Wednesday, October 11, 2017


မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံရန် အကြောင်းပြပြီး ထိုင်းမှာ ငွေလိမ် မြန်မာနိုင်ငံ မွန်ပြည်နယ်ရှိ ဘတ် ၅၀၀ ဘီလီယံ တန်ဖိုးရှိ အကြီးစား စီမံကိန်းကြီးတွင် ဘတ် ၃၀၀ မီလီယံ ရင်းနှီးမြှုပ်နှံရန် လိမ်လည်ခြင်းခံရသောကြောင့် စုံစမ်း စစ်ဆေးပေးပါရန် ထိုင်းစီးပွားရေးသမားများက ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ဌာန(DSI) ထံ ဝိုင်းဝန်းတိုင်ကြားထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မှ လာသော သတင်းများက ဆိုသည်။ ရောင်းချရငွေ၏ အကျိုးခံစားခွင့်ကို ထိုင်းရင်းနှီးမြှပ်နှံသူများထံ အချိုးကျ ခံစားရမည်ဟု ဆွယ်ခဲ့ကြောင်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများက ပြောသည်ဟု ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယ အကြီးအကဲဖြစ်သူ ရဲမှူး ဆူရီယာဆင်းဟကမွန် (Suriya Singhakamon) က ယမန်နေ့က ပြောကြားကြောင်း The Nation သတင်းစာ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်း ငွေလိမ်မှုမှာ ပြီးခဲ့သည့် ၂ နှစ်ကတည်းက စတင်ခဲ့ပြီး ယင်းတို့အထဲတွင် လေဆိပ်တခုနှင့် အစိုးရ အဆောက်အဦ တခု အပါအဝင် အသေးစား စီမံကိန်းပေါင်း ၇၈ ခု ရှိကြောင်း၊ ထိုင်းကုမ္ပဏီ ၁၀၀ ကျော်ကို ပါဝင်ရင်းနှီးမြှုပ်နှံရန် ဆွယ်ခဲ့ကြောင်း ဆောက်လုပ်ရေး ကန်ထရိုက်တာ တဦးဖြစ်သူ Chanon ၏ တိုင်ကြားချက်ကို ကိုးကားလျက် ရဲမှူးဆူရီယာက ပြောကြားသည်။ တိုင်ကြားသူ Chanon ဆိုသူက စီမံကိန်းလုပ်ငန်း ၇၈ ခုအတွက် ဒီဇိုင်းများ ရေးဆွဲပေးခဲ့ရာ ဘတ် မီလီယံ ၂၀ ရရန် ရှိသော်လည်း မရရှိသေးကြောင်း ဆိုသည်။ ၎င်းနှင့် အခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စီမံကိန်းတွင် ဘတ် တသိန်းမှ နှစ်သိန်းအထိ ရင်းသူ တဦး အတွက် ဘတ်မီလီယံ ၂၀၀ မှ မီလီယံ ၃၀၀ အထိ ပြန်ရမည်ဟု အဆွယ်ခံခဲ့ရကြောင်း Chanon က ဆိုသည်။ မသမာသူအဖြစ် နာမည်တပ်ခံရခြင်းမှ ရှောင်လွှဲနိုင်ရန် မိမိကဲ့သို့ တိုင်ကြားကြပါရန် Chanon က အခြား ရင်းနှီးမြှပ်နှံထားသူများအား လိုက်လံ နှိုးဆော်ထားသည်။ ထိုင်း ရင်းနှီးမြှပ်နှံသူများထံ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စေတနာ့ဝန်ထမ်း ဖောင်ဒေးရှင်း အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ရန် ဖိတ်ကြားကြောင်း၊ ယင်း အဖွဲ့သည် ထိုင်းရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ထားသည်ဟု လိမ်လည်ထားကြောင်း၊ လှူဒါန်းမှု အလိုက် ထိုင်းရဲရာထူး ပြန်လည် ပေးအပ်ကြောင်း DIS ၏ စုံစမ်းစစ်ဆေးချက်တွင် တွေ့ရှိရသည်ဟု ရဲမှူး ဆူရီယာက ပြောသည်။ ဘတ် ၅ သောင်း လှူဒါန်းမှု တခုသည် ရဲဗိုလ်ချုပ်ရာထူး အတွက် ဖြစ်ပြီး ဘတ် ၈ သောင်းလှူဒါန်းလျှင် ရဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး အတွက် ဖြစ်သည် ဟု ဆိုသည်။ လှူဒါန်းသူများ အတွက် ရဲယူနီဖောင်း နှစ်စုံ ရမည် ဖြစ်ပြီး ထိုယူနီဖောင်းကို လှူဒါန်းမှုပြုသည့် အခါ ဝတ်ဆင်ရန် ဖြစ်ကြောင်း ရဲမှူး ဆူရီယာက ဖြည့်စွက် ပြောကြားသည်။ ဖောင်ဒေးရှင်းအမှုဆောင် တဦးမှာ ရဲအမှုထမ်းဟောင်း ဖြစ်ပြီး စုံစမ်းရေးအရာရှိများထံ ၎င်းက ဖြောင့်ချက်ပေးခဲ့ရာ ယင်းကုမ္ပဏီ လုပ်ငန်းစု ထံမှ လိမ်လည် ရယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှူး ဆူရီယာက ဆက်လက်ပြောကြားသည်။ ၎င်းရဲအမှုထမ်းဟောင်း၏ အမည်ကို ထုတ်ဖော်ပြောဆိုရန် ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုသည်။ ထိုင်းရဲတပ်ဖွဲ့က ၎င်း ဖောင်ဒေးရှင်းမှာ မှတ်ပုံတင် မရှိသဖြင့် လိမ်လည်မှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ပြောသည်။ စုံစမ်းဖော်ထုတ်ချက် အရ ယင်းကုမ္ပဏီ လုပ်ငန်းစု အကြောင်း သတင်း ဖော်ပြရန် သတင်းထောက်အုပ်စု တစုထံ ငှားရမ်းခဲ့ပြီး အမည်အားဖြင့် ကျော်မြင့်ဦး (သို့မဟုတ်) Thepyothin Mahathun ဆိုသူက ဦးစီးပြီး ထိုင်း အဆင့်မြင့် အရာရှိများ တက်ရောက်ရန် ဖိတ်ကြားထားသော လှူဒါန်းသည့် ဖြစ်စဉ်ကိုလည်း ဖန်တီးခဲ့ကြောင်း ဆူရီယာက ဆက်လက် ရှင်းပြသည်။ ကျော်မြင့်ဦးမှာ မြန်မာနိုင်ငံသားဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ ထိုင်း စုံစမ်းရေး အရာရှိများသည် ယင်းကုမ္ပဏီ လုပ်ငန်းစုမှ အမျိုးသမီးအမှုဆောင် Supattha Chantharangsi ထံမှလည်း ယခုဖြစ်စဉ်နှင့် ဆက်စပ်နေသည့် အကြီးစား စီမံကိန်းတခုလုံးမှာ အတုအယောင်သာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းအမှုကို တရားရုံးက မသင်္ကာသူ ၃ ဦးကို ဖမ်းဝရမ်း ထုတ်ထားရာ ၂ ဦးကို ထိုင်းရဲက ဖမ်းဆီးရမိပြီး ကျော်မြင့်ဦးမှာ မြန်မာနိုင်ငံဘက်ခြမ်းတွင် လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ရဲမှူး ဆူရီယာက ပြောကြားသည်။ အဆိုပါ ဖမ်းဝရမ်းကို ဗုဒ္ဓဟူးနေ့က ထုတ်လိုက်ခြင်း ဖြစ်ပြီး ဝရမ်းအရ အလိုရှိသူ ၃ ဦးမှာ ကုမ္ပဏီအမှုဆောင် Supattha Chantharangsi ၊ ကျော်မြင့်ဦးနှင့် Kosin Jina-on တို့ ဖြစ်ကြောင်း သိရသည်။ Kosin Jina-on မှာ သတင်းမဂ္ဂဇင်းတစောင်၏ အယ်ဒီတာဟု သိရသည်။ ကျော်မြင့်ဦးကို ဖမ်းဆီးပေးရန် မြန်မာဘက်ခြမ်းမှ လုံခြုံရေးဆိုင်ရာ အာဏာပိုင်များနှင့် အင်တာပိုလ်ကို ထိုင်းရဲတပ်ဖွဲ့က တောင်းဆိုထားကြောင်းလည်း သိရသည်။ အာဏာပိုင်များ အနေဖြင့် ကြံရာပါ အစိုးရအရာရှိများနှင့် သတင်းထောက်များကိုပါ စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြား သည်။ The post မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံရန် အကြောင်းပြပြီး ထိုင်းမှာ ငွေလိမ် appeared first on ဧရာဝတီ.
Source : http://ift.tt/2ycXBZG
via IFTTT

No comments:

Post a Comment