Thursday, December 7, 2017


ပြိုင်ဘက်မရှိ ရွေးကောက်ပွဲ ဝင်ရန် ဟွန်ဆန် ပြင်ဆင် ပြီးခဲ့သည့် လအတွင်း ကမ္ဘောဒီးယားနိုင်ငံ တရားရုံးချုပ်က နိုင်ငံ၏ အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းရန် အမိန့် ထုတ်လိုက်သည့် အချိန်တွင် ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံ၏မြို့တော်မှ အထည်ချုပ်လုပ်သားများကို အမေရိကန် ၂.၅ ဒေါ် လာနှင့် ညီမျှသည့် ငွေများထည့်ထားသည့် စာအိတ်များ ဝေပေးခဲ့သည်။ အပြန်အလှန် အနေဖြင့် ဝန်ကြီးချုပ်က တောင်းဆိုသည်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲ၌ ကမ္ဘောဒီးယားနိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်ခဲ့သည့် သူ၏ ပါတီ Cambodian People’s Party (CPP) အတွက် မဲ ဖြစ်သည်။ အတိုက်အခံ ပါတီ Cambodia National Rescue Party (CNRP) ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် မဟုတ်သည့် ပြိုင်ပွဲတွင် ယခုကဲ့သို့ ပိုက်ဆံပေးခြင်းက တည်ငြိမ်မှုကို ထိန်းသိမ်းသလို ပြိုင်ဘက်မဲ့ အောင်မြင်မှုကို သေချာစေရေးလည်း ဖြစ်ပါသည်။ ၁၉၇၉ ခုနှစ်ကတည်းက အာဏာကို အစဉ်အဆက် ထိန်းသိမ်းခဲ့သော CPP မှာ မျက်နှာစာတဖက်၌ ဖိနှိပ်တတ်သော သမိုင်းကြောင်း ရှိနေပြီး နောက်တဖက်တွင် လူများစု ကျေနပ်စေသည့် ပေးကမ်းစွန့်ကျဲမှုများ ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ကျေးလက်ဒေသများတွင် အစိုးရကို ထောက်ခံသော တက်ကြွလှုပ်ရှားသူများက CPP ကို “ဘဝကို ပေးသောပါတီ” ဟု ရည်ညွှန်းကြသည်။ ပြောင်ပြောင်တင်းတင်း မဲ ဝယ်ခြင်းက သူတို့ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗျူဟာအဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ပြီး ဖြစ်သည်။ CPP က အိမ်ထောင်စုများကို “CPP မိသားစုများ” ဖြစ်လာရန် တောင်းဆိုသည့် ပါတီဝင်သစ် စည်းရုံးရေး လှုပ်ရှားမှု တခုကို စတင်ခဲ့ကြောင်း အမေရိကန် သတင်းဌာန VOA က ယခုလအတွင်းတွင် ဖော်ပြခဲ့သည်။ ပါတီ၏ တက်ကြွလှုပ်ရှားသူများ က အဓိကအား ဖြင့် ကျေးလက်ဒေသများတွင် တအိမ်တက်ဆင်း သွားရောက်၍ မှတ်ပုံတင်ရန် အတွက် “CPP မိသားစု စာအုပ်” တွင် လက်မှတ်ထိုးရန် ပြည်သူများကို တောင်းဆိုခဲ့ကြသည်။ “CPP မိသားစုများ” အနေဖြင့် တနှစ်လျှင် ငွေကြေးထောက်ပံ့မှု ၃ ကြိမ် ရရှိမည် ဖြစ်သည်။ အပြန်အလှန် အနေဖြင့် သူတို့ က ရွေးကောက်ပွဲ အားလုံးတွင် CPP ကို မဲပေးရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ကြောင်း သေချာစေရန် လက်မှတ် ထိုးထားသူတို့၏ ဓာတ်ပုံများ မိသားစု စာအုပ်တိုင်းတွင် ပါရှိသောကြောင့် သူတို့ကို အလွယ်တကူ ခွဲခြားသိရှိ နိုင်မည် ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇွန်လ ဒေသဆိုင်ရာ ရွေးကောက်ပွဲအတွင်း မဲဆွယ်နေသော ဝန်ကြီးချုပ် ဟွန်ဆန်/Reuters CPP က ထိုသို့ပြုလုပ်နေသည်မှာ အမျိုးသားရွေးကောက်ပွဲ ကော်မတီ (NSC) က ဇူလိုင်လ အတွေထွေရွေးကောက်ပွဲ အတွက် စာရင်းသွင်း မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည်နှင့် တချိန်တည်းမှာ ဖြစ်သည်။ မှတ်ပုံတင်လုပ်ငန်း များက နိုဝင် ဘာလ ၉ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ CNRP မဖျက်သိမ်းမီကလေးတွင် စတင်ခဲ့သော CPP ၏ ပြန်လည် စာရင်းသွင်းရေး လှုပ်ရှားမှုက လူအများစု၏ ထောက်ခံမှု ကျဆင်းနေခြင်း အပေါ် CPP ၏ စိုးရိမ်မှု၏ လှုံ့ဆော်ချက်ကြောင့် ဖြစ်ဖွယ်ရှိပါသည်။ ပါတီတွင် တရားဝင် စာရင်းပေါက် ပါတီဝင် ၅.၃ သန်း ရှိသော်လည်း ဇွန်လ အတွင်းက ပြုလုပ်ခဲ့သော ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ၃.၅ သန်း ကသာ မဲပေးခဲ့ကြသည်။ အဆိုပါ ရွေးကောက်ပွဲများတွင် CNRP က သိသိသာသာပင် အောင်မြင်မှု ရရှိခဲ့သည်။ တနိုင်ငံလုံးတွင် တရားဝင်မဲဆန္ဒပေးပိုင်ခွင့် ရှိသူ ၉.၈ သန်း ရှိကြောင်း NEC က ယခုလ အတွင်းတွင် ထုတ်ပြန်ခဲ့သည်။ အကယ်၍ ရွေးကောက်ပွဲသည်သာ လွတ်လပ်၍ တရားမျှတခဲ့ပါက နောက်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ CNRP အနိုင်ရရှိလိမ့်မည်ဟု လေ့လာဆန်းစစ်သူ အချို့က ကြိုတင်ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း ယခု အခါ တရားရုံးအမိန့်ဖြင့် ပါတီကို ဖျက်သိမ်းလိုက်သည့် အတွက် အငြင်းပွားဖွယ်ရာ ကိစ္စတခု ဖြစ်လာသည်။ CNRP က အနောက်နိုင်ငံများ (အဓိကအားဖြင့် အမေရိကန်) နှင့်အတူ ပူးပေါင်း၍ အစိုးရကို ဖြုတ်ချရန်နှင့် အရောင် အမည် တမျိုးမျိုး ရှိသော တော်လှန်ရေး (ကမ္ဘာတလွှားမှ အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကဲ့သို့ အရောင် တမျိုးမျိုး နှင့်တွဲ၍ အမည်တပ်မည့် တော်လှန်ရေး – ဥပမာ မြန်မာမှ ရွှေဝါရောင်တော်လှန်ရေး ၊ ယူကရိန်းမှ လိမ္မော်ရောင် တော်လှန်ရေး) တရပ်ဆင်နွဲရန် လုပ်ဆောင်နေသည်ဟု ပြည်တွင်းရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။ CNRP ၏ ဥက္ကဌ Kem Sokha ကို နိုင်ငံတော်ပုန်ကန်မှုနှင့် ဆိုင်သော စွဲချက်များဖြင့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့ပြီး ယခုအခါ တရားရင်ဆိုင်ရန် အကျဉ်းထောင်အတွင်း၌ စောင့်ဆိုင်းနေရသည်။ ပါတီခေါင်းဆောင်ဟောင်း Sam Rainsy မှာလည်း ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် နိုင်ငံခြားသို့ ထွက်ပြေးခဲ့ရသည်။ ပါတီကို ဖျက်သိမ်းမိန့်က CNRP ၏ တာဝန်ရှိသူ ၁၈၈ ဦးကို ၅ နှစ် အတွင်း