Thursday, December 7, 2017


တရုတ် နှင့် ‘ဝ’ တပ်ဖွဲ့တို့၏ မူးယစ် တိုက်ဖျက်ရေး စာချုပ် မြန်မာ အစိုးရ မလိုလား တရုတ်နိုင်ငံ ယူနန်အစိုးရ အနေဖြင့် မူးယစ် တိုက်ဖျက်ရေး စာချုပ် ချုပ်ဆိုလိုပါက မြန်မာ အစိုးရနှင့်သာ ချုပ်ဆိုသင့်ပြီး ယခုလို ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် တိုက်ရိုက် ချုပ်ဆိုခြင်းသည် ၂ နိုင်ငံကြား နားလည်မှု လွဲမှားနိုင်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးချုပ် မြမောင်က နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။ နိုဝင်ဘာလ အတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် မြန်မာ-တရုတ် ၂ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးတွင် တရုတ်နိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက် ၍ စာချုပ်များ ချုပ်ဆိုမည် ဆိုပါက ပြည်ထောင်စု အစိုးရနှင့်သာ ညှိနှိုင်းဆောင်ရွက်ရန် တရားဝင် ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း လည်း သိရသည်။ “၂ နိုင်ငံအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင် နားလည်မှု စာချွန်လွှာ MOU ၊ Letter of agreement တွေ ရေး ထိုးမယ်ဆိုရင် ပြည်ထောင်စု အစိုးရနဲ့ပဲ ဆောင်ရွက်လို့ ရပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ၊ ပြည်နယ် အစိုးရ တွေ နဲ့ တောင် MOU ထိုးလို့ မရပါဘူး။ ထိုးချင်ရင်တောင် အဆင့်ဆင့် တင်ပြပြီးမှ ချုပ်လို့ရမယ် ဆိုတာကို အစည်းအဝေး မှာ အတိအလင်း ပြောခဲ့ပြီးပါပြီ”ဟု ရဲမှူးချုပ် မြင့်မောင်က ပြောသည်။ ဒီဇင်ဘာလ ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်အပြီး မီဒီယာတွေ့ဆုံပွဲတွင် ဧရာဝတီ သတင်းဌာနက တရုတ်နိုင်ငံ ယူနန် အစိုးရနှင့် UWSA တို့ကြား စာချုပ်အပေါ် မူးယစ် ရဲတပ်ဖွဲ့၏ သဘောထားကို မေးမြန်းခဲ့သည်။ “တရုတ်နိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပြည်နယ်တွေ၊ ခရိုင်တွေရဲ့ နိုင်ငံရေး Practices နဲ့ ကျနော်တို့ ဒီဘက်က ချမှတ် ထားတဲ့ မူဝါဒတွေရယ် အထိုက်အလျောက် Misunderstanding (နားလည်မှုလွဲမှား) ဖြစ်ပါတယ်။ ကျနော် တင်ပြခဲ့တဲ့ အစည်းအဝေးမှာ တရုတ်နိုင်ငံ မူးယစ်ဗဟိုအဖွဲ့ ဒုတိယ အမြဲတမ်း အထွေထွေ အတွင်းရေးမှူးချုပ်က ခေါင်းဆောင်ပြီး တက် ပါတယ်” ဟု ရဲမှူးချုပ် မြမောင်က ပြန်လည် ရှင်းပြသည်။ ယင်းအစည်းအဝေးသို့ ယူနန်ပြည်နယ် အစိုးရအဖွဲ့မှ ပြောခွင့်ရ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံမှ အဆင့်မြင့် အရာရှိများ စွာ ပါဝင်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ရှင်းပြပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ မူဝါဒ လုပ်ငန်းစဉ်များကို ကောင်းစွာ သိရှိ ပြီး ဖြစ်ကြောင်း၊ လာမည့် ၂၀၁၈ ခုနှစ်တွင် တရုတ်-မြန်မာ ၂ နိုင်ငံ ပူးပေါင်းပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေး ကောင်း သည့် နေရာများတွင် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူထားပြီး ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ် အတွင်းမှ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဘိန်းတိုက်ဖျက်ရေးနှင့် ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်း များ ပူးပေါင်း ဆောင်ရွက်ရန် ယူနန်အစိုးရ ကိုယ်စားလှယ်များနှင့် UWSA ခေါင်းဆောင်များကြား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့က UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်း (ပန်ခမ်း) မြို့တွင် နှစ်ဘက် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ ယူနန်ပြည်နယ် အစိုးရနှင့် UWSA တို့ကြား စာချုပ် ချုပ်ဆိုခြင်းသည် ယခုကိစ္စ တခုတည်းတင် မဟုတ်ဘဲ အခြား ကိစ္စရပ် များစွာလည်း ရှိကြောင်း၊ တိုင်းပြည်တွင် ဖြစ်ပွားနေသည့် နိုင်ငံရေးု ပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သရွေ့ ဝ ပြည်နယ်က သီးခြား ရပ်တည်နေခြင်းမျိုး ကြုံတွေ့နေရဦးမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောသည်။ “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ လိုတယ်။ အဲဒီလိုမှသာ အလားတူ ပြဿနာ တွေ၊ အလားတူ စိန်ခေါ်မှုတွေကို လျှော့ချနိုင်မယ်လို့ မြင်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ဌာနေ ကိုယ်စား လှယ် Mr.Jeremy Douglas ကမူ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုကို တိုက်ဖျက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ပါဝင်ရန် လိုအပ်ပြီး ၎င်းတို့ကိုလည်း တွန်းအားပေးသင့်ကြောင်း ယမန်နေ့က မီဒီယာ တွေ့ဆုံ ပွဲ တွင် ပြောသည်။ “မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားအများကြီး ဖြစ်စေတာကနေ မငြိမ်းချမ်းတဲ့ ဒေသက ပဋိပက္ခတွေပဲ ဖြစ်ပါ တယ်။ ပဋိပက္ခကြောင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွေက မလျော့ကျဘူးဆိုရင် ဒီပဋိပက္ခကို ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေက ဘာလဲဆိုတာကို ပြန်ကြည့်ဖို့ လိုပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ယခုနှစ်တွင် မြန်မာသည် တနိုင်ငံလုံး အနေအထားဖြင့် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျှော့ချ နိုင်ခဲ့သော်လည်း ရှမ်းပြည် နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ဘိန်းစိုက်ပျိုးမှု လျှော့ချလာနိုင်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့် ဒေသ များ တွင် အစိုးရက ဘိန်းတိုက်ဖျက်ရေးကို လုပ်မပေးနိုင်ကြောင်း တွေ့ရှိရသည်ဟု UNODC က ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ယင်းနှစ်များနောက်ပိုင်း ၂၀၁၃ ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှု ပြန်လည် မြင့်တက်လာခဲ့ရာ ၂၀၁၄ ခုနှစ်တွင် အကျဘက်သို့ ဦးတည်ခဲ့ပြီး ယခုနှစ်တွင် သိသိ သာသာ ကျဆင်းလာကြောင်း ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက ယမန်နေ့ အခမ်းအနားတွင် ပြောဆိုသည်။ The post တရုတ် နှင့် ‘ဝ’ တပ်ဖွဲ့တို့၏ မူးယစ် တိုက်ဖျက်ရေး စာချုပ် မြန်မာ အစိုးရ မလိုလား appeared first on ဧရာဝတီ.
Source : http://ift.tt/2B09aac
via IFTTT

No comments:

Post a Comment