အရှေ့တောင်အာရှအတွက် ရှီကျင့်ဖျင်က ဘာလဲ၊ ဘယ်လဲ သမ္မတ ရှီကျင်ဖျင့်၏ လက်အောက်တွင် တရုတ်နိုင်ငံက အရှေ့တောင်အာရှ၏ ဦးစီးခေါင်းဆောင်သစ် ဖြစ်ပါသလား။ လေ့လာခန့်မှန်းသူများက သမ္မတ ရှီကျင်ဖျင့်ကို ဧကရာဇ် တဦးနှင့် နှိုင်းယှဉ်ချင်ကြသည်။ ထိုကဲ့သို့ အပြောမျိုးက ရှီကျင်ဖျင့်ကို များစွာ ချီးကျုးဂုဏ်ပြုခြင်းခံခဲ့ရသော ဘေဂျင်းမြို့တွင်ပြုလုပ်သည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ် မြောက်ညီလာခံနှင့် ဗီယက်နမ်နိုင်ငံ ဒါနန်းတွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်း အဝေး တို့၏ နောက်ပိုင်းတွင် ပိုများလာခဲ့သည်။ အများစုက ရှီကျင်ဖျင့်ကို တရုတ်နိုင်ငံ၏ အာဏာအပြင်းဆုံး ခေါင်းဆောင်များထဲမှ တဦးအဖြစ် သူ့ အရင် ခေါင်းဆောင်များ ဖြစ်သော တိန့်ရှောင်ဖိန်နှင့် မော်စီတုံးတို့ နှင့် တန်းတူ သို့မဟုတ် လက်တွေ့တွင် ထိုထက် ပို၍ သဘောထားကြသည်။ ဒေါ်နယ်ထရမ့်၏ အမေရိကန်ကလည်း ပြန်လည်ဆုတ်ခွာသွားခြင်းနှင့်အတူ ကမ္ဘာ့အခင်းအကျင်းတွင် တရုတ်နိုင်ငံက လွှမ်းမိုးမည့် ခေတ်တခု၏ အလားအလာက ပိုများလာနေသည့် ဖြစ်နိုင်ချေတခုအဖြစ် ပေါ်ထွက်လာသည်။ ရှီကျင်ဖျင့် ဦးဆောင်သည့် အနာဂတ်တခုအတွက် သဲလွန်စများ အနေဖြင့် အတိတ်ကို ကြည့်လျှင် လူတိုင်းသည် အထူးသဖြင့် အရှေ့တောင်အာရှသည် တရုတ်နိုင်ငံ၏ သမိုင်းမှ ပြိုင်ဘက်များနှင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့သည်ကို မလွဲမသွေ တွေ့ရှိရမည် ဖြစ်သည်။ သုန်မှုန်သော၊ ဂုဏ်သိက္ခာရှိသော၊ အထင်ကြီးလောက်စရာဖြစ်သော ရှီကျင်ဖျင့်တွင် ထူးခြားသော စရိုက် လက္ခဏာ များ မရေတွက်နိုင်အောင် ရှိနေသည်။ သေချာသည်မှာ သူ၏ ထင်ပေါ်ကျော်ကြားမှု မြင့်တက်လာခြင်း၊ ပြိုင်ဖက်များကို သွေးအေးအေးဖြင့် ဖယ်ရှားခြင်းနှင့် တိုင်းပြည်တွင် သူ၏ ပုဂ္ဂိုလ်ရေး ပုံရိပ်ကို ခိုင်မာစေခြင်းတို့က တရုတ်နိုင်ငံ၏ ထူးခြားထင်ရှားသော သမိုင်းဝင် ခေါင်းဆောင်အချို့၏ ရည်မှန်းချက်၊ ညှာတာမှု ကင်းမဲ့ခြင်းများနှင့် ပို၍ လိုက်ဖက်ညီညွတ်မှု ရှိနေသည်။ တရုတ်နိုင်ငံသည် တချိန်က (ယခုတိုင်ဟုလည်း ဆိုနိုင်ပါသည်) ဧကရာဇ် အုပ်စိုးသည့် အင်ပါယာတခု ဖြစ်ခဲ့သည့် အတွက် သူ့ကို ရှေးယခင်က ဧကရာဇ်များ နှင့် နှိုင်းယှဉ်ကြည့်ကြသည်။ လက်တွေ့တွင်လည်း ရှီကျင်ဖျင့်၏ လက်အောက်တွင် အသစ်တဖန် ပြန်လည်၍ အင်အားကောင်းလာသော တရုတ် အင်ပါယာကို အာရှ-ပစိဖိတ်၏ ပထဝီနိုင်ငံရေး အရွေ့တွင် အရေးပါသော အစိတ်အပိုင်းတခု အဖြစ် အများက မြင်ကြသည်။ သမိုင်း