Thursday, December 21, 2017

7Day News Journal

အမေရိကန်ကို ဆန့်ကျင်သော နိုင်ငံများသည် ဘဏ္ဍာရေး အထောက်အပံ့ ဆုံးရှုံးနိုင်ကြောင်း ထရမ့်ခြိမ်းခြောက် ဂျေရုဆလင် အရေးနှင့် ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို ဆန့်ကျင်သော နိုင်ငံများသည် အမေရိကန်ထံမှ ဘဏ္ဍာရေး အထောက်အပံ့များကို ဆုံးရှုံးရနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားခဲ့သည်။ ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား ပိုင်ဆိုင်ခွင့် နှစ်ရှည်လများ အငြင်းပွားနေခဲ့သည့် ဂျေရုဆလင်မြို့ကို အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုကြောင်း ယခုလ အစောပိုင်းတွင် ထရမ့်က ကြေညာခဲ့သည်။ အမေရိကန်၏ သဘောထားနှင့် ပတ်သက်၍ နိုင်ငံတကာတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သလို အမေရိကန်၏ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံများကပင် ထရမ့်၏ အတတ်ဆန်းမှုသည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး အားထုတ်မှုများကို နောက်ကြောင်း ပြန်လှည့်သွားစေနိုင်ကြောင်း ဝေဖန်ခဲ့ကြသည်။ ထို့အပြင် အီဂျစ်က ဦးဆောင်ကာ ထရမ့်၏ ကြေညာချက်ကို ပြန်လည် ရုပ်သိမ်းစေရန် ကုလသမဂ္ဂ လုံခြုံရေး ညီလာခံ၌ အဆိုတင်သွင်း တောင်းဆိုခဲ့သည်။ ယင်းအဆိုကို အမေရိကန်မှလွဲ၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံခဲ့သော်လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟာလေက ဗီတိုအာဏာ သုံးပြီး ပယ်ချသွားခဲ့သည်။ ယခုအခါ ထရမ့်က အမေရိကန်၏ သဘောထားကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေသော နိုင်ငံတိုင်းသည် အမေရိကန်ထံမှ ရရှိနေသည့် ဘဏ္ဍာရေး အထောက်အပံ့များကို ဆုံးရှုံးသွားနိုင်ကြောင်း အတိအလင်း ခြိမ်းခြောက်လာခဲ့သည်။ “ကျုပ်တို့ဆီက သူတို့ရနေတာက ဒေါ်လာ သန်းပေါင်း ရာနဲ့ချီရှိတယ်။ ဘီလီယံနဲ့ချီပြီး များတာတွေတောင် ရှိတယ်။ ပြီးတော့ အခု သူတို့က ကျွန်တော်တို့ကို ဆန့်ကျင်ပြီး မဲပေးတယ်ပေါ့လေ။ ကြိုက်သလို ဆန့်ကျင်ပြီး မဲပေးစမ်း။ ကျုပ်တို့က ငွေကုန်ကြေးကျတောင် သက်သာသွားဦးမယ်။ ကျုပ်တို့ လုံးဝ ဂရုမစိုက်ဘူး”ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားသွားသည်။ ထရမ့်က လာမည့်နှစ် အနည်းငယ်အတွင်း အမေရိကန် သံရုံးကို ဂျေရုဆလင်တွင် ပြောင်းရွှေ့ အခြေစိုက်ရန်လည်း စီစဉ်ထားသည်။ သမ္မတ ဟာလေက သမ္မတ ထရမ့်သည် ကုလသမဂ္ဂ လုံခြုံရေး ညီလာခံတွင် မည်သည့်နိုင်ငံများက အမေရိကန်ကို ဆန့်ကျင်ပြီး မဲပေးခဲ့ကြောင်း သူမထံ တိုက်ရိုက် စုံစမ်း မေးမြန်းထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းအခြေအနေသည် ဗြောင်ကျသည့် စိန်ခေါ်မှု တစ်ခုဟုပင် ယူဆနိုင်ပြီး အမေရိကန်၏ မဟာမိတ် နိုင်ငံများအတွက် အကျပ်ရိုက်စရာ ဖြစ်လာဖွယ် ရှိသည်။ ပါလက်စတိုင်းက အရှေ့ ဂျေရုဆလင်သည် ၎င်းတို့ ထူထောင်မည့် အနာဂတ် နိုင်ငံ၏ မြို့တော်အဖြစ် အစဉ်တစိုက် ယူဆထားခဲ့ပြီး ထိုအချက်က အစ္စရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အထူးတလည် အရေးပါနေကြောင်း နိုင်ငံတကာက လက်ခံထားသည်။ ဟာလေက သူမက Twitter စာမျက်နှာတွင် အမေရိကန် အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်ကို ဆန့်ကျင်ခဲ့သော နိုင်ငံများ၏ အမည်ကို မှတ်သားထားလိမ့်မည်ဟု ရေးသားထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယတ်ဒ် အယ်လ်မာလီကီနှင့် တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လတ် ကာဗူဆိုဂလူတို့က အမေရိကန်သည် အခြားနိုင်ငံများအပေါ် ခြိမ်းခြောက် အနိုင်ကျင့်နေခြင်းဟု ဝေဖန် စွပ်စွဲသွားခဲ့သည်။ Ref: New York Times
Source : http://ift.tt/2p43qrd
via IFTTT

No comments:

Post a Comment