ပြည်သူလူထုသို့ မိုးခေါင်မှု အခြေအနေများ ထုတ်ပြန်ပေးရန် စီစဉ် ပြည်သူလူထုများအနေဖြင့် မိုးခေါင်မှု အခြေအနေများကို သိရှိနိုင်ရန် လစဉ် သတင်း ထုတ်ပြန် ပေးနိုင်ရန် စီစဉ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ “မိုးခေါင်တာကို ဆန်းစစ်နေတာတော့ ကြာပါပြီ။ လုပ်တာကတော့ ၁၉၉၈ ခုနှစ်ကတည်းက လုပ်တာပေါ့။ ဒါပေမယ့် အချက်အလက်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရလောက်ကိုပဲ ပေးတာပေါ့။ အခုကတော့ ပြည်သူလူထုကို ဖြန့်ဝေဖို့ကို ဆွေးနွေးတာပေါ့။ ၂၀၁၈ ထဲတော့ ဖြစ်နိုင်တာပေါ့”ဟု မိုး/ဇလမှ ဒုတိညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။ ဦးကျော်မိုးဦးက “စိုက်ပျိုးရေး လုပ်တဲ့ ပြည်သူတွေအနေနဲ့ မိုးခေါင်မှုကြောင့် သူတို့ သီးနှံတွေ မဆုံးရှုံးရအောင်၊ ရေအရင်းအမြစ်ကို အသုံးချတဲ့ ဌာနတွေအနေနဲ့ မိုးခေါင်တဲ့ အချိန်မှာ အစိုးရကနေ ဘာတွေ ဆောင်ရွက်မလဲဆိုတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်အောင်ရယ် အဲဒီလို ကြေညာလိုက်ခြင်း အားဖြင့် မိုးခေါင်မှု သဘာဝ ဘေးအန္တရာယ်ကနေပြီးတော့ ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ဖို့ အတွက်ကို ရည်ရွယ်ပြီးတော့မှ ဖြန့်ဝေမှာပါ”ဟု ပြောသည်။ အဆိုပါ ဆန်းစစ်မှုများကို မိုးခေါင်ရေရှားဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဦးစားပေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “မိုးခေါင်မှုနဲ့ ပတ်သက်လို့ ဆိုးဆိုးရွားရွားဖြစ်လေ့ရှိတဲ့ ဒေသတွေကို ကနဦးထုတ်ပြန်ပေးမယ်။ ပြီးတဲ့အခါ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ထုတ်ပြန်ပေးမယ်လို့ ရည်မှန်းထားတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက လေ့လာမှုအရ ဆိုးဆိုးရွားရွားမိုးခေါင်မှုကို တွေ့ရတာက မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အကြိမ်များများ တွေ့ရပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး၊ မိုး/ဇလမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ရှင်းပြသည်။ မူမမှန်သည့် ရာသီဥတုအခြေအနေများအပေါ် မူတည်ပြီး ဖြစ်ပွားသည့် မိုးခေါင်မှုကို ထုတ်ပြန်ခြင်းဖြင့် မိုးလေဝသအပေါ်တွင် မှီခိုပြီး လုပ်ငန်းလုပ်ကိုင်နေရသူများအတွက် အကျိုးရှိရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ အာရှပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်မှ ဦးဆောင်ပြီး မိုးခေါင်မှုဆိုင်ရာ ကျွမ်းကျင်သည့် အဖွဲ့အစည်း များနှင့် ပုဂ္ဂိုလ်များမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ မြန်မာနိုင်ငံသို့ လာရောက်ပြီးမိုးခေါင်မှုနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာများကို သင်ကြားပို့ချနိုင်ရန် စီစဉ်ညှိနှိုင်းမှုများ ပြလုပ်နေကြောင်း သိရသည်။ The post ပြည်သူလူထုသို့ မိုးခေါင်မှု အခြေအနေများ ထုတ်ပြန်ပေးရန် စီစဉ် appeared first on ဧရာဝတီ.
Source : http://ift.tt/2BB2Ao3
via IFTTT
No comments:
Post a Comment