Thursday, October 12, 2017


NCA နှစ်ပတ်လည်ပွဲ အပစ်မရပ်သည့် အဖွဲ့များ တက်ရန် မသေချာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ၂ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို အပစ်မရပ်သေးသည့် အဖွဲ့များအား ဖိတ်ကြားထားသော်လည်း ထိုအဖွဲ့များ အနေဖြင့် တက်ရောက်ရန် မသေချာဘဲဖြစ်နေကြသည်။ ဖိတ်ကြားခံထားရသည့် အပစ်မရပ်ရသေးသော လက်နက်ကိုင်အဖွဲ့များက နီးကပ်မှ ဖိတ်ခြင်း၊ အချိန်မအားလပ်ခြင်းနှင့် လက်နက်ကိုင် အဖွဲ့အားလုံး ဖိတ်ကြားခြင်းမရှိဟု ဆိုသည့် အကြောင်းပြချက်များဖြင့် တက်ရောက်ရန် မသေချာသည့် အခြေအနေကို ပြောဆိုနေကြသည်။ UNFC တပ်ပေါင်းစု ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် က “ဖိတ်စာက မနေ့ညက ၈ နာရီခွဲလောက်မှာမှ DPN ရုံးကို ပေးပို့လာပါတယ်။ DPN ရုံးကတော့ ဒီနေ့မနက်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျနော်တို့ ပို့ထားပါတယ်။ အဲဒီဖိတ်စာနဲ့ ပတ်သက်ပြီးတော့ UNFC CEC ထဲမှာ ပြန်ထိုင်ဖို့လိုပါသေးတယ်။ CEC တွေကလည်း အခု ခရီးလွန်နေကြတယ်ဗျ။ အဲဒါကြောင့် (တက်၊ မတက်) အတိအကျတော့ လောလောဆယ် ပြောလို့မရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။ UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်ပြီး အစိုးရနှင့် အပစ်ရပ်နိုင်ရေးအတွက် ဆွေးနွေးနေဆဲဖြစ်သည်။ အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်မည့် NCA ရေးထိုးမှု ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အပစ်မရပ်သေးသော အဖွဲ့များ တက်ရောက်ရန်အတွက် အစိုးရနှင့် အပစ်ရပ် ၈ ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့အကြား ယခုလ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အတည်ပြုဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ UNFC အဖွဲ့ကို ဖိတ်ကြားခဲ့သလို တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ဖိတ်ကြားခဲ့ကြောင်း ကြားသိရသော်လည်း ထိုအဖွဲ့များက ၎င်းတို့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) အနေဖြင့် ဖိတ်ကြားခြင်းမဟုတ်ဘဲ အဖွဲ့တချို့ကိုသာ သီးခြားခွဲ၍ ဖိတ်ကြားသဖြင့် တက်ရောက်ရန် မသေချာတော့ဟု ဆိုသည်။ TNLA ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျာ က “အခုက ကျနော်တို့ မြောက်ပိုင်းအဖွဲ့ကို အားလုံးမဖိတ်ဘူး။ တဖွဲ့စ နှစ်ဖွဲ့စ ဖိတ်တာလောက်ပဲ ကြားတယ်။ ဒါကြောင့် မသွားဖို့တော့များမယ် ထင်တယ်။ အခုလောလောဆယ် ကျနော်တို့ရယ် ရခိုင် AA ရယ်၊ SSPP ရယ်ကို ဖိတ်တယ်လို့တော့ ကြားတယ်။ ကျန်တဲ့အဖွဲ့တွေကိုတော့ ဖိတ်တယ်မကြားသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။ FPNCC တွင် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ် ရေးထိုးခဲ့ကြပြီး ယင်းသို့ ရေးထိုးခဲ့မှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် ယခုလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော် အဆင့် ပြုလုပ်သွားမည်ဟု သိရသည်။ ဖိတ်ကြားခံထားရသည့် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့အကြားတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် လမ်းပျောက်နေသည့် အခြေအနေမှာပင် ရှိနေသည်။ The post NCA နှစ်ပတ်လည်ပွဲ အပစ်မရပ်သည့် အဖွဲ့များ တက်ရန် မသေချာ appeared first on ဧရာဝတီ.
Source : http://ift.tt/2ycGx8s
via IFTTT

No comments:

Post a Comment