ကျီးယောင်ဆောင်ထားသော “ဒေါင်း” သို့မဟုတ် မိခင် မေတ္တာရှင် တဦး လူတဦး လသားအရွယ် ကလေးငယ်ကို ချီပိုး၍ လမ်းလျှောက်လာသည်။ အဝေးက လှမ်းကြည့်လျှင် အဖေနှင့် သား ကဲ့သို့၊ ဦးလေးနှင့် တူကဲ့သို့ သဏ္ဌာန်ပင်။ ဖခင်ဟု ထင်ရသူ၏ ဆံပင်တို့သည့် နီကြဉ်ကြဉ်ဖြစ်လို့နေသော်လည်း လက်အတွင်းမှ ကလေးငယ်မှာ တသွေးတမွေး ရှိနေသည်။ ဘောင်းဘီတို အပွ ရှပ်အင်္ကျ ီ ပွရောင်းရောင်း အသား ညိုညိုညစ်ညစ်ဖြင့် ထိုသူသည် မျက်စိ အမြင်တွင် အမျိုးသား တယောက် အသွင်ဖြစ်သော်လည်း စင်စစ် ထိုက်ထိုက် အမည်ရှိ အမျိုးသမီးဖြစ်လေသည်။ ပဲခူတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့သည် အမျိုးသားကဲ့သို့ ပြောင်းလဲ ဝတ်ဆင် ပြုမူ နေထိုင်သည့် ယောကျ်ားလျာ ထိုက်ထိုက် နေထိုင်ရာ မြို့ဖြစ်သည်။ ထိုက်ထိုက်သည် လယ်ယာ အလုပ်လုပ်သည်။ ဈေးထဲတွင် ကုန်ထမ်းသည်။ ခြံရှင်းပေးသည်။ ဈေးရောင်းသည်။ ပန်းရံ လုပ်သည်။ ရေထမ်းရောင်းသည်။ ကြုံရာ ကျပန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။ အမျိုးသားတယောက်ကဲ့သို့ အမြဲတစေ နေထိုင်တတ်ပြီး အပွင့်ရိုက် JJ ဘောင်းဘီပွကို ဝတ်ဆင်ထားကာ သွားတို့ သည် ကွမ်းစားသည့် ဒဏ်ကြောင့် မည်းညစ်နေသည်။ အပြုအမူအနေအထိုင်နှင့် အပြောအဆို ရုပ်ရည်ကို ကြည့်မည် ဆိုလျှင် လုံး၀ အမျိုးသားတယောက် ပုံစံအပြည့် ဖြစ်သည်။ သူသည် ထိုကဲ့သို့ ဝတ်ဆင်ပြုမူ နေထိုင်သော်လည်း ယောကျ်ားတို့၏ ကာမ မာယာနွံတောမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထိုက်ထိုက် အသက် ၃၅ နှစ်အရောက်တွင် လိင်အကြမ်းဖက်မှု ခံခဲ့ရသည်။ “ကျနော် အလုပ်ထဲက သူငယ်ချင်းတွေနဲ့ ရံဖန်ရံခါ အရက် သောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် ဘယ်တော့မှ မူးအောင် မသောက်ဘူး။ မမူးအောင် အမြဲထိမ်းပြီး သောက်တယ်။ အဲဒီနေ့ကတော့ ကျနော် နည်းနည်းလေးသောက်ပြီး သတိလစ်သွားတာ။ ဘာမှ သတိမရတော့ဘူး။ ဒီကောင် သက်သက်ယုတ်မာတာ” ဟု ထိုက်ထိုက်က ပြောပြသည်။ တမြို့တည်းသားချင်း ငယ်ပေါင်းများထဲမှပင် ပြန်လည်စော်ကားခဲ့ခြင်းဖြစ်ကာ ကူညီဖေးမသလိုနှင့် တမင်ရည်ရွယ်ချက် ရှိရှိ အနိုင်ကျင့် ခံခဲ့ရသည်။ စားဝတ်နေရေး မပြေလည်၍ ဝမ်းစာရေးအတွက် အရက်အတူတူ သောက်မိရာမှ စော်ကား ခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ လိင်အကြမ်းဖက် ခံရပြီးနောက် ၄ လခန့်အကြာ ကိုယ်ဝန်ရှိကြောင်း ထိုက်ထိုက် သိလာသည်။ ထိုအခါ ကလေး အဖေနာမည် ဖော်ရန်အတွက် စော်ကားခဲ့သူကို ဖွင့်ဟတောင်းပန်ရာ ထိုသူက အခြားတမြို့ တရွာသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ ဈေးရောင်းရာတွင်လည်း သားငယ်လေးနှင့် အတူ / ချမ်းစွန်း/ဧရာဝတီ ယခုချိန်အထိ ထိုသူ ဘယ်ရောက်၍ ဘယ်ပေါက်နေမှန်းပင် မသိရတော့၊ ယနေ့အချိန်ထိ ထိုက်ထိုက်ကို စော်ကားခဲ့သူ သည် မည်သူ မည်ဝါဖြစ်ကြောင်းကို ထိုက်ထိုက်မှ လွဲ၍ မည်သူမျှ မသိရပေ။ အမျိုးသားကဲ့သို့ နေထိုင်သည့် အမျိုးသမီးတယောက် အတွက် ကိုယ်ဝန်ဆောင် ကလေးမွေးဖွားရန်သည် သာမန် အမျိုးသမီး တဦးထက် ပိုခက်ခဲခဲ့သည်။ သို့သော် ထိုကလေးကို ဖျက်ချမည့်အတွေး တကြိမ်တခါမျှ မတွေးမိဘဲ သတ္တိရှိရှိ မွေးဖွားရန်သာ ထိုက်ထိုက် ကြိုးစား နေခဲ့သည်။ သူ့ကို ပတ်ဝန်းကျင်က ကဲ့ရဲ့သည်။ ဖေးမသူ မရှိ၊ ကူညီသူ မဲ့နေခဲ့သည်။ “ပြောတော့ ယောကျ်ာလေးလိုနေတယ်၊ အခုတော့ ဗိုက်ကြီးနေပြီလေ၊ ယောကျ်ားစိတ်သာ ပေါက်နေတာ အခုတော့ ကြည့်ပါလားလို့ ကျနော့်ကို ကဲ့ရဲ့တယ်။ အဲဒီ အချိန်မှာ ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ ကိုယ်မိုက်လို့ ကိုယ်ခံရတာဆိုပြီး အလုပ်တွေ လျှောက်လုပ်နေတယ်။ သူများ အိမ်လည်း သွားမလည်ဘူး၊ သူများတွေနဲ့လည်း မတွေ့တော့ဘူး” ဟု ထိုက်ထိုက် က ပြောပြသည်။ သူသည် လူမှန်း သိတတ်စကတည်းက အမျိုးသားကဲ့သို့ နေထိုင်ကြီးပြင်းခဲ့ပြီး အမျိုးသားစိတ်သာ ရှိခဲ့သူဖြစ်သည်။ ယောကျ်ားမကျ မိန်းမမကျ ပုံစံဖြစ်သဖြင့် ပတ်ဝန်းကျင်က နှိမ်ချဆက်ဆံသည်။ ကျောင်းမတက်ခဲ့ရသဖြင့် စာမရေးတတ် မဖတ်တတ်၊ သူတပါး ခိုင်းဖတ် အဖြစ် ကြီးပြင်းခဲ့ရသည်။ သားငယ်လေးကို ကြည့်ရင်း ဘဝအမောတွေ ဖြေနေပုံရသော မိခင် မေတ္တာရှင် ထိုက်ထိုက် / ချမ်းစွန်း/ဧရာဝတီ မိဘ အိမ်ထောင်ရေးသည်လည်း ဖခင်ဖြစ်သူက အိမ်ထောင်ရေး ဖောက်ပြန်သဖြင့် ငယ်စဉ်ကတည်းက အမေနှင့်သာ ကြီးပြင်းခဲ့ရသည်။ ကောက်စိုက်စားခဲ့ရသည်။ အရွယ် ရောက်လာသည့်အခါ ပန်းရံလိုက်လုပ်သည်။ မိဘနှစ်ပါးလုံး ကွယ်လွန်ခဲ့ပြီးနောက် သူ့တွင် အစ်မတယောက်သာ ရှိတော့သည်။ အစ်မနေအိမ်တွင် ခိုကပ်နေထိုင်ရင်း အစ်မ ဖြစ်သူ၏ ယောကျ်ားနှင့် အဆင်မပြေသဖြင့် အသိတယောက်၏ ဈေးထိပ်က ကွမ်းယာတဲတွင် သွားရောက် နေထိုင်ရသည်။ ထိုသို့ မိသားစု၏ အပြင်ဘက်တွင် သွားရောက် နေထိုင်ရသည့်အခါ အပေါင်းအသင်းသည်သာ မိသားစုဖြစ်လာခဲ့ သည်။ ကာကွယ် စောင့်ရှောက်ပေးမည့် မိသားစု မရှိတော့သည့်အခါ အန္တရာယ်က တံခါးမရှိ ဓားမရှိ ဝင်ရောက်လာခဲ့ တော့သည်။ စော်ကားခံရပြီးနောက် ကိုယ်ဝန် ရှိလာသည့်အခါ မိသားစုက မစောင့်ရှောက်ပေးသည့် အပြင် မိသားစုကို အရှက်ခွဲ သည် ဟူ၍ ထပ်မံ စွပ်စွဲခံရပြန်သည်။ မိသားစု၏ နွေးထွေးမှု၊ နှစ်သိမ့်အားပေးမှု မရရှိခဲ့ပါ။ ပတ်ဝန်းကျင်၏ ရှုတ်ချမှု တို့ဖြင့် ထိုက်ထိုက်၏ ကိုယ်ဝန်ဆောင်သည် ဘ၀ ခါးသီးခဲ့သည်။ သို့နှင့် ထိုက်ထိုက်တယောက် ကိုယ်ဝန်လရင့်လာသည်။ ပဲနုတ်၊ လယ်လုပ်၍ စားဝတ်နေရေးကို ဖြေရှင်းနေရင်း ကိုယ်ဝန် ၇ လ ရောက်လာသည့်အခါ ဖဒိုမြို့မှ ကိုစိုးထိုက် ဆိုသူ၏ အကူအညီဖြင့် သန်လျင်မြို့က “မြင့်မိုလ်မေတ္တာ ခိုနားရာဂေဟာ” ခေါ်သည့် Single Mother တို့ ဂေဟာသို့ ရောက်ရှိလာခဲ့သည်။ သူနှင့် အလားသဏ္ဌာန်ချင်း ဆင်တူ သည့် ဖခင်အမည်မဖော်နိုင်သူ မိခင်လောင်းများနှင့်အတူ ၂ လခွဲ နေထိုင်ခွင့် ရခဲ့သည်။ သန်လျင်မြို့သို့ ရောက်ပြီးနောက် ပထမဆုံး ကိုယ်ဝန်အပ်ချိန်သို့ ရောက်ရှိလာခဲ့သည်။ သန်လျင်ဆေးရုံး၌ ဗိုက်အပ်ရန် အတွက် ဖခင်နာမည် အလုပ်အကိုင် မေးမြန်းချိန် ထိုက်ထိုက် တယောက် ခေါင်းမီးတောက်ခဲ့သည်။ ကြုံရာကျပန်း ရေထမ်းရင်းလည်း ရိုးသားစွာ အသက်မွေးဝမ်းကျောင်းသူ/ ချမ်းစွန်း/ဧရာဝတီ “ဆေးရုံက အဖေနာမည်မေးတော့ ဘယ်သူ့ ပြောလို့ ပြောရမှန်း မသိဘူး။ ဒါနဲ့ အတူသွားတဲ့ ဗိုက်ကြီးသည်တွေကို ဟေ့ကောင်တွေ ငါ့ယောကျ်ား နာမည် ဘယ်သူလဲလို့ လှမ်းမေးရတယ်။ အဲဒီ အခါ အတူလာတဲ့လူတွေက ကိုစိုးထိုက် လို့ ပြောလိုက်လို့ ပြောလို့ အဖေ နာမည် ကိုစိုးထိုက်လို့ ပြောလိုက်ရတယ်။ နောက်တခါ ဘာလုပ်လဲ မေးတော့ သူတို့ ကို ပဲ လှမ်းမေးရပြန်တယ်။ သူတို့ကလည်း ပန်းရံလုပ်တယ် ပြောလိုက်ဆိုလို့ အဲဒီလို ပြောလိုက်တော့ ကျနော့် ကလေး အဖေက ပန်းရံလုပ်တဲ့ စိုးထိုက် ဖြစ်သွားတယ်” ဟု ထိုက်ထိုက် က ပြောပြသည်။ ထိုက်ထိုက်သည် ကိုယ်ဝန်ဆောင်သည် ဖြစ်နေသော်လည်း လမ်းလျှောက်ပုံမှအစ အပြုအမူ အားလုံးသည် ယောကျ်ား တယောက် နေထိုင်ပုံအတိုင်း