Friday, December 1, 2017


တပူပေါ် နှစ်ပူဆင့်တဲ့ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်လို့ သတ်မှတ်ခံထားရသည့် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား နိုဝင်ဘာ ၁ ရက်က စတင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၅၀၀ ခန့် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ သွားရောက် ခိုလှုံနေကြရသည်။ ချင်းပြည်နယ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ကုန်ပြင်ကျေးရွာမှ ဒေသခံ ၃၃၄ ဦး တိုက်ပွဲ ရှောင် နေကြရပြီး AA တပ်ဖွဲ့များ လှုပ်ရှားမှုများ ရှိနေသော နေရာများနှင့် အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် သွားရောက်ခိုလှုံနေသူ ၁၀၀၀ ကျော်ရှိကြောင်း စုံစမ်း သိရှိရသည်။ ဒုက္ခသည်များ နေရပ်ရင်းပြန်နိုင်ရေးမှာ တိုက်ပွဲများ ရပ်တန့်သွားရန် လိုအပ်သော်လည်း တပ်မတော် စစ်ကြောင်းများနှင့် AA ပြောက်ကျား တပ်ဖွဲ့တွေအကြား တိုက်ပွဲများ တစထက်တစ ပိုမိုပြင်းထန်နေသည်။ AA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ချက် အရ နိုဝင်ဘာလ တလအတွင်းတွင်ပင် တိုက်ပွဲကြီး/ငယ်ပေါင်း ၈၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုတိုက်ပွဲများသည် မြေနိမ့်ရာ လှံစိုက် အခြေအနေမျိုး ဖြစ်နေသလို လက်ရှိအစိုးရလက်ထက်တွင် ဆင်းရဲတွင်းမှ ရုန်းထွက်ရန် အားထုတ်နေသည့် ပြည်နယ် အစိုးရ အတွက်လည်း ခေါင်းကိုက်စရာဖြစ်လာသည်။ တိုက်ပွဲဂယက်ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံများသည် ဖွံ့ဖြိုးမှု နိမ့်ကျနေသော ပလက်ဝဒေသအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသကဲ့သို့ တည်ငြိမ် အေးချမ်းမှုပျက်လာသည့် အခြေအနေ ပိုမိုဆိုးရွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။ ချင်းပြည်နယ်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည်။ ထိုအထဲမှ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝဒေသသည် ချင်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲဆုံး ဒေသဖြစ်သည်။ ပလက်ဝမြို့နယ် လူမှုရေးအသင်း (ရန်ကုန်) ၏ အတွင်းရေးမှူး ပီတာလွယ်လူး က “အရင်ကတည်းက အရမ်းဆင်းရဲခဲ့ဲရပြီး စစ်ပွဲကြောင့် အခုဆို ရစရာမရှိအောင် ပိုပြီးဆင်းရဲတဲ့ဒေသ ဖြစ်လာရတာ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ အခုချိန်မှာ ပလက်ဝဒေသ မအေးချမ်းတဲ့နေရာ ဖြစ်လာတာဟာ တိုးတက်လာခြင်းမဟုတ်ဘဲ ဆုတ်ယုတ်နေတဲ့ပြယုဂ်ပါ”ဟု ပြောသည်။ ချင်းပြည်နယ်၊ ပလက်ဝဒေသသည် ယခင်က တိုက်ပွဲများ ကင်းစင်ပြီး တည်ငြိမ်အေးချမ်းသော အရပ်ဒေသ တခုဖြစ်သော်လည်း AA အဖွဲ့ ပလက်ဝဒေသအတွင်း စစ်ရေး လှုပ်ရှားလာခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်အတွင်းမှာပဲ တိုက်ပွဲများ စတင် ပေါ်ပေါက် လာခဲ့တော့သည်။ ၂၀၁၅ ခုနှစ်၊ မတ်လက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ပြင်စိုကျေးရွာမှ ဒေသခံ ၃၀၀ ကျော် တိုက်ပွဲရှောင်ခဲ့ကြရပြီး ၂ နှစ်နီးပါး အကြာမှ နေရပ်သို့ ပြန်လည် အခြေချနိုင်ခဲ့သည်။ သို့သော် ယခု ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၂၉ ရက်အထိ ပလက်ဝ ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲရှောင် ပြည်သူများ ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။ ထိုတိုက်ပွဲရှောင်များ ပေါ်ပေါက်လာခြင်းနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ပလက်ဝဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းများ အဟန့် အတားဖြစ်လာမည်ကို ချင်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် ဒေသခံများက စိုးရိမ်နေသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင် က “ပလက်ဝ ဒေသက ချင်းပြည်နယ်ထဲမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသဖြစ်ပါတယ်။ ဒီဒေသ ဖွံ့ဖြိုးဖို့အတွက် ပြည်နယ်အစိုးရက ကြိုးပမ်းနေတယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်မှာကို စိုးရိမ်မိတယ်”ဟု ပြောသည်။ ပလက်ဝဒေသ ဖွံ့ဖြိုးရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့သည် ပလက်ဝ- အိန္ဒိယ(မီဇိုရမ်ပြည်နယ်)ကြား ကုန်သွယ်နိုင်ရေး ကားလမ်း ဖောက်နေပြီး ပလက်ဝ- မတူပီ- မင်းတပ် ကုန်သွယ်နိုင်ရေးနှင့် ဒေသခံများ ခရီးသွားလာနိုင်ရေးအတွက် ကုလားတန် မြစ်ကူးတံတား တည်ဆောက်နေသည်။ အလားတူ ပလက်ဝမြို့ စည်ပင်သာယာမြို့မဈေးကို နှစ်ထပ်ဈေးအဖြစ် အဆင့်မြင့်တင်ရန်နှင့် မြို့ပြ စီမံကိန်း တခုကိုလည်း အကောင် အထည်ဖော်သွားရန် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေသည်။ ထို့ပြင် ပလက်ဝ-စစ်တွေ ကုန်သွယ်နိုင်ရေးနှင့် ခရီးသွားလာနိုင်ရေး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လမ်းပိုင်းများ ပြုပြင်နေသည်။ AA အဖွဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း စစ်ရေးလှုပ်ရှားလာခြင်းသည် စစ်ရေးအရ အချက်အချာ ကျခြင်းကြောင့် ဖြစ်ပြီး မည်မျှ အရေးပါ အရာရောက်သည်ကိုဖြင့် ပြောရန် ခက်ခဲကြောင်း AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။ “ပလက်ဝ ဒေသကို ကျနော်တို့ လှုပ်ရှားတယ်ဆိုတာ စစ်ရေး အခြေအနေရပဲ၊ ဗမာစစ်တပ်ကို တော်လှန်တိုက် ခိုက်နေသော အဖွဲ့အစည်းတခု အနေနဲ့ကတော့ စစ်ရေးအရ အချက်အချာ ကျတဲ့ ဒေသမှာ နေရာယူပြီးတော့ တိုက်ခိုက်တာကတော့ ဒါစစ်ရေးအရ လိုအပ်ချက်အရပဲလုပ်တာ” ဟု ခိုင်သုခ က ရှင်းပြသည်။ ပလက်ဝဒေသသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်တွင်တည်ရှိပြီး AA တပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်း ထိုးဖောက် ဝင်ရောက်နိုင်ရေးအတွက် အရေးပါ သော လမ်းကြောင်း တခုဖြစ်သည့်အတွက် တပ်အရွေ့အပြောင်း အဆင်ပြေစေရန် လမ်းကြောင်း တခုကို ပုံဖော်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်နေမှုများလည်း ရှိသည်။ တပ်မတော်သည် AA ကို ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ခွင့် မရနိုင်ရေး ပလက်ဝဒေသအတွင်းရှိ AA တပ်ဖွဲ့များ ရှိနေသော နေရာများကို ပိတ်ဆို့ဝန်းရံ၍ နယ်မြေ ရှင်းလင်းရေးလုပ်ရာကတဆင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ထိုအခြေအနေများကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နဟန်းရွာအနီးမှာလည်း ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသေးသည်။ လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ် စသည့် မြို့နယ်များ အတွင်း စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေပြီးဖြစ်သကဲ့သို့ ပလက်ဝဒေသအတွင်း နေရာ အတော်များများတွင်လည်း စစ်ရေး