Friday, December 8, 2017

7Day News Journal

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုသည့် ထရမ့်၏ ကြေညာချက်ကြောင့် ပါလက်စတိုင်းတွင် အုံကြွမှုများဖြစ် ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ် ပြုခဲ့သည့် အမေရိကန် အစိုးရ ကြေညာချက် အပြီးတွင် ပါလက်စတိုင်း ဒေသခံများက အုံကြွ ဆူပူမှုများ ပေါ်ပေါက်လာခဲ့သည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခွင့် အငြင်းပွားနေခဲ့သည့် ဂျေရုဆလင်မြို့ကို အစ္စရေး၏ မြို့တော်အနေဖြင့် အသိအမှတ် ပြုလိုက်ကြောင်း ယခုသီတင်းပတ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့သည်။ ယင်းကြေညာချက် ထွက်ပေါ်လာပြီးသည်နှင့် ဥရောပ သမဂ္ဂ၊ ရုရှား၊ တူရကီ၊ အာရပ်နိုင်ငံများအပြင် ပုပ်ရဟန်းမင်းကြီးကပါ ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း အသီးသီး သတိပေးခဲ့သည်။ ထရမ့်၏ ကြေညာချက်အပြီး နာရီပိုင်းမျှအကြာ ဒီဇင်ဘာ ၇ ရက်တွင်မူ အနောက်ဘက် ကမ်းခြေဒေသနှင့် ပါလက်စတိုင်း နယ်မြေအချို့တွင် ဆူပူ ပေါက်ကွဲမှုများ ဖြစ်ပွားလာသည်။ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြ သောင်းကျန်းသူများနှင့် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုအတောအတွင်း ပါလက်စတိုင်း အာဏာပိုင်များက အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်က ဒေသတွင်းသို့ လာရောက် လည်ပတ်မည့် ခရီးစဉ်ကို ကြိုဆိုမည် မဟုတ်ဟု ပြောကြားခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟုကမူ ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ် ပြုပေးခဲ့သည့် ထရမ့်၏ ကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။ ဒီဇင်ဘာ ၇ ရက်တွင်မူ အနောက်ဘက် ကမ်းခြေဒေသရှိ ရာမယ်လာ၊ ဟီဘရွန်၊ ဘက်သလီဟမ်၊ နာဘလူစ် မြို့များ အပါအဝင် ဂါဇာကမ်းမြှောင် ဒေသတွင်ပါ ထရမ့်၏ ကြေညာချက်အပေါ် ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ ပါလက်စတိုင်း လခြမ်းနီ အသင်းက ဆန္ဒပြသူများကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရာဘာကျည်ဆန်များ၊ ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေး အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များက မီးခိုးဗုံးများဖြင့် လူစုခွဲရန် ကြိုးစားခဲ့ပြီး ပါလက်စတိုင်းများကလည်း မီးရှို့ထားသည့် လက်လုပ် ပုလင်းဗုံးများဖြင့် ပစ်ခဲ့သောကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်သည် ဂျေရုဆလင်ကို အစ္စရေး၏ တရားဝင် မြို့တော်အဖြစ် ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံ ဖြစ်လာပြီးနောက် အမေရိကန် သံရုံးကိုလည်း တဲလ်အဗစ်ဗ်မှ ဂျေရုဆလင်သို့ ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ Ref: AFP
Source : http://ift.tt/2j6RlQ8
via IFTTT

No comments:

Post a Comment