ဖြစ်နေခဲ့ပြီး အခြား ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်အတူ နေထိုင်ရ၍ “မိန်းမတောထဲ နေရတာ စိတ်ညစ်ဖို့ ကောင်းတယ်”ဟု အမြဲ ညည်းညူ တတ်သည်ဟု Single Mother ဂေဟာမှ တာဝန်ခံ ဒေါက်တာ မြတ်စန္ဒာသက်က ပြောပြသည်။ “ထိုက်ထိုက်က အခြားသူတွေနဲ့ မတူဘူး။ သူက ရိုးသားတယ်။ ဗိုက်သွားအပ်တဲ့နေ့က ဘိုကေနဲ့ ဗိုက်ကြီးသည် ဆို တော့ အခြားလူနာတွေက ဘယ်ကလာတာလဲ ဘာညာနဲ့ စပ်စုကြတယ်။ အဲဒီတော့ သူက ခိုနားရာက မဗိုက်တွေ အားလုံးကို လက်ညိုးလေးနဲ့ဝိုင်းပြပြီး ကျနော်တို့အားလုံးက ယောကျ်ားမရှိဘဲ ဗိုက်ကြီးရင်လာနေပြီး ကလေးမွေးတဲ့ဂေဟာက လာတာလို့ပြောတာ” ဟု ဒေါက်တာ မြတ်စန္ဒာသက် က ပြောသည်။ မွေးလာမည့် ကလေးသည် မိန်းကလေးဖြစ်ပါက သူ့ကဲ့သို့ မလုံခြုံမည်စိုး၍ Single Mother ဂေဟာတွင် ထားရစ်ခဲ့မည် ဖြစ်ပြီး ယောကျ်ားလေးဖြစ်ပါက ကလေးလက်ဆွဲက ဘဝတိုက်ပွဲဝင်မည်ဟု ပြောဆိုနေခဲ့သည့် ထိုက်ထိုက် တယောက် သားယောကျ်ားလေး မွေးဖွားခဲ့သည်။ “ယောကျ်ားပဲ။ ဘာပူစရာမှ မလိုဘူး။ ကျနော် အလုပ်လုပ်တဲ့နား ချထားလိုက်ရုံပဲ။ သားအမိနှစ်ယောက် အလုပ်တူတူ လုပ်မယ်။ တနေ့ကျရင် ဒီကောင် ကျနော့်ကို ရေတခွက်တော့ ခပ်တိုက်ဦးမှာ”ဟု ထိုက်ထိုက်က ဆိုသည်။ သားငယ်လေး နှင့် အတူ ဘဝခရီးကြမ်းကို ဖြတ်သန်းရန် အခိုင်အမာ ဆုံးဖြတ်ထားဟန်လည်း တွေ့ရ / ချမ်းစွန်း/ဧရာဝတီ ပညာမတတ် ငွေကြေးမရှိ၊ ကျောထောက်နောက်ခံမရှိ၊ လင်ယောကျ်ား ဘယ်ဆီနေမှန်းမသိသော ထိုက်ထိုက်၏ မိခင် မေတ္တာနှင့် သူ၏ သတ္တိကို လေးစားမိပါသည်။ သား ယောကျ်ားလေးမို့ ကလေးလက်ဆွဲ ဘဝတိုက်ပွဲဝင်ရန် စဉ်းစားနေသည်။ သူ့ဘဝတွင် သူ၏ သွေးသားရင်းချာ သားတစ်ယောက် ရရှိပြီဖြစ်၍ ရေတစ်ခွက် ခပ်တိုက်လျှင်ပင် သူမွေးရကျိုး နပ်ပြီဟု ပြောဆိုနေခဲ့သည်။ ကလေးမွေးဖွားပြီး ရက်အနည်းငယ်အကြာ သူနှင့်အတူ သူ၏ သားငယ်ကို ခေါ်ကာ ကြိုဆိုသူ မရှိသည့် သူနေထိုင်ရာ မြို့သို့ ပြန်သွားခဲ့သည်။ သူအိမ်ပြန်လာမည်ကို ကြိုတင် ဖုန်းဆက်ထားသော်လည်း ပြန်မလာနှင့်ဟုသာ နှင်လွှတ်နေ သည့် မိသားစုကို ရင်ဆိုင်ရန် သူ့တွင် သားကပေးသည့် မေတ္တာ ခွန်အားတခုသာ ရှိသည်။ ထိုမေတ္တာကြောင့် ထင်ပါ သည် ဆူပူနှင်လွှတ် နေကြသည့် အစ်မ နေအိမ်တွင် သူ နေထိုင်ခွင့် ရခဲ့ပါသည်။ အစ်မဖြစ်သူ မအေးအေးနွယ် က “ကျမ သားတွေက လူပျိုအရွယ်တွေ ဆိုတော့ ရှက်ကြတယ်။ ကျမကပဲ သူတို့ကို အမေ့မှာ ဒီညီအစ်မလေး နှစ်ယောက်ရှိတာ ဘယ်လို ပစ်ရက်မလဲလို့ စည်းရုံး ငိုယိုပြောပြီး အိမ်ပေါ် ပြန်ခေါ်ထားရ တယ်။ သူ့မှာ ကလေးငယ်ငယ်နဲ့ နေစရာမရှိ ဆွေမရှိ မျိုးမရှိနဲ့ ဆိုတော့ ကျမမှ မကြည့်ရင် ဘယ်သူကြည့်မလဲလေ၊ သူစိမ်းတွေကတောင် ကလေးမွေးပေး လုပ်ပေးကြတာ၊ ကျမက သွေးသားရင်း လက်ခံပေးရမှာပေါ့။ ဒါပေမယ့် ကျမ ယောကျ်ားက အရက်မူးလာရင် တအားသွေးဆိုးတာ အိမ်မှာ စိတ်ချမ်းသာရတဲ့ ရက် တရက်မှ မရှိဘူး။ သူ့ ဘဝလေး ကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်။ ကျမကလည်း ဘာမှ လုပ်မပေးနိုင်ဘူး” ဟု ပြောသည်။ ထိုက်ထိုက် အစ်မဖြစ်သူ မိသားစုသည် သာမန် တရက်လုပ် တရက်စားရသည့် မိသားစုဖြစ်ကာ သားသမီး ငါးယောက် ရှိသည်။ ထိုမိသားစုနှင့်အတူ ဝမ်းမဝလည်း ကျောတခင်းစာ ရရုံဖြင့် သားအမိနှစ်ယောက် တစ်ဘ၀ ရင်ဆိုင်နေရသည်။ ယခုဆိုလျှင် ကလေးမှာ လေးလကျော်လာပြီ ဖြစ်သည်။ ကလေးကို ချစ်ခင်ကြသူများက တောင်းကြသော်လည်း “ကျနော်မှ ဒီကောင့်ကို မခွဲနိုင်တော့တာ” ဟု ထိုက်ထိုက်က ပြန်ဖြေသည်။ Single Mother တယောက် ဖြစ်နေပေမယ့် တကိုယ်တည်း ရဲဝံ့စွာ၊ ကလေးတစ်ယောက် ချီပိုး၍ ကောင်းမွန်စွာ အသက် မွေးဝမ်းကျောင်း နေသည့် ထိုက်ထိုက် ထမင်း မစားရသည့် ရက်များပင် ရှိခဲ့ပါသည်။ ကိုယ်တိုင်က ခြေထောက်တွင် ဖိနပ်မပါဘဲ ကလေးကို ဦးထုပ်ဆောင်း၊ ထီးဆောင်းကာ အလုပ်သွားလုပ်ရာ နေရာ တိုင်း ခေါ်ယူနေသွားတတ်သည့် ထိုက်ထိုက်၏ မိဘမေတ္တာကို မလေးစားဘဲ မနေနိုင်အောင်ပင်။ နေပူထဲ ချွေးရွှဲရွှဲဖြင့် သားငယ်ကို ချီးပိုး၍ မမောနိုင် မပန်းနိုင် တကိုယ်တည်း မွေးဖွား စောင့်ရှောက်ပေးနေသည့် ထိုက်ထိုက်လို မိခင်စိတ် ထားနိုင်မှုကိုလည်း အတုယူ အားကျမိပါသည်။ ထိုကြောင့် မည်မျှ ခက်ခဲပင်ပန်းသည့် ဘဝမျိုးဖြစ်နေပါစေ မိမိ၏ သွေးသားကို ချစ်ခင် မြတ်နိုးတတ်သော၊ တာဝန်ယူ တတ်သော၊ တန်ဖိုးထားတတ်သော လူ့အသိုက်အဝန်းတခု ဖြစ်ပေါ်လာရန် ဆန္ဒ ပြုလိုက်ရပါတော့သည်။ ။ The post ကျီးယောင်ဆောင်ထားသော “ဒေါင်း” သို့မဟုတ် မိခင် မေတ္တာရှင် တဦး appeared first on ဧရာဝတီ.
Source : http://ift.tt/2jXIs7A
via IFTTT
No comments:
Post a Comment