Saturday, October 21, 2017


ခေတ်နဲ့ စနစ်ကို သရော်ထားတဲ့ “အော်တိုဘုရင်” ရုပ်ရှင် “လူရူးပေမယ့် ဘုန်းမရူးဘူး” ဆိုတဲ့ ပေါက်ကျိုင်းဘုရင်အကြောင်း ဟာသနှောပြီး ခေတ်နဲ့ စနစ်ကို သရော်ထားတဲ့ “အော်တိုဘုရင်” ရုပ်ရှင်ဇာတ်ကားကြီးကို ယနေ့၊ အောက်တိုဘာလ၂ဝ ရက်နေ့မှ စတင်ပြီး တနိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ “အော်တိုဘုရင်” ရုပ်ရှင်ဇာတ်ကားက Bo Bo Film Production ရဲ့ ပထမဦးဆုံး ပွဲဦးထွက် ရုပ်ရှင်ကား ဖြစ်ပြီး ရုပ်ရှင်မရိုက်တာကြာပြီဖြစ်တဲ့ လူရွှင်တော် ဇာဂနာနဲ့ မင်းသား ကျော်ကျော်ဗိုလ်၊ မင်းသမီး အိချောပိုတို့နဲ့အတူ လူရွှင်တော် ဟာသသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ “အော်တိုဘုရင်” ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးပြီး တွဲဖက် ဒါရိုက်တာများအဖြစ် မောင်သီလနဲ့ သြရသတို့ ပါဝင် ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းက Romantic Comedy အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်အဖြစ် လူရွှင်တော် ဇာဂနာက ကတုံးဘုရင် ပေါက်ကျိုင်းနေရာမှာ သရုပ်ဆောင်ထားပါတယ်။ “အော်တိုဘုရင်” ဇာတ်ကားက မြန်မာနိုင်ငံမှာ ပထမဦးဆုံး CGI (Computer-Generated Imgaery) စနစ်ကို အသုံးပြုရိုက်ကူးထားတဲ့ ဇာတ်ကားတကားဖြစ်ပြီး ဇာတ်ကားအတွင်းမှာ နဂါး ပုံသဏ္ဍာန်၊ နန်းတွင်းအပြင်အဆင်များကို Animation, Effect များနဲ့ ရိုက်ကူး ပြသသွားတာ တွေ့ရပါတယ်။ အော်တိုဘုရင် VIP ပွဲတွင် တွေ့ရတဲ့ သရုပ်ဆောင်များသီဟတိုး/ဧရာဝတီ ဇာတ်လမ်းမှာ ပါဝင်တဲ့ ဟာသပြက်လုံးတွေက လက်ရှိခေတ်နဲ့ စနစ်ကို သရော်ထားတာဖြစ်ပြီး ဇာတ်လမ်းကတော့ လူရူးပေမယ့် ဘုန်းမရူးတဲ့ မောင်ပေါက်ကျိုင်းက ဒိသာပါမောက္ခကြီး သင်ပေးခဲ့တဲ့ စကားကြီး ၃ ခွန်းနဲ့အတူ တကောင်းပြည်ကို ရောက်လာခဲ့ပါတယ်။ တကောင်းပြည်မှာ နဂါးသတ်လို့ နေ့မြင်ညပျောက် ဘုရင် ၆ ယောက် နတ်ရွာစံခဲ့ပြီး ဘုန်းမရူးတဲ့ မောင်ပေါက်ကျိုင်းတယောက် အော်တိုဘုရင်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ပေါက်ကျိုင်းဘုရင် ဖြစ်လာတဲ့အခါ နန်းတွင်းမှာ မိဖုရား ဝါစာနီကို သဘောကျပေမယ့် မိဖုရားကတော့ ပေါက်ကျိုင်း ဘုရင်ကို ခါးခါးသီးသီး လုံးဝ သဘောမကျခဲ့ပါဘူး။ မိဖုရားကြီးနဲ့ ချစ်သူဖြစ်နေတဲ့ နဂါးက ဘုရင် ၆ ယောက်ကို ညနက် သန်းခေါင်ယံအချိန်မှာ နတ်ရွာစံ အောင် သတ်နိုင်ခဲ့ပေမယ့် ပေါက်ကျိုင်းဘုရင်နဲ့ တွေ့တဲ့အခါ ညမအိပ်တဲ့ ပေါက်ကျိုင်းက နဂါးကို အနိုင် သတ်နိုင်ခဲ့ပါတယ်။ မိမိရဲ့ ချစ်သူ နဂါးကို သတ်လိုက်လို့ ဒေါသထွက်နေတဲ့ မိဖုရား ဝါစာနီက ပေါက်ကျိုင်းဘုရင်ကို စကားထာ ၃ ခု ဖွက်ပြီး အသက်နဲ့လောင်းကြေးထပ်ကာ စိန်ခေါ်ခဲ့ပါတယ်။ အော်တိုဘုရင်ဇာတ်ကားမှ သရုပ်ဆောင် ဇာဂနာသီဟတိုး/ဧရာဝတီ မိဖုရားကြီး ဖွက်လိုက်တဲ့ စကားထာကတော့ “ထောင်ပေးလို့ ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်သူအရိုး ဆံထိုးလုပ်၊ ချစ်သူကျောပြင် ကြင်သူခေါင်းအုံး၊ မုန်းသူမသိ” ဆိုတဲ့ စကားထာကို ဖွက်လိုက်တာ ဖြစ်ပါတယ်။ စကားထာ အဖြေကို လုံးဝမသိတဲ့ ပေါက်ကျိုင်းဘုရင် တယောက် အခက်တွေ့ပြီး တကောင်းပြည်မှ တိုင်းသူပြည်သားတွေကို ဖြေနိုင်သူ ဆုချမယ်ဆိုပြီး မောင်းထုကာ တိုင်းခန်းလှည့် ကြေညာခဲ့ပေမယ့် ဖြေနိုင်သူ တဦးတယောက်မှ မရှိလို့ မိဖုရား ဝါစာနီ တယောက် အနိုင်ရမယ် ထင်ခဲ့ပါတယ်။ အော်တိုဘုရင် ဇာတ်ကားမှ သရုပ်ဆောင် အိချောပိုသီဟတိုး/ဧရာဝတီ ဒါပေမဲ့ ပေါက်ကျိုင်းဘုရင်ရဲ့မိဘများက ပေါက်ကျိုင်းရှိရာ နန်းတော်သို့ အသွား လမ်းခုလတ်မှာ မိမိတို့ စွန့်ကြဲလိုက်တဲ့ ထမင်းကြမ်းကို စားတဲ့ ကျီးဖို၊ ကျီးမတို့ပြောတဲ့ မာဂဓစကားကို ပေါက်ကျိုင်း ဖခင်က ကြားပြီး နန်းတော်ကို အချိန်မီသွားကာ သူ့သား မောင်ပေါက်ကျိုင်း အခက်တွေ့မယ့်အရေး ဖြေရှင်း ပေးနိုင်ခဲ့ပါတယ်။ ပေါက်ကျိုင်းက လူရူးပေမယ့် ဘုန်းမရူးတာကြောင့် သူ့ကို ဘုရင်အဖြစ်ကနေ ဖြုတ်ချဖို့ ခက်ခဲပြီး ဘဝ အဆက်ဆက်မှာ အော်တိုဘုရင်ဖြစ်ဖို့ ကံပါလာတဲ့သူ ဖြစ်ပါတယ်။ “အော်တိုဘုရင်” ရုပ်ရှင်ကားမှာ ပေါက်ကျိုင်းဘုရင်ရဲ့ နန်းတွင်းထဲက ဟာသတွေ၊ ပြောင်ချော်ချော် အမူအရာတွေ၊ ခေတ်နဲ့စနစ်ကို သရော်ထားတဲ့ သရော်ပြက်လုံးတွေကို ရှုစားရမှာပါ။ “အော်တိုဘုရင်” ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၂ဝ ရက်နေ့မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်၊ ပဲခူး၊ တောင်ငူ၊ မကွေး၊ ဘားအံ၊ ပုသိမ်၊ မြဝတီ၊ တောင်ကြီး၊ လားရှိုး၊ ပြင်ဦးလွင်၊ ဗန်းမော်၊ ရေနံချောင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ မြိတ် စတဲ့ တနိုင်လုံးမှာ ရုံတင် ပြသနေပြီလို့ သိရပါတယ်။ ။ The post ခေတ်နဲ့ စနစ်ကို သရော်ထားတဲ့ “အော်တိုဘုရင်” ရုပ်ရှင် appeared first on ဧရာဝတီ.
Source : http://ift.tt/2gTWqGQ
via IFTTT

No comments:

Post a Comment