Monday, October 9, 2017


KIA စစ်သားစုဆောင်းခံရသူ အချို့ ပြန်လွတ်လာသော်လည်း အများစု သတင်းပျောက်နေဆဲ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားသစ် စုဆောင်းသည် ဟုဆိုကာ ဖမ်းဆီးသွားသည့် အရပ်သားဦးရေ ၃၀ ခန့်မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘဲ သတင်းပျောက်ဆုံးနေဆဲ ဖြစ်သည်။ KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ က အောက်တိုဘာလ ၄ ရက်တွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွာများမှ ဒေသခံများ၊ ငှက်ပျောခြံ အလုပ်သမားများ စုစုပေါင်း ၄၀ ကျော်ကို တပ်သားသစ် စုဆောင်းရေးအတွက် ဖမ်း ခေါ်သွားခဲ့ခြင်းဖြစ်ပြီး ထိုထဲမှ ၉ ဦးက ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးဘဲ သတင်းလည်း ပျောက်ဆုံးနေသည့် လူ ၃၀ ခန့်သည် ဝိုင်းမော်မြို့နယ်၊ ဒေသခံနှင့် တရုတ်ကုမ္ပဏီများ၏ ငှက်ပျောခြံတို့တွင် လာရောက်လုပ်ကိုင်သည့် အနယ်နယ်အရပ်ရပ်မှ အလုပ်သမား များ ဖြစ်သည်ဟု သိရသည်။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) က အရပ်သားများ တပ်သားသစ် စုဆောင်းခံရသည်ဟူ၍ ဝါရှောင်ဆရာတော်မှ အကြောင်းကြားသဖြင့် KIA ဗဟိုဌာနချုပ်သို့ အကြောင်းကြားပြီး လွှတ်ပေးရန် ကြားဝင်ကူညီပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ PCG မှ ဦးလမိုင်ဂွမ်ဂျာက “ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ဘုန်းကြီးက ဖုန်းဆက် လာတယ်။ လူ ၄၀ လောက် ဖမ်းသွားတဲ့ထဲ ရှမ်းလူငယ် ၆ ဦးပါလို့ လွှတ်ပေးဖို့ ကူပေးပါဆိုလို့ ကျနော်တို့ ညှိတော့ ပြန်လွတ်လာတယ်။ ကျန်တဲ့ လူတွေကတော့ စစ်သားစုဆောင်းတယ်ဆိုတော့ စုဆောင်းခံရတာ နေမယ်” ဟု ပြောသည်။ လွတ်မြောက်လာသူများမှာ စိုင်လော်၊ ကောင်းခမ်း၊ နောင်ဆာ ကျေးရွာတို့မှ ရှမ်းတိုင်းရင်းသား ၆ ဦး၊ ငှက်ပျောခြံ ပိုင်ရှင် တရုတ်ကုမ္ပဏီမှ တရုတ်နိုင်ငံသား၂ ဦးတို့ ဖြစ်ပြီး ၎င်းတို့နှင့် သက်ဆိုင်သူများနှင့် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့ (PCG) တို့က လွှတ်ပေးရန် ညှိနှိုင်းသဖြင့် အောက်တိုဘာလ ၇ ရက်တွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဝါရှောင်ဆရာတော်က မိန့်သည်။ ဝါရှောင်ဆရာတော်က “ရှမ်းရိုးရာအရ တံခွန်တိုင်လွင့်ပြီး ပြန်လာတဲ့ ၆ ဦးကို လမ်းမှာ ဖမ်းသွားတာ။ သူတို့က ရှမ်း ကလေး တွေဖြစ်တော့ ဘာသာရေး၊ လူမျိုးရေး ခေါင်းစဉ်တွေ ပြောင်းသွားမှာ စိုးလို့ ဒီဘက်မှာက ကချင်နဲ့ ရှမ်း ခေါင်းစဉ်တွေနဲ့ ပြဿနာ ဖြစ်မှာစိုးလို့ ဘုန်းဘုန်းက PCG ကို အကူအညီတောင်းလိုက်တယ်။ အဲ့လိုနဲ့ ပြန်တောင်းလိုက်တော့ လွတ်လာတာပါ”ဟု မိန့်သည်။ KIA မှ တပ်သားသစ်စုဆောင်းခြင်း လုပ်ဆောင်သည်မှာ ဝိုင်းမော်မြို့နယ်အတွင်း လုပ်ရိုးလုပ်စဉ် လုပ်ငန်းတခု ဖြစ်နေ သဖြင့် ကျန်ရှိလူများမှာ လွတ်မည် မဟုတ်ကြောင်း၊ လွတ်လာသည့် သတင်းများလည်း မကြားမိသေးကြောင်း၊ KIA ၏ တပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အတိအကျ မသိသဖြင့် တစုံတရာ မှတ်ချက် မပေးလိုကြောင်း ဝါရှောင်ဆရာတော် က မိန့်သည်။ KIA မှ စစ်သားစုဆောင်းရာတွင် ဖမ်းဆီးသွားသူများကို တခါတည်း ဖမ်းခေါ်ထားခြင်း မဟုတ်ပဲ ဖမ်းလာသူများကို