Wednesday, December 20, 2017


စာပေကနေ အခြားအနုပညာရသတခုပြောင်းလဲတဲ့အပေါ် အပြုသဘောနဲ့သာ ဝေဖန်သင့်တယ် (ဇာတ်ညွှန်း-လင်္ကာညိုနဲ့ တွေ့ဆုံခြင်း) မြန်မာစာပေလောကမှာ အောင်မြင်နေတဲ့ စာရေးဆရာများကို သူတို့ဘဝရဲ့ မှတ်တိုင်များအဖြစ် စာဖတ်သူများက သူတို့ရဲ့အနုပညာလက်ရာများနဲ့ အသိအမှတ်ပြု တွဲဖက်မြင်လေ့ရှိကြပါတယ်။ အဲဒီလို အောင်မြင်တဲ့ အနုပညာလက်ရာ ဖန်တီးမှုတွေနဲ့အတူ တွဲဖက်မိတဲ့အထဲတွင် စာရေးဆရာ ချစ်ဦးညိုလည်း တယောက်အပါအဝင်ဖြစ်ပါတယ်။ ဆရာချစ်ဦးညိုကိုတော့ “လင်္ကာဒီပချစ်သူ” ဆိုတဲ့ ဝတ္ထုနဲ့ ပရိသတ်က အသိအမှတ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ “လင်္ကာဒီပချစ်သူ”ဝတ္ထုကို ၁၉၇၇ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး စာပေအောင်မြင်မှုအနေဖြင့် အကြိမ်ကြိမ် ပြန်လည် ရိုက်နှိပ်ထုတ်ဝေနေရတဲ့ စာအုပ်တအုပ်လည်းဖြစ်ပါတယ်။ ဗွီဒီယိုခေတ်ဦးကာလက ဗွီဒီယိုဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ရာတွင်လည်း အောင်မြင်မှုရခဲ့သလို ၁၉၈၀ ဝန်းကျင်ကာလက လူရွှင်တော်စာရေးဆရာ ချစ်စရာက ရတနာပုံအငြိမ့်တွင် အော်ပရာ၊ ပြဇာတ်အဖြစ် တင်ဆက် ကပြခဲ့ရာတွင်လည်း အောင်မြင်မှုများစွာ ရရှိထားသော ဝတ္ထုဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ယခုအခါ အဆိုပါ “လင်္ကာဒီပချစ်သူ” ဝတ္ထုကို မန္တလေးအင်တာတိန်းမန့်က စီစဉ်ပြီး ဇာတ်ညွှန်း လင်္ကာညိုက ဇာတ်ညွှန်းခွဲကာ ရုပ်ရှင်အနုပညာရှင်များစွာဖြင့် စင်တင်ပြဇာတ်အဖြစ် တင်ဆက်ကပြနိုင်ရန် စီစဉ်လျက်ရှိရာ အဆိုပါ စင်တင်ပြဇာတ်အတွက် ဇာတ်ညွှန်းရေးသားနေတဲ့ စာရေးဆရာ ချစ်ဦးညိုရဲ့ သားဖြစ်သူ ဇာတ်ညွှန်း လင်္ကာညိုကို ဧရာဝတီမှ သတင်းထောက် ဒီလှိုင်းဝင်းက တွေ့ဆုံမေးမြန်ဖြစ်ခဲ့ပါတယ်။ မေး။ ။ လင်္ကာဒီပချစ်သူကို စင်တင်ပြဇာတ်အဖြစ် ကပြဖို့ ဖြစ်လာရတဲ့အကြောင်းလေးကို ပြောပြပေးပါ။ ဖြေ။ ။ လင်္ကာဒီပချစ်သူဝတ္ထုကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ခမ်းခမ်းနားနားနဲ့ ပြဇာတ်အဖြစ် ကပြချင်တဲ့ အိပ်မက်မက်ခဲ့ပါတယ်၊ အဲဒီအချိန်ကတည်းက ရန်ကုန်မှာရှိတဲ့ ပရိုဂျူဆာအချို့ကိုလည်း ပြောပြဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ငွေကြေးအပါအဝင် အခြားအကြောင်းကြောင်းသော ကိစ္စတွေကြောင့် အဆင်မပြေခဲ့ဘူး၊ အဲဒီလိုနေလာခဲ့ရာကနေ ဒါရိုက်တာမောင်ဝဏ္ဏရဲ့သား ပြေဇင်နဲ့တွေ့ပြီး ဦးသာဓု၊ မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ တို့ရဲ့ဝတ္ထုတိုတွေကို ဇာတ်လမ်းတိုတွေ ရိုက်မယ်ဆိုပြီး ကျနော်ကို ဇာတ်ညွှန်းလာအပ်တယ်၊ ဇာတ်ညွှန်းတွေ ရေးပေးနေရာကနေ ပြေဇင်နဲ့ပက်သက်ပြီးတော့မှ အဲဒီကနေ ဇာနည် ကြည်လဲ့လဲ့ဦးတို့နဲ့ချိတ်မိတော့ ကျနော်က လင်္ကာဒီပချစ်သူကို ပြဇာတ်အဖြစ်ကပြဖို့ အိပ်မက်လေးရှိတယ်ဆိုပြီး ပြောပြဖြစ်ခဲ့တယ်။ အဲဒီလိုပြောပြဖြစ်ပြီးနောက် နှစ်လလောက်ကြာတဲ့အခါမှာ ဒီနှစ်ထဲမှာပဲ ပြေဇင်ရော၊ ဇာနည်ရော ဖုန်းဆက်တယ်။ ကျနော် အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပြီဆိုပြီးပြောတော့ အတိုင်းမသိဝမ်းသာခဲ့ရတယ်။ အဲဒီလိုပြောပြီးနောက်ပိုင်းမှာ ဖေဖေ့(ချစ်ဦးညို)ဆီကိုလာပြီး ဝတ္ထုလာဝယ်တယ်။ စာချုပ်တွေချုပ်ပြီးတော့ ဇာတ်ညွှန်းကို ကျွန်တော်ခွဲပေးဖို့ဖြစ်လာတယ်။ မေး။ ။ ပြဇာတ်မှာပါဝင်မယ့် သရုပ်ဆောင်တွေကို ပြောပြပေးပါ။ ဖြေ။ ။ ပြဇာတ်မှာ ပါဝင်မယ့်သူတွေက ရုပ်ရှင်သရုပ်ဆောင်တွေပါ၊။ ဒဿဂီရိ ရာဝဏက လူမင်း၊ ဦးရီးတော် မာရဇ္ဇက ကျော်သူ၊ ဘိဘိသန ကျော်ကျော်ဗိုလ်၊ ရာမ သူထူးစံ၊ သီတာဒေဝီ ဝတ်မှုန်ရွှေရည်၊ ဟာနုမာန် အောင်ဇော်၊ ရာဝဏရဲ့ သားတော် မေဃနာဒ ကျော်ကျော်(Studio 35)၊ ဂမ္ဘီ ခိုင်သင်းကြည်၊ ရာဝဏရဲ့ မိဖုရားခေါင်ကြီး မန္ဒောက ဆုမြတ်နိုးဦး၊ အပျိုတော်ကြီးက သင်ဇာမြင့်မိုရ်နဲ့ ကိုလူချောတို့အဖွဲ့က ပါဝင်ကပြပေးသွားမှာပါ။ မေး ။ ။ အခုလို သရုပ်ဆောင်တွေရွေးချယ်ဖြစ်ခဲ့ပုံနဲ့ တင်ဆက်ကပြမယ့် ပုံစံလေးကို သိပါရစေ။ ဖြေ။ ။ လင်္ကာဒီပချစ်သူကို အခုလို ပြဇာတ်ကပြပေးဖို့ဖြစ်လာတော့ သရုပ်ဆောင်ပိုင်းကို ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မယ့်သူတွေကို ကျနော်ကပဲ ချပြပေးခဲ့တယ်။ လင်္ကာဒီပချစ်သူကို သမားစဉ်နဲ့ပို့စ်မော်ဒန် နှစ်မျိုးနဲ့ တင်ဆက် ပေးသွားမှာပါ။ ပို့စ်မော်ဒန်ဆိုရာမှာလည်း နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ ပို့စ်မော်ဒန်မျိုးပါ။ ရာဇဝင်ပြဇာတ်အဖြစ် ကပြမှာဖြစ်တဲ့အတွက် ဖေဖေ (ချစ်ဦးညို) ရေးထားတဲ့အတိုင်း ကပြသွားမှာပါ။ ရုပ်ပြနဲ့ဝတ္ထုကိုပေါင်းပြီး ဒိုင်ယာလော့ခ်တွေကအစ အကောင်းဆုံးဖြစ်အောင် ရေးသားထားပါတယ်။ မေး ။ ။ ပြဇာတ်ဇာတ်ညွှန်းကို လင်္ကာညို အနေနဲ့ ရေးသားသလို ဇာတ်စီး(ဒါရိုက်တာ)မယ့်အပိုင်းလေးကို ပြောပြပေးပါ။ ဖြေ။ ။ ပြဇာတ်ကပြဖို့ဖြစ်လာတော့ ကျနော်က ဖေဖေ့( ချစ်ဦးညို)ကို မေးတယ်၊ ဒီဇာတ်ကို ဘယ်သူ့ကို ဦးစီး ခိုင်းရင်ကောင်းမလဲပေါ့။ အဲဒီမှာ ဖေဖေက ပြောတယ်။ မန္တလေးက ဘဒွေးချစ်(ချစ်စရာ)က အကောင်းဆုံးပဲကွလို့ပြော တယ်။ အဲဒီမှာ ဦးချစ်စရာကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဘဒွေးရေ ဒီလိုအစီအစဉ်ရှိတယ်လို့ပြောတော့ ဘဒွေးကလည်း မှတ်တိုင်တစ်ခုဖြစ်တာပေါ့ဆိုပြီး လက်ခံပေးခဲ့ပါတယ်။ ကျနော်က ဇာတ်ညွှန်းပဲရေးတာပါ။ အမှန်တကယ်က ဒီပြဇာတ်ကို ဘဒွေး ကိုယ်တိုင်ဦးစီးမှာပါ။ ပြဇာတ်နဲ့ပက်သက်တဲ့ သမားစဉ်တွေ၊ အဝင်အထွက်တွေ၊ ဂီတပံ့ပိုးမှုတွေကို ကျနော်က သိပ်နားမလည်တော့ ဘဒွေးကိုယ်တိုင် ဇာတ်စီးပေးမှာပါ။ ကျနော်က ရုပ်ရှင်ဇာတ်ညွှန်းသမားဆိုပေမယ့် အခုဇာတ်ညွှန်း ကို အတတ်နိုင်ဆုံး ပြဇာတ်ပုံစံဖြစ်အောင်တော့ ကြိုးစားပြီးရေးထားပါတယ်။ ဘဒွေးရဲ့ကြီးကြပ်မှုနဲ့ ဒီပြဇာတ်ကြီးကို တင်ဆက်ကပြသွားမှာပါ။ မေး ။ ။ အခုလို ရုပ်ရှင်ဇာတ်ညွှန်းသမားတစ်ယောက်အနေနဲ့ စာပေမှာအောင်မြင်နေတဲ့ ဝတ္ထုကို စင်တင်ပြဇာတ်အဖြစ် ဇာတ်ညွှန်းခွဲရာမှာ ဘာတွေအခက်အခဲရှိပါသလဲ။ ဖြေ။ ။ လင်္ကာဒီပကြီးကို အခုလိုစင်တင်ပြဇာတ်အဖြစ်ကပြမယ်ဆိုတော့ အခက်အခဲတွေအများကြီးရှိပါတယ်။ အဖေ(ချစ်ဦးညို)ရဲ့မှတ်တိုင်တခုဖြစ်တဲ့ လင်္ကာဒီပချစ်သူကို ပရိသတ်တော်တော်များများက မတို့ပါနဲ့ မထိပါနဲ့ဆိုတာမျိုးတွေ ကန့်ကွက်လာတာတွေ့ရပါတယ်။ အဲဒီမှာ ကျနော်ပြောချင်တာက အခုလိုမျိုးသာ စာပေမှာ အောင်မြင်ခဲ့တဲ့ ဝတ္ထုတွေကို မတို့ပါနဲ့ မထိပါနဲ့ဆိုရင် အဲဒီလိုမျိုး ဝတ္ထုတွေကို ရုပ်ရှင်အဖြစ်သော်လည်းကောင်း၊ ပြဇာတ်အဖြစ်နဲ့သော်လည်းကောင်း အခြားနည်းနဲ့ ရသတမျိုးပေးစွမ်းနိုင်အောင် မကြိုးစားကြရတော့ဘူးလားလို့ မေးချင်ပါတယ်။ နောက်တခုက လက်ရှိမြန်မာစာပေလောကမှာ အောင်မြင်နေတဲ့ ဝတ္ထုအချို့က ရုပ်ရှင်အဖြစ်ကူးပြောင်းလို့မရတာမျိုးတွေ ရှိတယ်။ အဲဒီလို ဝတ္ထုတွေကို ကျနော်တို့က တနည်းနည်းနဲ့ပြောင်းပြီး ရသအသစ်အဖြစ် ပရိသတ်ကို ပြန်ပြချင်တယ်ဆိုရင် အနည်းနဲ့အများဆိုသလို ပြောင်းလဲပြင်ဆင်သင့်တာတွေကို ပြင်ဆင်မှသာ ကောင်းမွန်တဲ့အဆင့်ကို ရောက်မှာဖြစ်ပါတယ်။ အဲဒီတော့ အခုလိုသာ မတို့ပါနဲ့မထိပါနဲ့ဆိုရင် ကျနော်တို့က ဒါတွေကို ဒီအတိုင်းထားလိုက်မှာလားလို့ မေးရမှာဗျ။ ဥပမာဗျာ- အခုလို ချစ်ဦးညိုရဲ့လင်္ကာဒီပချစ်သူကိုပဲ မတို့မထိပဲနဲ့ စာပေကနေ အခြားအနုပညာတင်ဆက်မှုအဖြစ် မပြောင်း လဲဘဲ ထားလိုက်မယ်ဆိုပါစို့။ ဘာဆက်ဖြစ်လာမှာလဲလို့ ဝေဖန်နေကြသူတွေကို မေးချင်ပါတယ်။ အဲဒီမှာ အခုလိုမျိုး စာရေး ဆရာတွေရဲ့ မှတ်တိုင်တွေကို ကျနော်တို့က စာပေကနေ အခြားအနုပညာနယ်ပယ်ကို ပြောင်းဖို့ကြိုးစားကြတယ်ဆိုတာက အန္တရာယ်ရှိမှန်းသိတယ်။ ဒါကို ဒီလိုမျိုးပြောင်းလဲလို့ရတယ်ဆိုတာကို သိစေချင်လို့ ချပြပေးတဲ့သဘောပါပဲ။ ဒီအပေါ်မှာ ကျနော်တို့ကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးတွေကိုပဲ လုပ်ဆောင်ပေးသင့်ပါတယ်။ တိုက်ခိုက်တာမျိုးတွေသာ လုပ်နေမယ်ဆိုရင် တိုးတက်မှုတွေက နောက်ကျန်နေခဲ့ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ မေး။ ။ အခုလို ဝေဖန်မှုတွေအပေါ်မှာ အစ်ကို့အနေနဲ့ ဘယ်လိုတုန့်ပြန်မလဲ၊ ဘယ်လိုရင်ဆိုင်သလဲ ပြောပြပေးပါ။ ဖြေ။ ။ အခု မြန်မာနိုင်ငံမှာဖြစ်နေတာက စာပေမှာ အောင်မြင်ကျော်ကြားသလို သြဇာကြီးမားတဲ့ ဝတ္ထုတွေကို စာပေကနေ အခြားအနုပညာရပ်အနေနဲ့ပြောင်းလဲတော့မယ်ဆိုရင် ပူးပေါင်းအကြံဉာဏ်တွေပေးရမယ့်အစား တိုက်ခိုက် နေတာမျိုးက မဖြစ်သင့်ပါဘူး၊ ဖေဖေ(ချစ်ဦးညို)က ပြောဖူးတယ်။ စာပေကနေ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ပြဇာတ်ပဲဖြစ်ဖြစ် ပြောင်းပြီး တင်ပြမယ်ဆိုရင် ပရိသတ်အနေနဲ့က ရုပ်ရှင်ဆိုရင်လည်း ရုပ်ရှင်လို၊ ပြဇာတ်ဆိုရင်လည်း ပြဇာတ်လို ခံစားပြီး ကြည့်ပါ၊ စာပေရဲ့ပေတံနဲ့ တိုင်းတာခြင်းမျိုးမလုပ်ပါနဲ့တဲ့၊ ဒါကြောင့် အကြံပေးကြပါ မတိုက်ခိုက်ကြပါနဲ့လို့ပဲပြောချင်ပါတယ်။ လင်္ကာဒီပမှမဟုတ်ဘူး။ အခြားသော စာပေအောင်မြင်မှုကြီးမားတာတွေကို အခုလိုမျိုး ပြဇာတ်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် အသွင်ပြောင်းပြီး တင်ပြတယ်ဆိုတာက လေးစားတန်ဖိုးထားလွန်းလို့ ကြိုးစားနေကြတာပါလို့ပြောချင်ပါတယ်။ လင်္ကာဒီပ ချစ်သူနဲ့ပက်သက်ပြီး ကျနော်ပြောချင်တာကတော့ စာရေးဆရာချစ်ဦးညိုရဲ့နာမည်နဲ့ဂုဏ်သိက္ခာတွေကို ကျဆင်းအောင် လုပ်မယ့်သူမျိုးမဟုတ်ပါဘူး။ ဒါက သားတယောက်အနေနဲ့ပြောတာမျိုးမဟုတ်ပါဘူး။ လင်္ကာဒီပချစ်သူကို ဇာတ်ညွှန်းခွဲသူ တယောက်အနေနဲ့ ပြောတာမျိုးပါ။ ဆရာချစ်ဦးညိုရဲ့ ဝတ္ထုတင်မဟုတ်ပါဘူး အခြားသောစာရေးဆရာများရဲ့ ဝတ္ထုတွေမှာ လည်း အခုလိုမျိုးချပြပေးလို့ရမယ့်ဟာမျိုးဆိုရင် ထပ်မံချပြပေးဖို့ ကြိုးစားသွားဦးမယ်လို့ ပြောချင်ပါတယ်၊ မေး ။ ။ အခြား အခက်အခဲတွေရှိသေးလား အစ်ကို၊ ရှိရင်ပြောပြပေးပါ။ ဖြေ။ ။ နောက်အခက်အခဲတခုက ပြဇာတ်အဖြစ်တင်ပြရမှာဖြစ်တဲ့အတွက် အချို့ပြကွက်တွေကို အပြင်မှာ အရုပ်တွေအဖြစ်ဖန်တီးပြီး နောက်ခံအဖြစ်နဲ့ ပြန်ထိုးပြရမှာတွေရှိတယ်။ Special Effect တွေလည်း အသုံးပြုရမှာ တွေလည်းရှိတယ်။ ဒါကနည်းပညာရဲ့ပံ့ပိုးမှုပိုင်းအခက်အခဲတွေပေါ့။ နောက်ဆက်တွဲတွေကိုလည်း အကောင်းဆုံးဖြစ် အောင်ပြင်ဆင်ရတဲ့အတွက် အဲဒီဘက်မှာလည်း အခက်အခဲတွေအများကြီးရှိပါတယ်။ မေး။ ။ ဆရာချစ်ဦးညိုရဲ့ အအောင်မြင်ဆုံး လင်္ကာဒီပချစ်သူက စာပေအောင်မြင်မှုတွေအပြင် အစ်ကိုတို့အရှေ့မှာ အော်ပရာ၊ပြဇာတ်အဖြစ်ကပြနေတာတွေရှိတယ်၊ အဲဒါတွေနဲ့ ဘယ်လိုကွာခြားမှုရှိမလဲဗျ။ ဖြေ။ ။ လင်္ကာဒီပချစ်သူက ဖေဖေ့(ချစ်ဦးညို)ရဲ့ကိုယ်ပိုင်ဆိုပေမယ့် ဘဒွေး(ချစ်စရာ)က လွန်ခဲ့တဲ့ ၁၉၈၀ လောက် ကတည်းက သဘင်ရဲ့ဇာတ်ခုံပေါ်မှာ အော်ပရာ၊ ပြဇာတ်အနေနဲ့ တင်ဆက်ကပြခဲ့တာ အလွန်အောင်မြင်လူကြိုက် များခဲ့တာပါ၊ ဒီနှစ်မှာလည်း မန္တလေးဇာတ်သဘင်လောကက ကိုလှခိုင်တည်ထောင်တဲ့ ပွဲဦးမင်းဇာတ်က