လှုပ်ရှားနေကြောင်း သိရသည်။ AA အဖွဲ့သည် ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့်သာ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) လက်အောက်ခံ တပ်များနှင့်လည်း အချင်းချင်း တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ညီညွတ်ရေးကိုလည်း ထိခိုက်စေကြောင်း အိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “AA က သူခြေကုပ်စခန်း သွားယူတာပေါ့ အမှန်တော့။ တော်လှန်ရေးတပ်တွေရဲ့ သဘောကျတော့ လက်နက်ရှိရင် နယ်မြေစိုးမိုးမှု လုပ်ချင်တယ်။ နယ်မြေ စိုးမိုးတဲ့ အခါကျတော့ နယ်မြေစိုးမိုးတဲ့ နေရာမှာ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ အုပ်ချုပ်ရေးတို့ ၊ လုံခြုံရေးတို့ ထိခိုက်တာလည်း ဖြစ်နိုင်တာပေါ့။ အဲ့ဒီ ဒေသအခံ ရှိနေတဲ့ အပစ်ရပ်ထားတဲ့ ALP ကိုလည်း သွားရှင်းလင်းတာ တွေ့ရတဲ့အခါကျတော့ ညီညွတ်ရေးကို ဦးမတည်ပဲနဲ့ ပဋိပက္ခကို ဦးတည်သလို ဖြစ်တာပေါ့” ဟု ပြောသည်။ AA အနေဖြင့် လူထုအား အမှန်တကယ် ကာကွယ်လိုလျင်၊ မိမိ၏ နိုင်ငံရေး ရည်မှန်းချက်ကို သွားချင်သည်ဆိုလျှင် ယခု အချိန်မျိုး (ငြိမ်းချမ်းရေးဆွေးနွေးနေသည့် ကာလ) တွင် စစ်ရေးကို လျှိုထားသင့်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ “တိုက်ပွဲဖြစ်တဲ့ အလုပ်ကြတော့ တပ်မတော်ဘက်က ကြည့်ရင် တပ်မတော်ရဲ့ အကြိုက် စိတ်ကြိုက်အကွက်ထဲ ဝင်သလို ဖြစ်တာပေါ့။ တပ်မတော်က တိုက်ပွဲကို စောင့်နေတာပေါ့။ တိုက်ပွဲဖြစ်တာကို သူသဘောကျတယ်။ တိုက်ပွဲရှိလေ တပ်မတော်သားတွေ ပိုပြီးတော့ နာမည်ကောင်းရလေကိုးဗျ” ဟု ၎င်းက သုံးသပ်သည်။ လက်ရှိတွင် ချင်းတိုင်းရင်းသားများက ချင်းပြည်နယ်အတွင်း AA စစ်ရေး လှုပ်ရှား လာသည့်အခါမှ တိုက်ပွဲများ ဖြစ်ပွား၍ အရပ်သားများ ထိခိုက် သေဆုံးလာရသည်ဟုဆိုကာ AA ကို ချင်းပြည်နယ်အတွင်းမှ ထွက်သွားရန်နှင့် စစ်ရေး မလှုပ်ရှားရန် တောင်းဆိုနေကြပြီး တပ်မတော်၏ လုံခြုံရေးဆောင်ရွက်မှုအား အမှီအခိုပြုနေကြသည်။ AA အဖွဲ့သည် UWSA နှင့် KIO တို့ ဦးဆောင်ဖွဲ့စည်းထားသော တရုတ်-မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်ပြီး တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး ထိုကော်မတီကို ဦးဆောင်နေသည့် အဖွဲ့များက AA ကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် နားချသင့် ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက အကြံပြုသည်။ “AA ကို ပြောဖို့ ဆိုဖို့ဆိုရင်တော့ မြောက်ပိုင်းမှာရှိတဲ့ လူတွေ ပြောရမှာပဲဗျ။ KIO တို့ လို၊ “ဝ” တို့လိုက ထိန်းထိန်း သိမ်းသိမ်းလုပ်ဖို့ပေါ့။ AA ကို နားချဖို့ဆိုတာက မြောက်ပိုင်းအဖွဲ့တွေပဲ တာဝန်ရှိတယ်လေ။ သူတို့ကနေ တဆင့် ညှိတာပဲ ကောင်းတာပေါ့။ ကျနော်က အဲ့ဒီလို အကြံပေးချင်တယ်”ဟု ၎င်းက ဆိုသည်။ FPNCC အဖွဲ့လည်းဖြစ် AA ၏ မဟာမိတ်လည်းဖြစ်သော ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA) ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ AA ဘက်မှ ကာကွယ်ပြောဆိုသည်။ “အဓိက ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာက မြန်မာ့တပ်မတော်ဖြစ်တယ်။ တပ်မတော်က တအား ပိတ်ဆို့နေလို့ ဝန်းရံနေလို့ မတတ်နိုင်တဲ့ အဆုံး သူ(AA) ဆောင်ရွက်စရာရှိတဲ့အရာတွေကို သူဆောင်ရွက်နေတာ ဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ အနေနဲ့ AA ကို ပြောခွင့်မရှိပါဘူး” ဟု ၎င်းက ပြောသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက် အဖွဲ့ကို ရှင်းလင်းနေစဉ် AA က ပလက်ဝဒေသ၌ တပ်မတော်ကို တိုက်ခိုက်လာခြင်းက အမျိုးသားသစ္စာဖောက် လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။ “AA က နောက်ကျော ဓားနဲ့ထိုးတယ်။ ARSA ရဲ့ သူခိုးဓားရိုးကမ်း လုပ်လို့ တိုက်ရတာ။ AA ရဲ့ လုပ်ရပ်က အမျိုးသား သစ္စာဖောက်လုပ်ရပ်ဘဲ။ သူတို့နဲ့ ငြိမ်းချမ်းရေး ရမယ်လို့ မျှော်လင့်မှာလား။ ARSA အကြမ်းဖက် သမားတွေကို တိုက်နေတုံး နောက်ကျောက ဓားနဲ့မထိုးဘူးလို့ ယုံရမှာလား။ အဲ့ဒီနေရာတွေမှာ တိုက်ပွဲတွေ ဆက်မဖြစ်စေချင်ရင် ကိုယ်လာတဲ့ နေရာ ကိုယ်ပြန်ကြပေါ့” ဟု ၎င်းက ဆိုသည်။ စစ်တွေမြို့မှ ကိုဝေဟင်အောင်က ယခု တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသော အခြေအနေ များကို ပြန်လည် သုံးသပ်ရန် လိုအပ်ပြီး စစ်ရေးအရ မဖြေရှင်းပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ဆိုသည်။ “အခုဖြစ်နေတဲ့ ပြဿနာကို အခြေအမြစ် ကျကျ ပြန်လည် သုံးသပ်ဖို့လိုမယ်လို့ မြင်တယ်။ စစ်ရေးအရ ဖြေရှင်း တယ်ဆိုတာက နိုင်ငံရေးအရ မပြေလည်မှ စစ်ရေးအရ ဖြေရှင်းတာဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကို ပြေလည်ဖို့ အတွက် နှစ်ဦး နှစ်ဖက်က သဘောထား ကြီးကြီးနဲ့ နိုင်ငံရေးအရ ပြောဆိုဖို့ လိုမယ်လို့ ကျနော်အနေနဲ့မြင်တယ်”ဟု ၎င်းက သူ၏ သဘောထားကို ပြောပြသည်။ ရခိုင်ပြည်နယ်လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် တဦးကတော့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှသည် AA စစ်ဦးစီးချုပ်/ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သည့်အတွက် ၎င်းကနေတဆင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေးအတွက် ကြိုးပမ်းသင့်ကြောင်း အကြံပြုသည်။ AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျနော်တို့ဘက်က တိုက်ပွဲတွေ ရပ်တန့်ဖို့ အဆင်သင့်ပါပဲ။ တပ်မတော် ဘက်ကသာ ကျနော်တို့ ရှိတဲ့ နေရာကို အမြစ်ပြတ် ချေမှုန်းရေး ကြွေးကြော် ထိုးစစ်ဆင်နေတာ။ တွေ့ဆုံ ဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်” ဟု ပြောသည်။ FPNCC နှင့်အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကြားဝင်စေ့စပ်ပေးနေသူမှာ တရုတ်နိုင်ငံဖြစ်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာလထဲတွင် တရုတ်နိုင်ငံသို့ သွားရောက် ခဲ့ပြီး ၎င်းပြန်ရောက်ပြီး မကြာခင်မှာဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း ထပ်မံသွားပြန်သည်။ ခေါင်းဆောင် ၂ ဦး၏ ခရီးစဉ်တွင် FPNCC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်မည့် ကိစ္စရပ်များလည်း ဆွေးနွေးလာခဲ့လိမ့်မည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာနေသူများက ခန့်မှန်းနေကြသည်။ ထိုအခြေ အနေမှ တဆင့် တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တံ့နိုင်မလား ဆိုသည်ကိုတော့ စောင့်ကြည့်ရပေဦးမည်။ The post တပူပေါ် နှစ်ပူဆင့်တဲ့ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ appeared first on ဧရာဝတီ.
Source : http://ift.tt/2AktQZJ
via IFTTT

No comments:

Post a Comment