အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရန်ပြင်ဆင်နေဟု RCSS ပြော အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ထံက သိရသည်။ ရှမ်းပြည်နယ်အတွင်း မူးယစ်ကင်းစင် နယ်မြေဖြစ်ပေါ်ရေးအတွက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ပြင်ဆင်နေခြင်း ဖြစ်ငည်။ RCSS သည် အစိုးရ၊ ဗဟိုမူးယစ်အဖွဲ့၊ တပ်မတော်၊ UNDCO တို့နှင့် အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ပြင်ဆင်နေရာ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ် အသေးစိတ်နှင့် ပတ်သက်ပြီး အစိုးရနှင့်ဆွေးနွေးရန် ရက်ချိန်းကို စောင့်နေကြောင်း သိရသည်။ RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “အခု ကျနော်တို့ ကြားမှာ ပြတ်တောက်သွားတဲ့ မူးယစ် ဆေးဝါး အတူတကွ ပူးပေါင်းတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ အရင်တခေါက် ကျနော်တို့ ဥက္ကဋ္ဌကြီး ခရီး စဉ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း ဆွေးနွေးခဲ့တယ်”ဟု ပြောသည်။ အစိုးရကလည်း RCSS နှင့် ပူးပေါင်းလုပ်ဆောင်ရန် ရှိသည့်အတွက် အဆိုပါလုပ်ငန်းအဖွဲ့နှင့် အစိုးရ အဖွဲ့တို့ လာမည့် နိုဝင်ဘာလအတွင်း တွေ့ဆုံသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဟုတ်တယ် သူတို့နဲ့ Bilateral သဘောတူညီ ချက်တွေမှာ ပါထားပြီးသား။ ကျနော်တို့ အစိုးရ အဖွဲ့နဲ့ ပူးပေါင်း လုပ်ဖို့ရှိတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက် မယ်ဆိုတာ ပြည်ထဲရေးနဲ့ ဆွေးနွေးရမှာမို့ ပြည်ထဲရေးနဲ့ ဆွေးနွေးဖို့ သူတို့ ပြောထားပြီးသားပါ။ သူတို့နဲ့ ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် သဘောတူ စာချုပ်တွေ ထဲမှာ အဲဒါတွေပါတယ်။ မူးယစ်ဆေးဝါး ပူးပေါင်း ဆောင်ရွက် တိုက်ဖျက်ရမယ်ဆိုတာ။ အဲဒီတော့ ဒီဘက်က တည်ဆဲဥပဒေနဲ့ အညီပေါ့နော်”ဟု ပြောသည်။ RCSS ဘက်မှ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး မည်သို့ ဆောင်ရွက်မည်နည်း အပါအဝင် မူးယစ်ဆေးဝါး တရားခံများကို အစိုးရထံ မည်သို့ လွှဲပြောင်းပေးရမည်နည်း၊ သတင်း အချက်အလက် မည်သို့ ဖလှယ်ကြ မည်နည်း စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။ ယင်းအစီအစဉ်နှင့် ပတ်သက်၍ RCSS သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်က အစိုးရ၊ UNDCO(United Nations Office on Drugs and Crime)၊ ဗဟိုမူးယစ်အဖွဲ့တို့ ပါဝင်သော ဆွေးနွေးပွဲ တရပ်ကို တာချီလိတ်မြို့ တွင် ပြုလုပ်ခဲ့ပြီး လုပ်ဆောင်မည့် အစီအစဉ်များ ကို ရေးဆွဲခဲ့ဖူးရာ ထိုအခြေအနေများကို ထပ်မံ ဆွေးနွေးသွားရန် ပြင်ဆင်နေသည်ဟု RCSS ဘက်မှ ရှင်းပြသည်။ ထိုဆွေးနွေးမှုတွင် အချက် ၉ ချက်ကို သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ယင်းအချက်အလက်အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ သို့သော် ယင်းအချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခု အစိုးရသစ်နှင့် ဆွေးနွေး သွားရန် ပြင်ဆင်နေကြောင်း၊ အစိုးရ၊ တပ်မတော် ၊ UNDCO၊ ဗဟိုမူးယစ်အဖွဲ့၊ RCSS တို့ပါဝင်သော ကော်မတီ တရပ် ဖွဲ့စည်းကာ ဆောင်ရွက်ရေးအတွက်လည်း စဉ်းစားထားကြောင်း RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး RCSS သည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)နှင့်လည်း ဆွေးနွေး ညှိနှိုင်းထားကြောင်း၊ အသေးစိတ် အစီအစဉ် ရေးဆွဲရေး ဆွေးနွေးရန် အတွက် ယခုလ ၂၅ ရက်မှ ၃၀ ရက်ကြား ပြင်ဆင်ထားသော်လည်း NCA လုပ်ငန်း ဖော်ဆောင်မှုများအပေါ် ပြန်လည်သုံးသပ်ရန် ရှိသည့်အတွက် ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။ RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ပြည်နယ်အဆင့်- ပြည်ထောင်စု အဆင့် အပစ်ရပ် စာချုပ်ကိုလည်း လက်မှတ် ထိုးထားပြီး ထိုစာချုပ်များတွင် မူးယစ်ဆေးဝါး အတူတကွ တိုက်ဖျက်ရန် သဘောတူကြောင်း ပါဝင်သည်။ RCSS သည် မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး ရောင်းဝယ်သူများနှင့် သုံးစွဲသူများကို ဖမ်းဆီး၍ ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ကာ လူမှုပြန်လည်ထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးသော ဒေသများမှာ ပလောင်ဒေသ၊ ပအိုဝ့်ဒေသ၊ ကိုးကန့်ဒေသ၊ ရွှေတြိဂံဒေသတို့ ဖြစ်ကြောင်း သိရသည်။ The post အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရန်ပြင်ဆင်နေဟု RCSS ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2zoLcBf
via IFTTT
No comments:
Post a Comment