အစဉ်အလာတွင် ရှီကျင်ဖျင့် အတွက် နှိုင်းယှဉ်ပြနိုင်သူ အများအပြားရှိနေမည်မှာ သေချာပါသည်။ သူ၏ အာဏာစုစည်းမှု၊ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ခြင်း နှင့် အမျိုးသားရေးစရိုက်လက္ခဏာ အပေါ်တွင် ခိုင်ခိုင် မာမာအလေးထားခြင်းတို့ကြောင့် သူ့ကို အချို့က ချင်မင်းဆက်မှ အကြီးကျယ်ဆုံး ဧကရာဇ် များဖြစ်သော ကန်ရှီ၊ ယွန်ကျန်နှင့် ချီအန်လုံတို့နှင့် နှိုင်းယှဉ်မိစေခဲ့သည်။ အထူးသဖြင့် ယွန်ကျန်သည် ယခုအခါ ရှီကျင်ဖျင့်လည်း အကောင်အထည်ဖော်နေသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နှင့် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေးများကြောင့် လူသိများသူ ဖြစ်သည်။ အခြားသူများက ရှီကျင်ဖျင့်သည် မင်မင်းဆက်မှ ယုံလီ ဧကရာဇ်နှင့် ဆင်တူသည်ဟု ယုံကြည်ကြသည်။ ယုံလီသည် ဘေဂျင်းကို အင်ပါယာ၏ မြို့တော်အဖြစ် ပြန်လည်တည်ဆောက်ခဲ့ပြီး ကြီးမားသော ဆောက်လုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့သူ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ သူ့လက်ထက်တွင် ရေတပ် စစ်သူကြီး ကျန်ဟီက အရှေ့တောင် အာရှ နှင့် အခြားနေရာများသို့ သင်္ဘောများဖြင့် ရွက်လွှင့်နိုင်ခဲ့သည်။ နောက်သို့ ထပ်ကြည့်မည်ဆိုလျှင် ဆွန်မင်းဆက်နှင့် တန်မင်းဆက်များ လက်ထက်တွင်ပင်လျှင် တရုတ် အင်ပါယာနှင့် ကျနော်တို့ဒေသ (အရှေ့တောင် အာရှ) ကြားတွင် ကြီးမားသော ဆက်သွယ်ချက်များရှိသည်ကို ထောက်ပြနိုင်မည် ဖြစ်သည်။ အထူးသဖြင့် တန်မင်းဆက် လက်ထက်တွင် တရုတ်ဗုဒ္ဓဘာသာ ရဟန်းတပါးဖြစ်သော ယိကျင်းသည် သီရိဝိဇယ (Srivijaya – ယခုအခါတွင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်း နိုင်ငံများ ဖြစ်လာသော နေရာများမှ နယ်မြေအစိတ်အပိုင်းအချို့ ပါဝင်ဖွဲ့စည်းထားသော ဘုရင့်နိုင်ငံ) သို့ ရောက်လာသည့် သမိုင်းဝင် ထင်ရှားသော ခရီးစဉ်ကို တွေ့ရမည် ဖြစ်သည်။ နှိုင်းပြစရာ ဖြစ်နိုင်ချေများက အဆုံးမရှိပါ။ အမှန်တကယ်တွင် ၂၁ ရာစု၏ တရုတ်နိုင်ငံနှင့် ရှီကျင်ဖျင့် အမှန်တကယ် ဘာလုပ်မည် ဆိုသည်ထက် သူတို့က ကျနော်တို့ကို လူတယောက်၏ လုပ်ငန်းစဉ်နှင့် စိုးရိမ်မှုများ အကြောင်းကို ပို၍ ပြောနေလေ့ရှိပါသည်။ သို့သော်လည်း အရှေ့တောင် အာရှအတွက် အရေးအကြီးဆုံးမေးခွန်းမှာ အဆိုပါ ခေါင်းဆောင်များနှင့် မင်း ဆက်များက ကျနော်တို့ဒေသအတွက် အကျိုးအမြတ် ဖြစ်ခဲ့ပါသလား။ အင်အားကောင်းသော ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်နွယ်ပတ်သက်မှုများမှ ကျနော်တို့ အကျိုးကျေးဇူး ရရှိခဲ့ပါသလား။ ရှီကျင်ဖျင့်ကို ရှေးယခင်က ဧကရာဇ်များ နှင့် နှိုင်းယှဉ်ကြည့်ကြသည်/ReutersReuters တရုတ်နိုင်ငံနှင့် ဒေသ၏ ဆက်ဆံရေးများ (မမေ့သင့်သည်မှာ ထိုဆက်ဆံရေးက အခြေခံအားဖြင့် ဧကရာဇ်က အမြဲတမ်းထိပ်မှာရှိနေပြီး အခြားနိုင်ငံများက သူတို့၏ သနားညှာတာမှုကို တောင်းခံနေရသည့် နိုင်ငံကြီးသား မဟုတ်သူများသဖွယ် ဖြစ်နေသော ပဏ္ဏာဆက် စနစ်တခု ဖြစ်ခဲ့ခြင်း) က ကျနော်တို့ကို အကျိုး ကျေးဇူးခံစားရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသလား။ မှတ်သားထားရန် အရေးကြီးသည်မှာ မည်သည့်ခေတ်တွင် မဆို တရုတ်နိုင်ငံနှင့် ဒေသ၏ ဆက်ဆံရေးက မည့်သည့် အခါတွင်မျှ ၁၀၀ ရာခိုင်နှုန်း ချောမွေ့ခြင်း သို့မဟုတ် ကိုယ်ကျိုးစီးပွားနှင့် ကင်းလွတ်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။ ဥပမာ ပြရလျှင် ၁၄၀၇ ခုနှစ်က သီရိဝိဇယ မြို့တော် ဖလန်ဘန်းကို လုယက်ဖျက်ဆီးခဲ့ခြင်း အပါအဝင် ကျန်ဟီ၏ ရေကြောင်း ရွက်လွှင့်ခရီးက ဒေသတွင်းမှ တရုတ်ပင်လယ် ဓားပြများ၏ လှုပ်ရှားမှုများကို နှိမ်နင်းရန် ဖြစ်သည်ဟု ယူဆရပါသည်။ မင်နှင့် ချင်မင်းဆက် ၂ ခုလုံးက ၁၄၀၇ မှ ၁၄၂၀ အတွင်း နှင့် ၁၇၈၈ နှင့် ၁၇၈၉ ခုနှစ်တို့တွင် ဗီယက်နမ်နိုင်ငံတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းသို့ ၁၃၈၂ မှ ၁၄၄၉ ခုနှစ်အတွင်း နှင့် ၁၇၆၅ မှ ၁၇၆၉ ခုနှစ်အတွင်းတွင် ၄ ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့သည်။ အရှေ့တောင် အာရှအပေါ် တရုတ်နိုင်ငံ၏ အလေးပေးမှု အဆင့်အတန်းက ရာစုနှစ်များတလျှောက် အမျိုးမျိုး ဖြစ်ခဲ့သည်။ အကယ်၍ သူတို့၏ ဘိုးဘွားပိုင် အာရှ၏ အလယ်ဗဟို ကုန်းတွင်းပိုင်းအပေါ်တွင်သာ စိတ်ဝင်စားစရာ အကြောင်း မရှိခဲ့လျှင် အရှေ့တောင် အာရှ အပေါ် ချင် ဧကရာဇ်များက အာရုံစိုက်မှုက အများဆုံးဖြစ်လေ့ရှိပါသည်။ တရုတ်မင်းဆက် အများစုက အတွင်းဖက်သို့ ရွေ့လျားရန် ဂရုစိုက်ခဲ့ကြသည်။ အထူးသဖြင့် သူတို့၏ ပိုင်နက် ဧရိယာများ အဆုံးသို့ ဖြစ်သည်။ သေချာသည်မှ အရှေ့တောင် အာရှအပေါ် တရုတ်နိုင်ငံက မည်သို့ သြဇာလွှမ်းမိုးမှု ရှိခဲ့သည် ဖြစ်စေ အနောက်တိုင်း ကိုလိုနီ နယ်ချဲ့များ ချီတက်လာသည့် အချိန်တွင် အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင် ကျဆင်း ယိုယွင်းမှုများနှင့် တပြိုင်တည်း ဖြစ်ခဲ့သည်။ ချင် မင်းဆက်နှင့် တရုတ် ဘုရင်စနစ်ကို ဖြုတ်ချပစ်ခဲ့သော ၁၉၁၁ ခုနှစ် တော်လှန်ရေးကို အရှေ့တောင်အာရှမှ ပြည်ပရောက် ရုတ်လူမျိုးများက ပြတ်ပြတ်သားသား ကျောထောက်နောက်ခံပေးခဲ့သည်ကလည်း