သမ္မတ ပညာသင်ဆု ဆရာ၊ ဆရာမများကို ဦးစားပေး ချီးမြှင့်မည် သမ္မတ၏ ပညာသင်ဆုကို ဆရာ၊ ဆရာမများအား ဦးစားပေး ချီးမြှင့်မည် ဖြစ်ပြီး နိုင်ငံ အတွက် လတ်တလော လိုအပ်နေ သည့် ပညာရပ်များကို သင်ကြားစေမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြား သည်။ “အသစ်လျာထားတဲ့ ပညာသင်ဆုကိုတော့ နိုင်ငံတော်အတွက် လတ်တလော လိုအပ်တဲ့ ပညာရပ် အသစ်တွေ အတွက် ဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေကို ဦးစားပေးပြီး လျာထား ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဦးဝင်းမော်ထွန်းက ပြောသည်။ အောက်တိုဘာ ၂၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဌမ ပုံမှန် အစည်းအဝေး တတိယ မြောက် နေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး မေးမြန်း သော မေးခွန်းအား ပြန်လည် ရှင်းလင်း ဖြေကြားစဉ် ဒု ဝန်ကြီးက ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ “အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာတော့ တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူ ၇၉ ဦးအတွက် ပညာသင်နှစ် တနှစ် လျှင် စုစုပေါင်း ခန့်မှန်း ကုန်ကျစရိတ် အဖြစ် ငွေကျပ် ၄ ဒသမ ၈၈၈ ဘီလီယံ ခန့်မှန်းလျာထားခဲ့ပါ တယ်။ ဒါ့အပြင် နိုင်ငံတော်မှ လတ်တလော လိုအပ်ချက်ရှိသော ဘာသာရပ်များ အတွက် ဘွဲလွန်မဟာနဲ့ ဘွဲ့လွန် ပါရဂူ တန်းတွေကို ထူးချွန်တဲ့ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း ၈၀ ကို နိုင်ငံတော်သမ္မတ ပညာသင်ဆု ပေးအပ်ရန် အတွက် ခန့်မှန်း ကုန်ကျ စရိတ်အဖြစ် ငွေကျပ် ၆ ဒသမ ၅၁၇ ဘီလီယံ ခန့်မှန်းလျာထား ဆောင်ရွက်ထားပါတယ်”ဟု ဒု ဝန်ကြီး က ပြောသည်။ ဒေါက်တာ လှမိုးက သမ္မတ၏ ပညာသင်ဆုနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ မည်ကဲ့သို့ စီမံခန့်ခွဲပြီး အများပြည်သူ သိရှိရေး ဆောင်ရွက်နိုင်ရန်နှင့် ပတ်သက်၍ မေးမြန်းခြင်းအား ဒု ဝန်ကြီးက ပညာရေး ဝန်ကြီးဌာန အနေဖြင့် သမ္မတ ပညာသင်ဆုကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင် ပေးအပ်ခဲ့ပြီး ပညာသင်ဆု ရရှိသူ ၁၁၇ ဦး ရှိခဲ့သည်ဟု ဆိုသည်။ ပြည်သူ့ လွှတ်တော်၊ ပညာရေး မြှင့်တင်မှု ကော်မတီမှ အတွင်းရေးမှူး ဦးခမ်ခန့်ထန်းက “အဲဒါ လုပ်နိုင်ရင် ကောင်းပါ တယ်။ ပိုပြီးတော့ ထိရောက်မှာပေါ့၊ အမှန်ဆို ဒီထက်များများ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့နော်”ဟု ဧရာဝတီသို့ ပြောသည်။ ယင်းပညာသင်ဆု ရသူများထဲမှ ၃၃ ဦးအား တရုတ် နိုင်ငံ၏ အစီအစဉ်ဖြင့် ပညာသင်ဆုများ ပေးအပ်ခဲ့ပြီး ကျန် ၈၄ ဦးကို သမ္မတ ပညာသင်ဆုအဖြစ် ရွေးချယ် ချီးမြှင့်ခဲ့သည်ဟုလည်း ဆိုသည်။ ပညာသင်ဆုအား ရွေးချယ် ချီးမြှင့်ရာတွင် သမ္မတ ပညာသင်ဆု လုပ်ငန်းအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများ ပေးသွင်းရ မည့် ကျူရှင်ကြေးနှင့် နိုင်ငံအလိုက် နေထိုင်စားသောက် စရိတ်၊ ကျန်းမာရေး အာမခံကြေးများကို စီစဉ်ဆုံးဖြတ်၍ ပေးချေ ခဲ့ကြောင်း ဒု ဝန်ကြီး ဦးဝင်းမော်ထွန်း က ပြောသည်။ အဆိုပါ ပညာသင်ဆုကို ပညာရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၃ ဒသမ ၄၈၆ ဘီလီယံ ပေးချေခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ ကျောင်သား၊ ကျောင်းသူ များကိုပင် ဆက်လက် ချီးမြှင့်ခဲ့ရာ မဟာတန်းနှင့် ပါရဂူတန်း များမှ သင်တန်း ပြီဆုံးပြီးသူ ၄ ဦး ရှိပြီဖြစ်ပြီး တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူ ၇၉ ဦးသာ ကျန်ရှိတော့သည်ဟု ဒု ဝန်ကြီး က ပြောကြားသည်။ The post သမ္မတ ပညာသင်ဆု ဆရာ၊ ဆရာမများကို ဦးစားပေး ချီးမြှင့်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2hTAQ50
via IFTTT
No comments:
Post a Comment