Saturday, December 23, 2017


ပရီးမီးယားလိဂ် ဘောလုံးအသင်းတွေကို ဘယ်သူတွေ ပိုင်ဆိုင်သလဲ ပြည်တွင်းမှာရော ကမ္ဘာမှာပါ လူကြိုက်အများဆုံး ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အသင်းတွေကို ဘယ်သူတွေ ပိုင်ဆိုင်ကြ ပါသလဲ။ သေချာတာတော့ ပရိတ်သတ် အခိုင်အမာ ရှိနေတဲ့ ပြိုင်ပွဲ ဖြစ်လု့ိ အသင်းတွေက တန်ဖိုးလည်း မြင့်မယ်၊ ပိုင်ရှင်တွေ ကလည်း လုပ်ငန်းရှင်တွေ ဖြစ်မှာ အသေအချာပါပဲ။ (၁) Arsenal ။ ။ အာဆင်နယ် အသင်းကို အဓိက ပိုင်ဆိုင်သူ နှစ်ဦး ရှိပါတယ်။ တစ်ယောက်က အီးစတန်လေကရွန်ကီး (E. Stanley Kroenke) ဖြစ်ပြီး သူက အသင်းရှယ်ယာ ၆၇ ဒသမ ၀၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး နောက်တယောက် အယ်လီရှာ ယူစမာနော့ဗ် (Alisher Usmanov) ကတော့ ၃၀ ဒသမ ၀၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်ဦးပေါင်းရဲ့ ချမ်းသာမှု ဒေါ်လာ ၂၂ ဒသမ ၄ ဘီလီယံလောက် ရှိပြီး ကရွန်ကီးကတော့ အားကစားပစ္စည်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေပြီး အက်မာနော့ကတော့ ကုန်သွယ်ရေး၊ သတ္တုတွင်းနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ (၂) Bournemouth ။ ။ ဘုန်းမောက်အသင်းကိုလည်း အဓိက ရှယ်ယာပိုင်ရှင် ၂ ဦးက ပိုင်ပါတယ်။ တဦးက မက်ဇင် ဒီမင်း (Maxim Demin) ဖြစ်ပြီး ရှယ်ယာ ၇၅ ရာခိုင်နှုန်းပိုင်တယ်၊ PEAK6 Investments လုပ်ငန်းစုကတော့ ကျန် ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီမင်ကတော့ ရေနံနဲ့ ဆက်စပ် ဓာတု ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကို အဓိက လုပ်ကိုင်နေ တာ ဖြစ်ပြီး PEAK6 ကတော့ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ အသင်းကို ဝယ်ထားတာ ဖြစ်ပါတယ်။ (၃) Brighton & Hove Albion ။ ။ ဘရိုက်တန် အသင်းကိုတော့ အင်္ဂလန်နိုင်ငံသား စစ်စစ် တိုနီဘလွန်း (Tony Bloom) က ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ အဖြစ် ရှိနေပြီး ရှယ်ယာ ၇၅ ဒသမ ၆၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ သူ့ရဲ့ ချမ်းသာမှု ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံလောက် ရှိပြီး သူက အွန်လိုင်းလောင်းကစား လုပ်ငန်း၊ တန်ဖိုးမြင့် အိပ်ရာ ဆောက်လုပ်ရေး လုပ်ငန်း၊ မြေယာ အကျိုးဆောင်နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စီးပွားရေး သမား တဦးလည်း ဖြစ်ပါတယ်။ (၄) Burnley ။ ။ ဘန်လေအသင်းကိုလည်း အင်္ဂလန်သားတွေပဲ ပိုင်ဆိုင်ပါတယ်။ မိုက်ခ်ဂါးလစ် (Mike Garlick) က ရှယ်ယာ ၄၉ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဂျွန်ဘားနာ့စ်ဇကီဝစ်ဇ် (John Banaszkiewicz) က ၂၇ ဒသမ ၅၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ သန်း ၈၀ လောက်ပဲ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း တွေနဲ့ အကြံပေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေတဲ့ စီးပွားရေးသမားတွေ ဖြစ်ပါတယ်။ (၅) Chelsea ။ ။ ချယ်ဆီးလ်အသင်းကို ရိုမန်အေဘရာမိုဗစ်ချ် (Roman Abramovich) က တဦးတည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ အတူ ငွေကြေး အင်အားနဲ့ အသင်းကို အောင်မြင်မှု ရှာဖွေသူ ပိုင်ရှင် တဦး အဖြစ် လူသိများပါတယ်။ သူ့ရဲ့ ချမ်းသာမှုက ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံလောက် ရှိပါတယ်။ စက်သုံးဆီနဲ့ စက်မှု လုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ (၆) Crystal Palace ။ ။ ဆိုးသွမ်း ပရိတ်သတ်တွေနဲ့ အတူ နာမည်ရတဲ့ ခရစ်စတယ်ပဲလေ့ အသင်းကို စတိဗ်ပါရှစ်ချ်၊ မာတင်လောင်းဂ်၊ ဂျိုရှူဝါဟဲရစ်၊ ဒေးဗစ် အက်စ် ဘလစ်ဇာ၊ ဂျရမီဟော့စ်ကင်း (Steve Parish, Martin Long, Joshua Harris, David S. Blitzer, Jeremy Hosking) နဲ့ စတီဖင်ဘရိုဝက် (Stephen Browett) တို့က ပိုင်ဆိုင်ထားပြီး ရှယ်ယာ ဘယ်လောက် ထိအောင် ကိုင်ထားသလဲ မသိပေမယ့် သေချာတာက အသင်းရှယ်ယာ ၁၀ ရာခိုင်နှုန်းနဲ့ အထက် ပိုင်ဆိုင်သူတွေ ကို ပြောထားတာ ဖြစ်လို့ အခု စာရင်းမှာ ပါတဲ့ နာမည်တွေက တဦးကို အနည်းဆုံး အနည်းဆုံး ၁၀ရာခိုင်နှုန်းနဲ့ အထက်တော့ ပိုင်ဆိုင်ကြပါလိမ့်မယ်။ သူတို့ထဲမှာ လောင်းက သန်း ၁၀၀၊ ဟာရစ်က ၃ ဒသမ ၂ဘီလီယံ၊ ဘလစ်ဇာက ၁ ဒသမ ၃ဘီလီယံ၊ ဟော့စ်ကင်းက သန်း ၂၅၀၊ ဘရိုဝက်က သန်း ၁၁၀ စီလောက်ထိအောင် ချမ်းသာတယ်လို့ ဆိုပါတယ်။ (၇) Everton ။ ။ အဲဗာတန်ကိုတော့ ဖာဟက်မိုရှီရီ (Farhad Moshiri) က ရှယ်ယာ ၄၉ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဘီလ် ကင်ရိုက်၊ ဂျွန်ဝုစ် (Bill Kenwright၊ Jon Woods) တို့လည်း ရှယ်ယာ အနည်းငယ်စီ ပိုင်ဆိုင်ထားတယ် လို့ သိရပါတယ်။ သူတို့တွေရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံလောက် ချမ်းသာပါတယ်။ ဖာဟက်ကတော့ သံမဏိ လုပ်ငန်းကို အဓိက လုပ်ကိုင်နေတာ ဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ ရုပ်သံသုံး Software ထုတ်လုပ်ဖန်တီးတဲ့ လုပ်ငန်းကို လုပ်ကိုင်နေတာပါ။ (၈) Huddersfield Town ။ ။ ဟက်ဒါဖီးလ်အသင်းကို အင်္ဂလန်သား ဒီးန်ဟိုးလ် (Dean Hoyle) က တဦးတည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ သူက ဒေါ်လာ ၄၇၅ သန်းလောက်ထိအောင် ချမ်းသာတဲ့ သူဌေး တဦး ဖြစ်ပြီး လက်ဆောင်ပစ္စည်းတွေ၊ မိတ်ဆက်ကတ်တွေ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ (၉) Leicester City ။ ။ ထိုင်းနိုင်ငံသား သီရိဝဒ္ဒနပရာဘ (The Srivaddhanaprabha) မိသားစုက ပိုင်ဆိုင်ပါတယ်။ အသင်းကြီးတွေကို ကျော်ဖြတ်ပြီး မထင်မှတ်ပဲ အမှတ်ပေး ဖလားရယူထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ သူတို့ မိသားစုက ထိုင်းမှာပါ အချမ်းသာဆုံး စာရင်းဝင် ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံလောက် ရှိပြီး King Power ဆိုတဲ့ နိုင်ငံတကာ ကုန်သွယ်ရေး ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ (၁၀) Liverpool ။ ။ အင်္ဂလန်ရဲ့ ဒုတိယမြောက် အောင်မြင်မှု