အလွန်ထင်ရှားပါသည်။ သူတို့ အများစုမှာ ဘိန်းစစ်ပွဲများ (၁၈၃၉မှ ၁၈၄၂ နှင့် ၁၈၅၆မှ ၁၈၆၀) နှင့် တိုင်ပင်း တော်လှန်ရေးတို့တွင် ချင်မင်းဆက် အရှက်တကွဲ ဖြစ်ခဲ့ရပြီးနောက် အရှေ့တောင် အာရှသို့ ရောက်ရှိလာသူများ ဖြစ်ကြသည်။ အရှေ့တောင်အာရှသို့ ဤသို့သော သင်္ဘောများဖြင့် ရောက်လာခဲ့ကြသည်/ReutersReuters အဓိက အချက်မှာ အရှေ့တောင်အာရှက သြဇာပေး၍ လွှမ်းမိုးမည့် နိုင်ငံကြီးများ မလိုချင်ပါ။ ကျနော်တို့က အင်အားကောင်းသော်လည်း ၎င်း၏ ပြည်တွင်းရေးကိစ္စများကြောင့် အနည်းငယ် စိတ်ရှုပ်နေရသော တရုတ်နိုင်ငံကိုသာ လိုချင်ပါသည်။ ဒေသတွင်းမှာ ရှိသည့် ကျနော်တို့က တခုနှင့် တခု ဆန့်ကျင်နေကြသော အင်အားကြီးနိုင်ငံများကို ချိန်ခွင်ပေါ်တင်ပြီး ကစားချင်ပါသည်။ သူတို့က ကျနော်တို့၏ ထောက်ခံမှုနှင့် အလေးပေးမှုကို ရရှိရန် ဆန္ဒပြင်းပြသူများသာ ဖြစ်စေချင်ပါသည်။ ကျနော်တို့က သူတို့ကို မဆန့်ကျင်ပါ။ တရုတ်နိုင်ငံနှင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ နှင့် ယဉ်ကျေးမှုအရ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်းကို မည်သူမျှ မငြင်းပယ်ပါ။ သို့သော်လည်း အလွန်အာဏာကြီးသည့် ရှီကျင်ဖျင့်နှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကြီးသော တရုတ်နိုင်ငံက အရှေ့တောင်အာရှ၏ စိတ်ဝင်စားမှုတွင် မပါဝင်ပါ။ ရှီကျင်ဖျင့်ကို ခေတ်သစ် ယွန်ကျန် ဧကရာဇ် အဖြစ် ချီးမြှောက်ခေါ်ဝေါ်ရန် စိတ်အားထက်သန်သူများအနေဖြင့် မမေ့ အပ်သည်မှာ ချင် အင်ပါယာ၏ ခေတ်ကာလကို ယွန်ကျန်၏ လက်ထက်တွင် စတင်ခဲ့သော မူဝါဒ အလွဲများကြောင့် အင်ပါယာ တရုတ်အင်ပါယာ ယိမ်းယိုင်ယိုယွင်းခဲ့ရောသော တရုတ်နိုင်ငံသမိုင်း၏ အလှည့်အပြောင်း တခု အဖြစ် သတ်မှတ်ကြပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံက ယခုအခါ အင်အားကောင်းလာနေသည့် အသွင်ရှိသော်လည်း နောက်ထပ် ဟန်ချက်ပျက် ခြေချော်မှုတခုက မဝေးသော အနာဂတ်တွင် ရှိလာပါလိမ့်မည်။ အထူးသဖြင့် အကယ်၍ အကြွေး အကျပ်အတည်း ပေါ်လာခဲ့လျှင်နှင့် ပြည်တွင်းမှ ဝင်ငွေ မညီမျှမှုကို မဖြေရှင်းခဲ့လျှင် ဖြစ်သည်။ သမိုင်းကိုကြည့်လျှင် ထိုသို့ဖြစ်ခြင်းက နောက်ဆုံး၌ အရှေ့တောင် အာရှအတွက် ဆိုးရွားသော ကိစ္စတခု ဟုတ်ချင် မှလည်း ဟုတ်ပါလိမ့်မည်။ (ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။) The post အရှေ့တောင်အာရှအတွက် ရှီကျင့်ဖျင်က ဘာလဲ၊ ဘယ်လဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2ALk2J6
via IFTTT
No comments:
Post a Comment