နိုင်ငံရေး လှုပ်ရှားမှုများ မပြုလုပ်ရန် တားမြစ် လိုက်သည်။ ထိုနည်းတူ ဇွန်လ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် CNRP မှ ဒေသဆိုင်ရာ အကြီးအကဲ ၄၈၉ ဦးကိုလည်း သူတို့ ရာထူးနေရာများမှ ဖယ်ရှားလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်က ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် CNRP ရရှိခဲ့သည့် ဆန္ဒမဲ ၃ သန်းကို ထိရောက်စွာ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ဇွန်လက ပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင်လည်း CNRP က အလားတူ အရေအတွက် နီးပါး မဲများရရှိ ခဲ့သည်။ ဆယ်စုနှစ်များစွာအတွင်း မဲပေးသူ အများဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါသည်။ မဲပေးသူ အရေအတွက် များလာ ခြင်းက တနိုင်ငံလုံးမှ ကမ္ဘောဒီးယားပြည်သူများ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု မြင့်တက်လာခြင်းကို ဖော်ပြနေသည်။ အခွင့် အရေး ဆုံးရှုံးသွားသည့် အဆိုပါ မဲဆန္ဒရှင်များကို ဖြေသိမ့်နိုင်ရန် အတွက် တခုခု ပြန်ပေးနိုင်ရေးက အစိုးရ အတွက် အရေးကြီးနေသည်။ အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် CPP က မဲဆန္ဒနယ်ငယ်များတွင် ကျောင်း၊ ဆေးရုံ၊ လမ်း သို့မဟုတ် တံတားသစ် များ တည်ဆောက်ပေးရန် ကြီးမားသော ကတိများပေးဖို့ ဖြစ်လာသည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော အများပြည်သူနှင့် ဆိုင်သောလုပ်ငန်းများအတွက် ငွေ၏ တဝက်ကို ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် သုံးစွဲလေ့ရှိပြီး ကျန်တဝက်မှာ အဆိုပါ မဲဆန္ဒနယ်က CPP အပေါ် မဲပေးမှုပေါ်တွင် မရေမရာ မူတည်သည်။ အဆိုပါ လုပ်ငန်းများအတွက် ငွေက ရွေးကောက်ပွဲများကြားမှ နှစ်များကြားတွင် CPP က စုဆောင်းထားသည့် ရံပုံငွေတရပ် မှ ထုတ်ပေးခြင်း ဖြစ်ပြီး အဆက်အသွယ်ကောင်းသည့် စီးပွားရေးသမားများက လူဒါန်းခြင်း သို့မဟုတ် နိုင်ငံတော် ဘဏ္ဍာမှ ထုတ်ပေးခြင်းလည်း ဖြစ်တတ်ပါသည်။ မကြာမီတွင် CPP ၏ ရွေးကောက်ပွဲ ကိစ္စအတွက် နိုင်ငံတော် ဘဏ္ဍာငွေများကို ပိုမို သုံးစွဲရန်လည်း ရှိနေသည်။ အောက်တိုဘာလအတွင်းတွင် ဝန်ကြီးများကောင်စီ (Council of Ministers) က ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော် ဘတ်ဂျက် ကို အမေရိကန် ဒေါ်လာ ၆ ဘီလီယံ အထိ တိုးမြှင့် သုံးစွဲရန် အတည်ပြုခဲ့သည်။ ယခုနှစ် ၂၀၁၇ တွင် အမေရိကန် ဒေါ် လာ ၅ ဘီလီယံသာ သုံးစွဲခဲ့သည်။ CNRP အမတ် ၅၅ ဦး ပါဝင်နိုင်ခြင်း မရှိသော လွှတ်တော်က CNRP ဖျက်သိမ်းခံရပြီး နောက်တရက်တွင် အဆိုပါ ဘတ်ဂျက်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။ ပညာရေး၊ ကျန်းမာရေး နှင့် ကာကွယ်ရေး တို့တွင် တိုးမြှင့် သုံးစွဲမည်ဟု မျှော်လင့်ရပါသည်။ အကယ်၍ CPP က CNRP ဖျက်သိမ်းပြီးနောက်ပိုင်းတွင် စစ်ဗိုလ်ချုပ်ကြီးများက သူတို့ကို ဆက်လက်၍ သစ္စာစောင့်သိစေလိုသည်၊ တည်ငြိမ်မှုရှိစေ လိုသည်ဆိုလျှင် စစ်တပ်အတွက် ငွေကြေးပိုမို သုံးစွဲပေးရန် လိုအပ်မည် ဖြစ်သည်။ အတိုက်အခံ ပါတီဖက်တွင် ရပ်တည်မည့် မည်သည့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကိုမျှ ယခုအချိန်အထိ မတွေ့ရှိရသေးပါ။ အထည်ချုပ်စက်ရုံ အလုပ်သမားများက နိုင်ငံရေးတွင် အရေးပါသော အခြေခံစခန်းတခု ဖြစ်သည်/Reuters ဝန်ကြီးချုပ်နှင့် အစိုးရ ထိပ်တန်းတာဝန် ရှိသူများ လတ်တလော လများအတွင်းတွင် ကတိပြုခဲ့ကြသော လူမှုရေး အစီ အစဉ်သစ် အများအပြားအတွက် ထပ်တိုး ရံပုံငွေများလည်း လိုအပ်ဦးမည်ဖြစ်သည်။ ဖနွမ်းပင်မှ အထည်ချုပ်စက်ရုံများသို့ သွားရောက်သည့် အချိန်တွင် ဟွန်ဆန်က သြဂုတ်လအတွင်းတွင် သူ၏ CPP ပါတီက နိုင်ငံအတွင်းမှ အထည်ချုပ်လုပ်သား ၆၀၀၀၀၀ ကျော် အတွက် ပေးခဲ့သည့် ကတိများကို ထပ်မံ သတိပေးခဲ့သည်။ အဆိုပါ ကတိများထဲတွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၊ မြို့တော်အတွင်းတွင် အခမဲ့ သယ်ယူပို့ဆောင်ရေးနှင့် သူတို့၏ အခြေခံလစာကို တိုးမြှင့်ရေးတို့လည်း ပါဝင်သည်။ လူကြိုက်များမည့် မူဝါဒများကို လာမည့်နှစ် အစောပိုင်းတွင် စတင်မည်ဟု မျှော်လင့်ရပါသည်။ ထို့ပြင် ဝင်ငွေ တလလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ထက် နည်းသူများကို အခွန်ကောက်ခံခြင်း မပြုရန်၊ အစိုးရဝန်ထမ်းများ လစာ တိုးမြှင့်ရန်နှင့် တနိုင်ငံလုံး ကျန်းမာရေးစောင့်ရှောက်မှု စနစ်သစ်တခု တို့လည်း ပါဝင်ပါသည်။ ဟွန်ဆန်၏ အစိုးရက လူကြိုက်များသည့် ပြုပြင်ပြောင်းလဲရေးများကို စတင်ခြင်းအားဖြင့် ပြည်သူတို့၏ ဆန္ဒကို တုန့်ပြန်နေသည်။ သို့သော်လည်း အချို့သော လေ့လာဆန်းစစ်သူများကမူ ၎င်းတို့သည် လူပြိန်းကြိုက် လုပ်ရပ်များ ဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံကို အကြွေးထဲတွင် ထပ်၍ နစ်သွားစေနိုင်သည့် အန္တရာယ်ပင် ရှိနေသည်ဟု ပြောကြသည်။ လာမည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း မြင့်မားလာမည့် ဘတ်ဂျက်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၄ သန်း ချေးငှား မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ ကြွေးမြီက အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ အထိ ရောက်စေခဲ့သည်။ ဖြေရှင်းသည့် မရနိုင်သော အခြေအနေ မဟုတ်သော်လည်း အမြဲတမ်း တိုးလာနေမည့် လူပြိန်းကြိုက် မူဝါဒများကို