အမြင့်ဆုံး အသင်းကို အမေရိကန်သား ဂျွန်ဒဗလျူဟင်နရီ (John W. Henry) က ပိုင်ဆိုင်ပါတယ်။ ဟင်နရီက Fenway အားကစားလုပ်ငန်းစုကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံလောက် ချမ်းသာကြွယ်ဝသူလည်း ဖြစ်ပါတယ်။ (၁၁) Manchester City ။ ။ အခု နောက်ပိုင်း ချယ်ဆီးနဲ့ အတူ ငွေကြေးအင်အား သုံးပြီး အောင်မြင်မှု ရှာဖွေနေတဲ့ အသင်း အဖြစ် လူသိများတဲ့ မန်စီးတီးကို မန်ဆော်ဘင်ဇာယက် အယ်လ် နာယန်း (Mansour bin Zayed Al Nahyan) က ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားပြီး ၈၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ကျန်တဲ့ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကိုတော့ တရုတ်မီဒီယာ လုပ်ငန်းစုက ပိုင်ဆိုင်ပါတယ်။ သူတို့တွေရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၄၄ ဘီလီယံလောက် ရှိပြီး မန်ဆော်ကတော့ စက်သုံးဆီနဲ့ စက်မှု လုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပြီး တရုတ်မီဒီယာလုပ်ငန်းစုကတော့ အစိုးရပိုင်လို့ သိရပါတယ်။ (၁၂) Manchester United ။ ။ အင်္ဂလန်မှာ အအောင်မြင်ဆုံး အသင်း မန်ယူက အမေရိကန် မိသားစု ဂလန်ဇာ (The Glazer) က ပိုင်ဆိုင်ပါတယ်။ သူတို့ဟာ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံလောက် ချမ်းသာတယ်လို့ သိရပြီး ရှေ့ပိုင်းမှာ မန်ယူကို အကြွေးတင်ခံ ဝယ်ခဲ့တယ် လို့ သိရပေမယ့် အခုတော့ ဘီလီယံနာ စာရင်းဝင်တွေ ဖြစ်လာပါတယ်။ ထူးခြားချက်ကတော့ အင်္ဂလန်မှာ အအောင်မြင်ဆုံး မန်ယူနဲ့ လီဗာပူးလ်ကို အမေရိကန်တွေ ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်နော်။ (၁၃) Newcastle United ။ ။ ငှက်ကျားတွေလို့ လူသိများတဲ့ နယူးကာဆယ်ကို အင်္ဂလန်သား မိုက်ခ်အက်ရှလေ (Mike Ashley) က ပိုင်ဆိုင်ပါတယ်။ သူက အားကစားဆိုင်ရာ ဝန်ဆောင်မှုနဲ့ ပစ္စည်း ထုတ်လုပ်ရောင်းချမှု လုပ်ငန်းတွေကို လုပ်ကိုင်နေသူ ဖြစ်ပြီး ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံလောက် ချမ်းသာတဲ့ ဘီလီယံနာ တဦးပဲ ဖြစ်ပါတယ်။ (၁၄) Southampton ။ ။ တရုတ်နိုင်ငံသား ဂေါင်ဂျေအန်း (Gao Jiaheng) က ရှယ်ယာ ၈၀ ရာခိုင်နှုန်းနဲ့ ကက်သရီးနား လော့ဘ်ဟား (Katharina Loebherr) က ကျန်တဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ သူတို့ နှစ်ယောက်ပေါင်း ချမ်းသာမှုက ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံနဲ့ အထက် ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဂေါင်ဂျေအန်း ကတော့ Lander ဆိုတဲ့ အားကစားဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပြီး ကတ်သရီနာကတော့ ရှယ်ယာတွေကို အမွေရထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။ (၁၅) Stoke City ။ ။ စတုတ်အသင်းကို အင်္ဂလန်သား မိသားစု ဖြစ်တဲ့ The Coates က ပိုင်ဆိုင်ပါတယ်။ ဒီမိသားစုရဲ့ ချမ်းသာမှုက ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံလောက် ရှိပါတယ်။ နာမည်ကျော် အွန်လိုင်း လောင်းကစား လုပ်ငန်းတခု ဖြစ်တဲ့ Bet365 ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ (၁၆) Swansea City ။ ။ ဆွမ်ဆီးအသင်းကို အမေရိကန်နိုင်ငံသားတွေ ဖြစ်တဲ့ စတီဖင်ကက်လန်း (Stephen Kaplan) နဲ့ ဂျေဆင် လီဗီယန် (Jason Levien) တို့က ရှယ်ယာ ၆၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာ တွေ့ရသလို ဆွမ်ဆီးမြို့တော်ထောက်ပံ့ရေး အဖွဲ့က ရှယ်ယာ ၂၁ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြခြင်း မရှိပေမယ့် အမေရိကန်သားတွေ ကတော့ Memphis နဲ့ D.C. United လို အမေရိကန် အားကစားအသင်းတွေကိုပါ ပိုင်ဆိုင်မှုရှိတာ တွေ့ရပါတယ်။ (၁၇) Tottenham Hotspur ။ ။ စပါးအသင်းကို အင်္ဂလန်သား ဂျိုးလူးဝစ်စ် (Joe Lweis) က ရှယ်ယာ ၇၀ ဒသမ ၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဒန်နီရယ် လက်ဗီ (Daniel Levy) ကတော့ ၂၉ ဒသမ ၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံလောက်ထိ ချမ်းသာသူတွေ ဖြစ်ပြီး Tavistock နဲ့ ENIC စီးပွားရေး လုပ်ငန်းစုတွေကို လုပ်ကိုင် နေသူတွေ ဖြစ်ပါတယ်။ (၁၈) Watford ။ ။ ဝက်ဖို့ အသင်းကို အီတလီနိုင်ငံသား ဂျီနိုပိုဇို (Gino Pozzo) က ပိုင်ဆိုင်ပါတယ်။ အီတလီသားရဲ့ ပိုင်ဆိုင်မှုကို မသိရပေမယ့် သူက စီးပွားရေးသမား တယောက် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အဓိက လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ (၁၉) West Bromwich Albion ။ ။ ဝက်စ်ဘရွန်းအသင်းကို တရုတ်နိုင်ငံသား ဂေါင်ချွန်လိုင်း (Guochuan Lai) က ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားပြီး သူ့လက်ထဲမှာ အသင်းရဲ့ ရှယ်ယာ ၈၇ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။ သူက ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံလောက် ချမ်းသာသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို အဓိက လုပ်ကိုင်နေသူပါ။ (၂၀) West Ham United ။ ။ ဝက်စ်ဟမ်းအသင်းကို ဒေးဗစ်ဆူလီဗန် (David Sullivan) က ရှယ်ယာ အများဆုံး ပိုင်ဆိုင်ပြီး ၅၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဒေးဗစ်ဂိုးလ်ဒ် (David Gold) က ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ Straumur Investment Bank က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ ဆူလီဗန်က ဒေါ်လာ သန်း ၅၂၀ လောက် ချမ်းသာပြီး Daily Sport နဲ့ Sunday Sport လုပ်ငန်းတွေကို လုပ်ကိုင် နေပြီး ဂိုးလ်ဒ် ကတော့ ၃၂၅ သန်းလောက် ချမ်းသာတာ တွေ့ရပြီး သူက ကုန်သွယ်ရေး လုပ်ငန်းကို လုပ်ကိုင်တယ်၊ Straumur ကတော့ ဘဏ်လုပ်ငန်း ဖြစ်ပါတယ်။ Ref: http://ift.tt/1nTw5C9 The post ပရီးမီးယားလိဂ် ဘောလုံးအသင်းတွေကို ဘယ်သူတွေ ပိုင်ဆိုင်သလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2l47Mt4
via IFTTT

No comments:

Post a Comment