လင်္ကာဒီပချစ်သူ ကို ပြန်ပြီးကပြတော့လည်း အလွန်အောင်မြင်တယ်လို့ သိရပါတယ်။ ကျနော်ဇာတ်ညွှန်းခွဲဖို့ ဘဒွေးကို အကူအညီတောင်းတော့ ဘဒွေးကပြောတယ်။ ဝတ္ထုကို ပြဇာတ်ဇာတ်ညွှန်းခွဲတဲ့အခါမှာ ချုပ်မရေးနဲ့ ဖွင့်ရေးပါလို့ အကြံပေးလာပါတယ်။ အဲဒီမှာ ကျနော်ကစိတ်ကို အာရုံနှစ်ပြီး ဖွင့်ရေးချလိုက်တယ်။ အခန်းစဉ် ပေါင်း ၄၀ ကျော်လောက် ထွက်လာပါတယ်၊ ဒါကို ဘဒွေးကိုယ်တိုင် ပြန်လည်ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ကပြချိန်ကတော့ အနည်းဆုံး၂ နာရီကျော်လောက်တော့ ရှိမယ်။ မေး ။ ။ တင်ဆက်ကပြမယ့် ရက်နဲ့ ဘယ်မြို့တွေမှာ ကပြပေးမှာလဲဆိုတာ သိချင်ပါတယ်။ ဖြေ။ ။ မန္တလေးမှာ စတင်ကပြသွားပါမယ်။ ဖေဖေကလည်း မန္တလေးသားဖြစ်သလို စီစဉ်သူကလည်း မန္တလေး က ဖြစ်တဲ့အတွက်ကြောင့်မို့ မန္တလေးမှာအောင်မြေနင်းမှာပေါ့။ ပြီးရင် ရန်ကုန်မှာလည်း ၂ ည ဆက်ကမယ်။ အခြားမြို့တွေမှာ လည်း ကပြပေးချင်ပေမယ့် ပါဝင်မယ့်သရုပ်ဆောင်တွေက ရုပ်ရှင်သမားတွေဖြစ်တဲ့အတွက် ရက်ပေးနိုင်ဖို့က အခက်အခဲရှိ တာကြောင့် အဆင်ပြေအောင်တော့ လုပ်ဆောင်သွားမှာပါ။ မန္တလေးမှာတော့ အမျိုးသားကဇာတ်ရုံကြီးမှာ လာမယ့် ၂၀၁၈ ဇန်နဝါရီ ၃၀၊ ၃၁ တွေမှာ ကပြပေးသွားပါမယ်။ ရန်ကုန်မှာ လည်း ကပြဖို့ အစီအစဉ်ရှိပါတယ်၊ ရက်ကတော့ ညှိနှိုင်းနေဆဲပါ။ မေး။ ။ အစ်ကို့အနေနဲ့ပရိသတ်ကို ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။ ဖြေ။ ။ ကျနော်အနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ အခုလင်္ကာဒီပချစ်သူကြီးကို ပြဇာတ်အဖြစ် တင်ပြရာမှာ ကျနော်တယောက်တည်းအားနဲ့အောင်မြင်မှုမရနိုင်ပါဘူး၊ ဒါကြောင့် အားလုံးက အကောင်းဆုံးဖြစ်အောင် ကြိုးစား သွားကြမှာဖြစ်တဲ့အတွက် လင်္ကာဒီပအဖွဲ့ရဲ့ကြိုးစားမှုကို လာရောက်အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ The post စာပေကနေ အခြားအနုပညာရသတခုပြောင်းလဲတဲ့အပေါ် အပြုသဘောနဲ့သာ ဝေဖန်သင့်တယ် (ဇာတ်ညွှန်း-လင်္ကာညိုနဲ့ တွေ့ဆုံခြင်း) appeared first on ဧရာဝတီ.
Source : http://ift.tt/2CJs6az
via IFTTT

No comments:

Post a Comment