ဆက်လက်ထိန်းသိမ်းရန် ချေးငှားသည့် အလေ့အထ ရေရှည်ခိုင်မြဲသွားပါက ပြဿနာဖြစ်လာနိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။ လေ့လာစောင့်ကြည့်သူ အချို့က CPP သည် CNRP ထက် လက်ဦးမှုရနိုင်ရန် အဆိုပါ မူဝါဒများကို ထုတ်ပြန်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ CNRP က လူမှုရေး ပြုပြင်ပြောင်းလဲရေးများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဥစ္စာ ဓနကို ပြန်လည် ဝေမျှယူနိုင်ရေး လှုပ်ရှားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိခဲ့သည်။ CPP က CNRP ကို ရှုံးလုနီးပါး ဖြစ်ခဲ့သော ၂၀၁၃ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီး၍ လ အနည်းငယ် အကြာတွင် အစိုးရက ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် CNRP က ပေးခဲ့သော ကတိ ၇ ခုထဲမှ ၅ ခုကို အကောင်အထည်ဖော်မည် ဖြစ် ကြောင်း ကြေညာခဲ့သည်။ ထိုကတိများထဲတွင် အထည်ချုပ်လုပ်သားများ၏ အခြေခံလစာကို တိုးမြှင့်ရန်၊ အစိုးရဝန်ထမ်းများ လစာတိုးပေးရန်နှင့် ကျန်းမာရေး အာမခံ စနစ်သစ်တခု ထူထောင်ရရန် တို့ပါဝင်သည်။ ရွေးကောက်ပွဲ မတိုင်မီကာလတွင် CPP အစိုးရက CNRP ၏ အဆိုပါ မူဝါဒများထဲမှ အများစုက မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။ CPP ၏ ရုတ်တရက် မူဝါဒ ပြောင်းလဲမှုက CNRP ၏ မူဝါဒများကို ကျင့်သုံးခြင်းအားဖြင့် အလုပ်သမား သမဂ္ဂလှုပ်ရှားမှုများ တွင် CNRP နှင့် ကာလရှည်စွာ လက်တွဲခဲ့သည့် သမိုင်းကြောင်းရှိပြီး ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည့် CNRP ကို ထောက်ခံသည့် အရေးပါသော အခြေခံစခန်းများထဲမှ တခုဖြစ်သော အထည်ချုပ်စက်ရုံ အလုပ်သမားများသာမက အရေးကြီးသည့် မဲဆန္ဒနယ်များကိုလည်း ကျေနပ်နှစ်သိမ့်ရေးကို ဦးတည်ပါသည်။ သို့သော်လည်း CNRP ဖျက်သိမ်းခံရခြင်းနှင့် အစိုးရ၏ ရက်ရောသော ပေးကမ်းစွန့်ကျဲခြင်းများ ရှိနေသည့်တိုင် သူတို့၏ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသော CNRP ကို ထောက်ခံသူများက နောက်လာမည့် ရွေးကောက်ပွဲတွင် CPP ပါတီကို ပြောင်းလဲ မဲပေးရေးက မရေရာသေးပါ။ ဝယ်ယူထားသည့် ရွေးကောက်ပွဲတွင် CPP က ပုံဖော်နေသော ဒီမိုကရေစီ တရားဝင် ဖြစ်မှုကို ဆန့်ကျင်သည့် အနေဖြင့် မဲပေးသူ နည်းပါးသည့် ရွေးကောက်ပွဲ တခုလည်း ဖြစ်လာနိုင်ပါသည်။ (Asia Times အွန်လိုင်းသတင်းပါ David Hutt ၏ Hun Sen bids to buy a no-contest election ကို ဘာသာပြန်သည်) The post ပြိုင်ဘက်မရှိ ရွေးကောက်ပွဲ ဝင်ရန် ဟွန်ဆန် ပြင်ဆင် appeared first on ဧရာဝတီ.
Source : http://ift.tt/2AgLf77
via IFTTT

No comments:

Post a Comment