။ ဒါပမယ့် နောက်ဆုံး အမိန့်ချတဲ့ အခါဘယ်လို ဖြစ်လာမယ်ဆိုတာကိုတော့ ကျနော်တို့က ဆက်စောင့်ကြည့်ရမှာပါ”လို့ ပြောပါ တယ်။ လက်ရှိမှာတော့ အမှုကို စစ်ဆေးထားချက်တွေကို ခမရ-၃၁၉ က အရာရှိတွေက အထက်ကို တင်ပြထားပြီး စီရင်ချက်အမိန့်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ တပ်မတော်အရာရှိတဦးက “၁နှစ်အောက်ဆိုရင်တော့ တပ်အချုပ်မှာ ထားတယ်။ ၁ နှစ်ထက်ကျော်ရင်တော့ သူတို့ကို ဗန်းမော်ထောင်ကို ပို့မှာ။ ပြန်ထွက်လာရင်လည်း သူတို့က အရပ်သားဖြစ်သွားပြီ” လို့ ဆိုပါတယ်။ ၎င်းအရာရှိရဲ့ ပြောဆိုချက်အရ ၁ နှစ်အထက် ထောင်ဒဏ်ကျခံရတဲ့ တပ်မတော်သားတွေကို အရပ်သား ထောင်တွေ ဆီ ပို့ပစ်ပြီး အရာရှိဖြစ်စေ၊ ရဲဘော်ဖြစ်စေ၊ ဆုတံဆိပ်တွေ ရရှိထားသူဖြစ်စေ ထောင်ဒဏ်ကျ ခံရတာနဲ့ တပါတည်း သူ့ရဲ့ အဆင့်ရာထူးတွေလည်း အပြီးတိုင် ရုတ်သိမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ၎င်းအရာရှိက တပ်မတော်တွင်း အရာရှိတဦးဖြစ်ဖို့အတွက် အနှစ်နှစ်အလလက တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ရတာတွေ၊ စစ်သည်တော်တဦး စောင့်ထိန်းရတဲ့ သံမဏိလို ကျင့်ဝတ် စည်းကမ်း အထပ်ထပ်ကို တသွေမတိမ်း လိုက်နာခဲ့ရတာတွေ၊ ပဋိပက္ခနယ်မြေတွေမှာ အသက်အန္တရာယ်နီးနီးကပ်ကပ် ကြုံခဲ့ရ တာဝန်ထမ်းဆောင်ခဲ့ရတာတွေက အရပ်သားစစ်ဘေးရှောင်တွေကို သတ်တဲ့ အမှုကြောင့် အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်လို့ ရှင်းပြပါတယ်။ အဲဒီအပြင် မိသားစုဝင်တွေရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာလည်း ထိခိုက်ရသလို ပြစ်ဒဏ်ကျခံရမယ်ဆိုရင် မိသားစုဝင်တွေ ကလေးတွေနဲ့ ရှင်ကွဲ ကွဲရမှာလို့ ၎င်းအရာရှိက ဆိုပါတယ်။ အသတ်ခံလိုက်ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသား ၃ ဦးရဲ့ မိသားစုဝင် အမျိုးသမီးတွေကတော့ ကလေး ငယ်တွေနဲ့ ကျန်နေခဲ့လို့ အားကိုးရာ မဲ့သလို ခံစားနေရတယ်လို့ ပြောပြကြပါတယ်။ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ ထောက်ပံ့ပေးထားတဲ့ ငွေတွေ ကုန်သွားတဲ့ နောက်ပိုင်း၊ ကလေးငယ် တွေ ကြီးပြင်းလာလို့ ကျောင်းပညာရေး ထောက်ပံ့ရမယ့် ကာလတွေအတွက် ဘယ်လို အလုပ်လုပ်ပြီး ရှာဖွေ ကျွေးမွေး ပံ့ပိုးရမယ်ဆိုတာကို စဉ်းစားမရအောင် ဖြစ်နေတယ်လို့ အသတ်ခံရသူ ၃ ဦးရဲ့ အမျိုးသမီးတွေက ဆိုပါတယ်။ ဒေါ်မဂျီခေါန်နန်ကတော့ “သူတို့ ပြစ်ဒဏ်ကျခံရမယ်ဆိုလည်း ဒါသူတို့ ကျမတို့ ယောင်္ကျားတွေကို သတ်လို့ ပြန်ခံ ရတာလေ။ ကျမနဲ့ ကလေးတွေအတွက်ကတော့ တဘဝလုံးစာ ဆုံးရှုံးသွားတာ ဘာမှပြန်မရတော့ဘူး” လို့ ပြောပါတယ်။ The post တရားမျှတမှုကို လိုချင်တဲ့ ဒေါ်မဂျီခေါန်နန် appeared first on ဧရာဝတီ.
Source : http://ift.tt/2xetS5d
via IFTTT
No comments:
Post a Comment