Wednesday, October 11, 2017


NCA နှစ်ပတ်လည်နေ့ သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ရန် မသေချာ သမ္မတဟောင်း ဦးသိန်းစိန်အား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုး ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း ၎င်းက တက်မတက် ဆုံးဖြတ်ချက် မပေးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဆလိုင်း ပူးရမ်ကုလ်ကျုံး က ပြောသည်။ မနေ့ အောက်တိုဘာ ၁၀ ရက်က နေပြည်တော်ရှိ သမ္မတဟောင်း ဦးသိန်းစိန်၏ နေအိမ်သို့ တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့မှ သွားရောက်ကာ တွေ့ဆုံခဲ့ပြီး NCA လက်မှတ်ထိုးခြင်း ၂ နှစ် ပြည့် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ CNF ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက “ဂါရဝပြုရင်း မိတ်ဟောင်းဆွေဟောင်း တွေ စကားပြောရင်းပေါ့။ ထူးထူးခြားခြားတော့ သူ(သမ္မတဟောင်း) ပြောတာ မရှိဘူး။ ဒါပေမယ့် သူတို့ အစိုးရလည်း အကောင်းဆုံး လုပ်နေတယ်ပေါ့နော်။ သူတို့ ခေတ်တုန်း ကလည်း သူတို့လုပ်နိုင် သလောက် လုပ်ပြီးပြီ။ အခု အစိုးရလက်ထက်မှာလည်း သူတို့အကောင်းဆုံး လုပ်နိုင်မှာပါဆိုတဲ့ ယေဘုယျ ဆန်ဆန်ပေါ့။ ယတိပြတ်တော့ သူ တက်နိုင်မတက်နိုင်ဘူးဆိုတာ ဘာမှ မပြောပါဘူး”ဟု ပြောသည်။ အဆိုပါ တွေ့ဆုံမှု၌ ငြိမ်းချမ်းရေးကိစ္စရပ်များ အပေါ် ထူးထူးထွေထွေ ဆွေးနွေးခဲ့ခြင်းမရှိပဲ NCA နှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ပေးရန် ဖိတ်ကြားခဲ့ခြင်းနှင့် ဂါရဝပြု တွေ့ဆုံခြင်းတို့သာ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။ NCA လက်မှတ်ထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၁ (MICC-1)မှာ ကျင်းပသွားမည်ဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံရာတွင် ချင်းအမျိုးသားတပ်ဦး(CNF)မှ ပူးရမ် ကုလ်ကျုံး၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ဦး ခွန်ဥက္ကာ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) မှ စိုင်းလျှန်းတို့ ပါဝင်ကြသည်။ ၎င်းတို့ သုံးဦးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ NCA ၂ နှစ်ပြည့် နှစ်ပတ် လည် အခမ်း အနား ကျင်းပမည့် ကိစ္စနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများကို သွားရောက် တွေ့ဆုံရန် စေလွှတ်ခံခဲ့ရသော ကိုယ်စားလှယ်များဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုယ်စားလှယ် သုံးဦးနှင့် အစိုးရတာဝန်ရှိသူတို့ ဆွေးနွေးခဲ့ရာမှာ NCA နှစ်ပတ်လည် အခမ်းအနားတွင် သမ္မတဟောင်း ဦးသိန်းစိန် ၊ ဒုသမ္မတဟောင်း နှစ်ဦး အပါအဝင် အစိုးရဟောင်းမှ ပြည်ထောင်စု ဝန်ကြီးများနှင့် အစိုးရဟောင်း လက်ထက် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)အဖွဲ့ဝင် များ၊ NCA လက်မှတ်မထိုးရ သေးသော မြောက်ပိုင်းအဖွဲ့များ နှင့် UNFC အဖွဲ့ဝင်များကို ဖိတ်ကြား ရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရသည်။ မြောက်ပိုင်းအဖွဲ့ဝင် TNLA မှ တွဲဖက်အတွင်းရေးမှူး-၂ တာပန်လက “ ကျနော်တို့ကို အခုထိတော့ ဖိတ်ကြားမှု မရှိသေးဘူး။ ဖိတ်စာမရောက်လာသေးဘူး။ ဒါကြောင့် တက်မယ် မတက်ဘူးဆိုတာကို ဖြေဖို့ ခက်အုံးမယ် ထင်တယ်။ ပြီးတော့ ကျနော်တို့ ဗဟိုကော်မတီအစည်းအဝေးက ဘယ်လို ဆုံးဖြတ်မလဲဆိုတာ မသိသေးတော့ ဒါကို မပြောနိုင်သေးဘူး”ဟု ပြောသည်။ အလားတူ UNFC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်ကလည်း မိမိတို့ထံ ဖိတ်ကြားလာခြင်းမရှိသေး ကြောင်း၊ ဖိတ် ကြားလာပါက UNFC အဖွဲ့ဝင်များအတွင်း ဆွေးနွေး ညှိနှိုင်းကာ တက် မတက်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောသည်။ NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုး သား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) တို့ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုလက်မှတ်ထိုးခြင်း ၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၆ ခုနှစ်၊အောက်တိုဘာ ၁၅ ရက် ပထမဆုံး အကြိမ် ကျင်းပခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ကျင်းပသွားမည်ဖြစ်သည်။ သို့သော် NCA တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ လက်မှတ်ရေးထိုးလာနိုင်ခြင်း မရှိသေး ကြောင်း ဝေဖန်မှု များလည်း ရှိနေကြောင်း သိရသည်။ The post NCA နှစ်ပတ်လည်နေ့ သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ရန် မသေချာ appeared first on ဧရာဝတီ.
Source : http://ift.tt/2wNGagG
via IFTTT

No comments:

Post a Comment