မိုဘိုင်းအင်တာနက် အသုံးပြုမှု အများဆုံး ဒေသ အရှေ့တောင်အာရှ တကမ္ဘာလုံးဆိုင်ရာ အင်တာနက် အသုံးပြုမှု ဖွံ့ဖြိုးမြင့်တက်လာမှု စာရင်းတွေ အခု ၂၀၁၇ နှစ်ကုန် စာရင်းချုပ် အနေနဲ့ ထွက်ပေါ် လာပြီး အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ မိုဘိုင်းကနေ အင်တာနက် အသုံးပြုမှုနှုန်း မြင့်တက်လာတာက အခြား ကမ္ဘာ့နယ်ပယ် အသီးသီးမှာထက် မြင့်မားနေပြီး လာမယ့် ၂၀၁၈ ခုနှစ် အတွင်း မိုဘိုင်း အင်တာနက် အသုံးပြုမှု အများဆုံး ဒေသ ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းပါတယ်။ မိုဘိုင်းအင်တာနက် အသုံးပြုမှု ဆိုတာကတော့ စမတ်ဖုန်းတွေ၊ တက်ဘလက်လို သယ်ဆောင်လို့ ရတဲ့ ချိတ်ဆက်စနစ်တွေ ကနေ အင်တာနက် အသုံးပြုမှုတွေကို ဆိုလိုတာ ဖြစ်ပြီး အခုလို အင်တာနက် အသုံးပြုမှု မြင့်တက်တာကို အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Google နဲ့ Temasek တို့က ခန့်မှန်းတင်ပြထားတာ ဖြစ်ပါတယ်။ အခုနှစ် အတွင်း Google က အရှေ့တောင်အာရှ ဒေသ အတွင်း အင်တာနက် အသုံးပြုမှုနဲ့ ပတ်သတ်တဲ့ ကုန်ကျစရိတ် ဒေါ်လာ ဘီလီယံ ၃၀ ကျော်လောက်ပဲ ခန့်မှန်းထားပေမယ့် နောက်ဆုံး နှစ်ချုပ် စာရင်းတွေ အရ ဒေသအတွင်း အင်တာနက် အတွက် အသုံးစရိတ် ဒေါ်လာ ဘီလီယံ ၅၀ ဖိုးထိ ရှိခဲ့သလို Google ရဲ့ ခန့်မှန်းချက်ထက် အသုံးစရိတ် ၃၅ ရာခိုင်နှုန်းလောက်ထိ ပိုသုံး လာတာလည်း ဖြစ်သလို ၂၀၂၅ အရောက်မှာ အသုံးစရိတ် မြင့်တက်နှုန်း ၃၀၀ ရာခိုင်နှုန်းလောက်ထိ ရှိလာပြီး စုစုပေါင်း ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးလောက်ထိ အင်တာနက်ဖိုး သုံးလာမယ် လို့ ခန့်မှန်းပါတယ်။ အရှေ့တောင်အာရှဒေသ အတွင်း အင်တာနက် အသုံးပြုသူ လူဦးရေ ၆၄၁ သန်းထိ ရှိနေပြီး အဆိုပါ အရေအတွက်ထဲက ၅၁ ရာခိုင်နှုန်းဟာ လစဉ် အမြဲတမ်း အင်တာနက် အသုံးပြုနေသူတွေ ဖြစ်တယ ်လို့လည်း သိရပါတယ်။ အထူးသဖြင့်တော့ အရှေ့တောင် အာရှအတွင်း တိုးတက်မှု မြန်ဆန်လာတဲ့ နိုင်ငံ ၆ ခုဖြစ်တဲ့ ထိုင်း၊ အင်ဒို၊ မလေး၊ စင်ကာပူ၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်တွေမှာ အင်တာနက် အသုံးပြုမှု ပိုမို များပြားလာနေတာ ဖြစ်ပါတယ်။ Google နဲ့ Temasek တို့က ပြီးခဲ့တဲ့ ၂ နှစ် အတွင်း နောက်ဆုံး စာရင်းတွေကို ပြန်ကြည့်ပြီး အခု စစ်တမ်းကို ထုတ်ပြန်လာတာ ဖြစ်သလို အဆိုပါ ၆ နိုင်ငံဟာ ၂ နှစ် အတွင်း အင်တာနက် အသုံးပြုမှုနှုန်း မြင့်တက်မှု မြန်ဆန်လာတာ တွေ့ရခဲ့ရတာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထိ အရှေ့တောင်အာရှဒေသ အတွင်း အင်တာနက် လစဉ် သုံးသူ သန်း ