ဂျာမနီအသင်း အားထားရတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မားဆွတ်အိုဇေး မားဆွတ်အိုဇေး (Mesut Ozil) က ဂျာမနီ ကစားသမား၊ လက်ရှိ ပြည်တွင်းမှာ လူကြိုက် အများဆုံး အင်္ဂလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပရီးမီးယားလိဂ်ရဲ့ ကြီး ၄ ကြီး စာရင်းဝင် အာဆင်နယ်မှာ ကစားနေသူ၊ သူက ကွင်းလယ် ကစားသမား၊ ဒါပေမယ့် တိုက်စစ်ဘက်ကိုလည်း ရတယ်၊ တခြားသူတွေလို ကွင်းလယ် ဖန်တီးရှင် သက်သက် မဟုတ်ဘဲ တိုက်စစ်ကိုပါ လိုက်ပါ ကစားပေးနိုင်တယ်၊ ဂိုးတွေ သွင်းယူနိုင်တယ် ဆိုတော့ အသင်း အတွက် ပိုပြီး အားရှိစေတာ ပေါ့။ သူ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က အနောက်ဂျာမနီနယ်၊ Gelsenkirchen မှာ မွေးတယ်၊ အခုမှ အသက် ၂၉ နှစ်၊ တိုက်စစ်မှူးစစ်စစ် မဟုတ်တော့ နောက်ပိုင်း အသက် ၃၀ ကျော်သွားလို့ ကစားအား ကျသွားရင် ကွင်းလယ်မှာ ဝါရင့် ကစားသမား အဖြစ် မြင်တွေ့ရဦးမယ့်သူ တဦးပါ။ အရပ် ၅ ပေနဲ့ ၁၁ လက်မ ရှိပါတယ်၊ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၁၁ ဝင်ဆင် ကစားသူပါ။ ငယ်စဉ် ကစားသမားဘဝကို စတင်ခဲ့တာကတော့ ၁၉၉၅ ခုနှစ်မှာ ဖြစ်ပြီး Westfalia 04 Gelsenkirchen မှာ စတင် ကစားပါတယ်၊ အဲဒီမှာ ၃ နှစ်ကြာပြီး ၁၉၉၈ ခုနှစ်ရောက်တော့ Teutonia Schalke-Nord ရောက်လာတယ်၊ ၂ နှစ် ထပ်ကြာတယ်၊ ၂၀၀၀ ခုနှစ်ရောက်တော့ Falke Gelsenkirchen ရောက်သွားတယ်၊ ဒါပေမယ့် အဆင်မပြေလို့ အဆိုပါနှစ်မှာပဲ Rot-Weiss Essen ရောက်သွားတယ်။ နောက် ၅ နှစ်ကြာထိ အဆိုပါ အသင်းမှာ နေခဲ့ပေမယ့် ဘောလုံးလောကထဲ ရောက်တာ ၁၀ နှစ်ပြည့်သည့် တိုင်အောင် အိုဇေး တယောက် အသင်းကြီးတွေမှာ ကစားခွင့် မရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် အလင်းတန်း တခုရလာခဲ့တာက ၂၀၀၅ ခုနှစ်မှာ၊ လက်ရှိ ဂျာမနီ အခြေစိုက် ကလပ် အသင်းတွေမှာလည်း အသင်းကြီး စာရင်းဝင်တဲ့ Schalke 04 ကို ရောက်သွားပါတယ်၊ အငယ်တန်း ကစားသမား ဘဝကို ရှော်ကေးမှာပဲ အဆုံးသတ်ပြီး ၂၀၀၆ ခုနှစ်မှာ ရှော်ကေးအသင်းကြီးမှာ ဝင်ကစားခွင့် ရလာပါတယ်။ ငယ်မွေးခြံပေါက် မဟုတ်ပေမယ့် အသင်းကြီး ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ရှော်ကေးမှာ သူ ၂ နှစ် ကစားတယ်၊ ၂၀၀၈ ခုနှစ်ထိပါ။ ပွဲပေါင်း ၃၀ ထိအောင် ကစားခဲ့ရပါတယ်။ ဒါပေမယ့် အမြဲတမ်း ပွဲထွက်ခွင့် မရလို့ မကျေနပ်နိုင်တဲ့ အိုဇေးက ၂၀၀၈ ခုနှစ်မှာ ရှော်ကေးရဲ့ ပြိုင်ဘက် Werder Bremen ဆီ ရောက်သွား ပါတယ်။ ရှော်ကေးလောက် အသင်းကြီး မဟုတ်ပေမယ့် ဝါဒါဘရီမင်မှာ သူ ပွဲထွက်ခွင့် ပုံမှန် ရလာပြီး ၂ နှစ် အတွင်း ၇၁ ပွဲ ကစားခဲ့ရသလို ၁၃ ဂိုးထိ သွင်းနိုင်လာပါတယ်။ ဝါဒါဘရီမင်မှာ ခြေစွမ်းပြမှုက အိုဇေးကို ဥရောပ ထိပ်တန်း ကလပ်တွေက မျက်စိကျခြင်း ခံလာရပြီး နောက်ဆုံး ဥရောပထိပ်တန်း စပိန်ရဲ့ အထင်ကရ Real Madrid ကို ၂၀၁၀ မှာ ရောက်လာပါတယ်။ ၃ နှစ်ကြာ ရီးရဲလ်မှာ နေခဲ့ပြီး ပွဲပေါင်း ၁၀၅ ပွဲ ကစားခွင့်ရခဲ့သလို အသင်း အတွက်လည်း ၁၉ ဂိုး သွင်းခဲ့ပါတယ်။ ပွဲထွက်ခွင့် ပုံမှန် ရနေပေမယ့် အကျော်အမော်တွေကြားမှာ နာမည်မြုပ်ချင်နေတဲ့ အိုဇေးတယောက် ၂၀၁၃ မှာ အင်္ဂလန်ကို ရောက်လာပါတယ်၊ Arsenal ကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ပေးပြီး ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။ အခုထိ ၄ နှစ်ကြာနေပြီ ဖြစ်ပြီး အာဆင်နယ် အတွက် ၁၂၃ ပွဲ ကစားပေးထားသလို ၂၄ ဂိုး သွင်းယူထားတာ တွေ့ရပါတယ်။ နိုင်ငံ အသင်းနဲ့ ပတ်သတ်ပြီးရင်တော့ ၂၀၀၆-၀၇ ခုနှစ်တွေမှာ ဂျာမနီ U19 အသင်း အတွက်က စပြီး ရွေးချယ်ခံရသလို အသင်းအတွက် ၁၁ ပွဲ ကစားပြီး ၄ ဂိုးသွင်းပါတယ်။ ၂၀၀၇ ကနေ ၂၀၀၉ ထိအောင် U21 အသင်းအတွက် ကစားပေးပြန်ပါတယ်။ ၁၆ ပွဲ ကစားပြီး ၅ ဂိုး သွင်းပါတယ်။ ဂျာမနီ လက်ရွေးစင် အသင်း အတွက်ကတော့ ၂၀၀၉ ခုနှစ်ကနေ စတင် ပါဝင်ကစားတာ ဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာလည်း မြင်တွေ့လာရဖို့ ရှိနေပါတယ်။ အခုချိန်ထိ လက်ရွေးစင် အသင်း အတွက် ၈၈ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံ အသင်း အတွက် ကစားခဲ့တဲ့ ပွဲနဲ့ ဂိုးသွင်းနှုန်းကို ကြည့်မယ် ဆိုရင် အိုဇေးက ကလပ် အသင်းတွေထက် နိုင်ငံ အသင်းအတွက် ဂိုးသွင်းနှုန်း ပိုများတာ တွေ့နိုင်ပါတယ်။ လက်ရှိ အာဆင်နယ်မှာ ဆုဖလား ကြီးကြီးမားမား ကိုင်မြှောက်ခွင့် မရသေးပေမယ့် ဂျာမနီ အသင်းနဲ့ အတူ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားကိုလည်း ကိုင်မြှောက်ထားနိုင်သူ၊ UEFA ဥရောပ U21 ချန်ပီယံဖလားကိုလည်း ၂၀၀၉ ခုနှစ်က U21 အသင်းနဲ့ အတူ ရထားသူ ဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ် အသင်း အတွက်ကတော့ ၉ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို ၂၀၁၄ ခုနှစ် အတွင်း ကူညီပေးနိုင်ခဲ့ပြီး အဆိုပါ နှစ်မှာ အသင်းနဲ့ အတူ FA ဖလား ရခဲ့ပါတယ်။ ကစားသမား ဘ၀ တလျှောက် ဆုဖလားတွေ အဖြစ် ရှော်ကေးနဲ့ အတူ ဆုဖလား မရဖူးပေမယ့် ဝါဒါဘရီမင်နဲ့ အတူ DFB-Pokal ဖလားကို ၂၀၀၉ ခုနှစ်မှာ ရတယ်၊ ရီးရဲနဲ့ အတူ La Liga ဖလားကို ၂၀၁၂ ခုနှစ်မှာ ၁ ကြိမ်၊ Copa del Rey ဖလားကို ၂၀၁၁ ခုနှစ်မှာ ၁ ကြိမ်၊ Supercopa de Espana ဖလားကို ၂၀၁၂ ခုနှစ်မှာ ၁ ကြိမ် ရယူခဲ့တယ်၊ အာဆင်နယ်ရောက်တော့ FA ဖလားကို ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇ တွေမှာ ၃ ကြိမ် ရတယ်၊ FA ကွန်မြူနတီဒိုင်းကိုလည်း ၂၀၁၅ ခုနှစ်က ရဖူးထားတာ တွေ့ရပါတယ်။ တဦးချင်း ဂုဏ်ပြုဆုပေါင်းများစွာလည်း ရထားတာ တွေ့ရပြီး အဲဒီထဲက လူသိများတဲ့ ဆုတွေကတော့ ၂၀၀၈-၀၉ ဘောလုံးရာသီ ဂျာမန် ဘွန်ဒက်လီဂါရဲ့ တနှစ်တာ အကောင်းဆုံး အသင်း လူစာရင်းမှာ ပါဝင်ခဲ့တယ်၊ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂိုးရဖို့ ထောက်ပံ့မှု အများဆုံးလူ အဖြစ် မှတ်တမ်းဝင်တယ်၊ ၂၀၁၁ ခုနှစ် UEFA ချန်ပီယံလိဂ်ရဲ့ ထောက်ပံ့မှု အများဆုံးသူလည်း ဖြစ်တယ်၊ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆ တွေ အတွက် ၅ ကြိမ်တောင် ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။ လာလီဂါရဲ့ ၂၀၁၂ ခုနှစ် ထောက်ပံ့မှု အများဆုံးသူလည်း ဖြစ်လာတယ်၊ ၂၀၁၂ ခုနှစ် UEFA ဥရောပချန်ပီယံ ပွဲတွေမှာလည်း ထောက်ပံ့မှု အများဆုံးသူ ဖြစ်ပါတယ်။ UEFA ကနေ ထုတ်ပြန်တဲ့ တနှစ်တာ အကောင်းဆုံး ဥရောပ အကောင်းဆုံး အသင်းစာရင်းမှာလည်း ၂၀၁၂၊ ၂၀၁၃ တွေမှာ ၂ နှစ်ဆက် ပါဖူးတယ်၊ FIFPro ကနေ ထုတ်ပြန်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ယောက် အသင်းစာရင်းကိုလည်း ၂၀၁၃ နဲ့ ၂၀၁၆ တွေမှာ ပါဖူးတယ်။ ၂၀၁၆ ခုနှစ် ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ ဂိုးရဖို့ ထောက်ပံ့မှု အများဆုံးသူလည်း ဖြစ်ထားပါတယ်။ အာဆင်နယ် အသင်း အတွက် တနှစ်တာ အကောင်းဆုံး ကစားသမား အဖြစ်လည်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရွေးချယ် ခံထားရပါတယ်။ UEFA ကနေ ပေးအပ်တဲ့ ဥရောပ အကောင်းဆုံး ကစားသမားဆု စာရင်းမှာလည်း ၂၀၁၂ ခုနှစ်က အဆင့် ၁၀ ချိတ်ဖူးတယ်။ FIFA ကနေ ပေးအပ်တဲ့ Ballon d’Or ဆုစာရင်းမှာလည်း ၂၀၁၀ ခုနှစ်က အဆင့် ၁၃၊ ၂၀၁၁ ခုနှစ်မှာ အဆင့် ၁၁၊ ၂၀၁၂ ခုနှစ်မှာ အဆင့် ၁၄၊ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၆ စသဖြင့် ချိတ်ထားသူ ဖြစ်ပါတယ်။ ဒါက ဂျာမနီအတွက်ရော အာဆင်နယ် အတွက်ပါ အရေးထားရတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား အိုဇေးနဲ့ ပတ်သတ်ပြီး တစေ့တစောင်း တင်ပြပေးတာ ဖြစ်ပါတယ်။ Ref: en.m.wikipedia.org The post ဂျာမနီအသင်း အားထားရတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မားဆွတ်အိုဇေး appeared first on ဧရာဝတီ.
Source : http://ift.tt/2A9OYD9
via IFTTT
No comments:
Post a Comment