သတိ…၊ သင် ဘယ်ရောက်နေတယ် ဆိုတာကို သင့်ဖုန်းက အချက်ပြနေတယ် ဒီနေ့ခေတ် ကမ္ဘာမှာ စမတ်ဖုန်း အသုံးပြုသူ အရေအတွက်ဟာ ၃ ဘီလီယံနီးပါး ရှိနေပြီလို့ ခန့်မှန်းထားကြပြီး တချို့ကလည်း ၂ ဒသမ ၈ ဘီလီယံလောက် ရှိပြီလို့ ဆိုပါတယ်။ ဒီလို စမတ်ဖုန်းတွေ အသုံးပြုမှုမှာ သတိမထားမိကြတဲ့ အချက် တခု ရှိနေပါတယ်။ အဲဒါကတော့ ဘယ်မှာပဲ ရောက်ရှိနေတာ ဖြစ်စေ တည်နေရာကို ဖုန်းရဲ့ ချိတ်ဆက်စနစ်က ခြေရာခံနေတာ ဖြစ်ပြီး တကယ်လို့ မိမိရဲ့ တည်နေရာကို သိချင်တယ် ဆိုရင် ဂြိုဟ်တုကနေ ရှာဖွေ အတည်ပြုလို့ ရနေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတွေ အရ စမတ်ဖုန်းရဲ့ တည်နေရာဟာ ကမ္ဘာပေါ်က ဘယ်မှာ အဆိုပါဖုန်း ရောက်နေတယ် ဆိုတာ အချက်ပြနေတာ ဖြစ်ပါတယ်။ Quartz ဆိုတဲ့ အဖွဲ့က Googleရဲ့ ခြေရာခံစနစ်နဲ့ တည်နေရာပြစနစ်တွေကို ဝင်ရောက် လေ့လာခဲ့ပြီး ဖုန်းမှာ ပါရှိတဲ့ တည်နေရာပြစနစ်ကို ပိတ်ထားရင်တောင်မှ ဘယ်ဆက်သွယ်ရေး တာဝါတိုင်ရဲ့ ဧရိယာ အတွင်းမှာ ရှိနေတယ် ဆိုတာ နေရာအတိအကျ သိနိုင်တဲ့ အကြောင်း လေ့လာသိရှိခဲ့ပါတယ်။ ဒါဟာ Sim ကတ် ထုတ်ထားတဲ့တိုင် ဘယ် App ကိုမှ မသုံးသည့်တိုင် တည်နေရာကို အချက်ပြနေတယ် လို့ ဆိုပါတယ်။ လန်ဒန်အခြေစိုက် Hacker House ရဲ့ လေ့လာရေးနဲ့ လုံခြုံရေးစနစ် ပညာရှင် Matthew Hickey က “ဒီလို တည်နေရာကို အလိုအလျောက် သိရှိ အချက်ပြနေတာက တကယ်ကို ထိန်းချုပ်ခံထားရ သလိုပါပဲ၊ ဒီစနစ်ကိုလည်း ပိတ်ထားလို့ မရသေး ပါဘူး” လို့ Quartz ကို ပြောပြပါတယ်။ “ဒါဟာ Googleရဲ့ ဖန်တီးထားတဲ့ စနစ် တခု ဖြစ်နိုင်ပြီး Sim ကတ် မထည့်ထားသည့်တိုင်၊ တည်နေရာပြစနစ်ကို မဖွင့်သည့်တိုင် Google စနစ်ပါရှိတဲ့ ဖုန်းတွေမှာ တည်နေရာကို အချက်ပြနေတာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက စပြီး Google ကနေ Cell ID Code စနစ်ကို ဖန်တီးခဲ့ပြီး ဘယ်လို ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတိုင်း မဆိုရဲ့ Message နဲ့ Noti လို အချက်ပြမှု အားလုံးကို ဝင်ရောက် ထိန်းသိမ်း သိရှိနိုင်ဖို့ ကြိုးစားလာတာနဲ့ အတူ အခုလို ဖုန်းတွေမှာ ဖုန်းကတ် မရှိ၊ App မသုံးသည့်တိုင် ဖုန်းရဲ့ တည်နေရာကို Google ကနေ သိရှိနိုင်လာတာလည်း ဖြစ်နိုင် ပါတယ်။ အထူးသဖြင့် Google ကနေ ဖန်တီးတဲ့ Android စနစ်သုံး ဖုန်းတွေမှာ ဖုန်းကတ် ထုတ်ထားသည့်တိုင် ဆက်သွယ်ရေး တာဝါတိုင် တခုခု အနီး ရောက်တိုင်း လှိုင်းထုတ်လွှင့်မှု ရှိပြီး အဆိုပါ ဖုန်းရဲ့ တည်နေရာကို Google က သိချင်တယ် ဆိုရင် ချက်ချင်း ရှာဖွေ သိရှိနိုင်လာတာ ဖြစ်ပါတယ်။ Google ကတော့ အခု ခြေရာခံစနစ်နဲ့ ပတ်သတ်ပြီး ဆက်သွယ်ရေး စနစ်ပိုမို အားကောင်းအောင် ချိတ်ဆက်ပေးနိုင်ဖို့နဲ့ Message ဝန်ဆောင်မှု လျင်မြန်ဖို့ လုပ်ဆောင်ထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။ နောက်ပြီး အခုလို ခြေရာခံစနစ်ကို Google က အောင်မြင်အောင် ဖန်တီးနိုင်ခဲ့ပြီးတာနဲ့ ကုမ္ပဏီက အခု ဒီဇင်ဘာ ကနေ စပြီး အဆိုပါ Google စနစ်ပါ ဖုန်းတွေရဲ့ လှိုင်းထုတ်လွှတ်မှုကို ရပ်နားလိုက်မှာ ဖြစ်ပါတယ်။ ခြေရာခံ ကြည့်ရှုမှု မလုပ်တော့ဘူးလို့ ဆိုပါတယ်။ ဒါအပြင် စနစ်ကို ဖန်တီး စမ်းသပ်ချိန်က ရရှိထားတဲ့ တည်နေရာ အချက်ပြ စနစ် မှတ်တမ်းတွေ အားလုံးကို ဖျက်ပစ်တော့မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ပုံမှန် အသုံးပြူသူတွေ အတွက်တော့ အဆင်ပြေပေမယ့် Google မှာ အခုလို ခြေရာခံနိုင်မှု စနစ် ပိုင်ဆိုင်ထားပြီ ဆိုတာကို သိလာရတဲ့ အတွက် ကျောမလုံစရာတော့ ဖြစ်လာပါတယ်။ ယခင်က အခုလို တည်နေရာကို ခြေရာခံဖို့ အတွက် ဖုန်းရဲ့ စနစ်က အသုံးပြုသူကို ခွင့်ပြုချက်တောင်းခံပြီး အသုံးပြုသူက ခွင့်ပြုမှသာ ဖုန်းရဲ့ တည်နေရာကို ဆက်သွယ်ရေး ဝန်ဆောင်သူက ခြေရာခံ အတည်ပြုတာ ဖြစ်ပြီး ဖုန်းစနစ် အပြင် Angry Birds, Pandora နဲ့ Candy Crush လို ဂိမ်းတွေမှာလည်း တည်နေရာကို ခြေရာခံဖို့ ခွင့်ပြုချက် တောင်းတာတွေ ရှိခဲ့ပေမယ့် အခု Google ရဲ့ စနစ်ကတော့ ခွင့်ပြုချက်လည်း တောင်းစရာ မလိုအပ်သလို မိမိကိုယ်တိုင်တောင်မှ မသိလိုက်ဘဲ မိမိရဲ့ တည်နေရာကို ကုမ္ပဏီက သိချင်တယ် ဆိုရင် ရှာဖွေနိုင်နေပြီလည်း ဖြစ်ပါတယ်။ အဆိုပါ App တွေ ဖုန်းစနစ်တွေကနေ တောင်းခံတဲ့ တည်နေရာ ခြေရာခံမှုကို အဓိက အနေနဲ့ လျှို့ဝှက်စွာ သိမ်းဆည်းထားပြီး အဆိုပါ တည်နေရာ အချက်အလက်တွေကို သိမ်းဆည်းပေးမှုကိုတော့ Safe Graph လို ဝန်ဆောင်မှု ကုမ္ပဏီက အာမခံနဲ့ လုံခြုံအောင် သိမ်းဆည်းမှု ပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ Safe Graph လို ကုမ္ပဏီတခုတည်းမှာတင် အမေရိကန်က ဖုန်းအလုံးရေ ၁၀ သန်းရဲ့ တည်နေရာတွေ ခြေရာခံပြီး အချက်အလက်ပေါင်း ၁၇ ထရီလီယံလောက်ကို လျှို့ဝှက်စွာ သိမ်းဆည်း ပေးထားတာလည်း ဖြစ်ပါတယ်။ Quartz ကတော့ အခုလို Safe Graph လို ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ ဆောင်ရွက်ချက်ကို သဘောကျ လက်ခံပေမယ့် ခွင့်ပြုချက် မရှိဘဲ တည်နေရာကို ခြေရာခံလာနိုင်တဲ့ Google ရဲ့ စနစ်ကိုတော့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု တခုလို့ သုံးသပ် တာလည်း တွေ့ရပါတယ်။ ဖုန်းကို ခြေရာခံနိုင်လာတယ်၊ App တွေကို ဝင်ကြည့်နိုင်လာမယ်၊ ဒါဆိုရင်တော့ နောက်ပိုင်းမှာ ဖုန်း အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် အချက်အလက်အားလုံးက လုံခြုံအောင် ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာ ခက်ခဲလာမှာပါ လို့ Quartz က သုံးသပ်ပါတယ်။ ဒါဆိုရင်တော့ ကုမ္ပဏီတိုင်းရဲ့ ဝန်ဆောင်မှု ဆိုတဲ့ စကားလုံးနဲ့ သူတို့ရဲ့ ဖန်တီးမှုတွေက ဖုန်း သုံးစွဲသူတွေ အတွက် ပိုမို ကောင်းမွန်ဖို့ လား၊ သူတို့ လိုအပ်ရင် လိုအပ်သလို ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို ဝင်ရောက် စွက်ဖက် ကြည့်ရှုနိုင်ဖို့ လား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။ အခု Google ရဲ့ စနစ်ကို တားဆီးနိုင်မယ့် တခုတည်းသော နည်းလမ်းက အရင် သိထားကြသလို ဖုန်းကတ်ထုတ်ရုံ၊ GPS ကို ပိတ်ရုံနဲ့ မရတော့ဘဲ ဖုန်းကို Power ပိတ်၊ ဘက်ထရီကို ဖြုတ်ပြီး အိမ်မှာ ထားခဲ့မှပဲ ရတော့မှာ ဖြစ်ပါတယ်။ Ref: http://ift.tt/eKERsB The post သတိ…၊ သင် ဘယ်ရောက်နေတယ် ဆိုတာကို သင့်ဖုန်းက အချက်ပြနေတယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2zIgX92
via IFTTT
No comments:
Post a Comment