ဆေးစစ်ခြင်း၊ ကျန်းမာရေး ကောင်း/မကောင်း စစ်ဆေးခြင်း၊ အသက်ပြည့် မပြည့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး မပြည့်စုံ ပါက ပြန်လွှတ်ပေးကြောင်း၊ စစ်ဆေးချက်များ ပြည့်စုံပါကလည်း မိသားစုတွင် တဦးတည်းသော သားဖြစ်ပြီး မိသားစု စားဝတ်နေရေး အခက်ကြုံမည်ဆိုပါက ပြန်လွှတ်ပေးသည်ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။ ဧရာဝတီမှ တပ်သားသစ်စုဆောင်းခံရသည်ဟူသည့် ရွာအချို့မှ ဒေသံများ၊ ငှက်ပျောခြံတွင် အလုပ်သမားအဖြစ် လုပ်ကိုင်ကြသူအချို့ကို ဆက်သွယ်ရာ ၎င်းတို့၏ မိတ်ဆွေများ တပ်သားသစ်စုဆောင်းသည့်ထဲ ပါသွားကြောင်း၊ ပြန်လည် လွတ်လာခြင်းမရှိသေးပဲ သတင်းများလည်း ပျောက်ဆုံးနေကြောင်း ပြောဆိုကြသည်။ ဝိုင်းမော်မြို့နယ်အတွင်း ငှက်ပျောခြံပိုင်ရှင်တဦးဖြစ်သည့် တရုတ်နိုင်ငံသားတဦးက “ကုမ္ပဏီတခုက လူ ၂ ယောက် (တရုတ်နိုင်ငံသား) လည်း ပါသွားတာလေ။ ပြန်လိုက်တောင်းတော့ လွတ်လာတာ။ ကျနော့်အကွက်က အလုပ်သမား ၄ ယောက် လည်း ပါသွားတယ်။ ပြန်မလွတ်လာတော့ဘူး။ သူတို့ကတော့ ကချင်တွေပါ။ တရုတ်တွေ မဟုတ်ဘူး” ဟု ပြောသည်။ ရွာသူရွာသားများ၊ ငှက်ပျောခြံတွင် လာရောက်လုပ်ကိုင်သည့် အလုပ်သမားများကို တပ်သားသစ် အဖြစ် လာရောက် စုဆောင်းဖမ်းဆီးသည့်အချိန်မှာ အောက်တိုဘာလ ၄ ရက်၊ ည ၉ နာရီဝန်းကျင် ဖြစ်သည်ဟု သိရသည်။ ဝိုင်းမော်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးနော်လီကို ဧရာဝတီက ဆက်သွယ်ရာ ၎င်းက ခရီး ထွက်နေသဖြင့် ဒေသခံများ တပ်သားသစ်စုဆောင်းခံရသည့် အကြောင်းကို သေချာမသိရှိပါဟု ပြောသည်။ ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံးက“ဒါက ဝိုင်းမော်မြို့နဲ့ မိုင် ၂၀ ကျော် ၃၀ လောက် ဝေးတဲ့ ရွာတွေမှာ ဖြစ်တာ ဟုတ်ပါတယ်။ လက်ရှိအစိုးရလည်း အာဏာသက်ရောက်မှု မရှိတဲ့ နေရာတွေဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ စုံစုံလင်လင် မသိရပါဘူး။ ဝိုင်းမော်ဆိုပေမယ့် ဆဒုံး မြို့နယ်ခွဲဘက်က အုပ်ချုပ်ရေးက ကိုင်သလိုရှိလို့ သေချာမသိပါဘူး” ဟု ပြောသည်။ KIA၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ၏ မေးမြန်းစုံစမ်းချက်ကို ငြင်းဆိုသည်။ “ အဲ့ကိစ္စနဲ့ ပတ်သတ်လို့တော့ ကျနော်တို့ဆီကို သတင်းမရပါဘူး။ တခါတည်းနဲ့ အယောက် ၄၀ ကျော် ၆၀ ကျော် ဖမ်းဆီးဖို့က မဖြစ်နိုင်ဘူးလို့ပဲ ကျနော်ပြောချင်ပါတယ်။ ကျနော်လည်း မေးမြန်းနေတာ ဘယ်သူမှ စုဆောင်းတာ မရှိဘူးလို့ပဲ အောက်ခြေတပ်ရင်းက ပြောနေတယ်” ဟု ဒုဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ ၂၀၁၆ ခုနှစ်အတွင်းကလည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွာများမှ ဒေသခံ ရှမ်းတိုင်းရင်းသား ၆ ဦးကို KIA က တပ်သားသစ် အဖြစ် စုဆောင်းခံရပြီး ဝါရှောင်ဆရာတော်က ညှိနှိုင်းသဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ဖူးသည်။ KIA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်ပြီး စစ်ရေးတင်းမာလျက် ရှိသည်။ The post KIA စစ်သားစုဆောင်းခံရသူ အချို့ ပြန်လွတ်လာသော်လည်း အများစု သတင်းပျောက်နေဆဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2yahcvB
via IFTTT

No comments:

Post a Comment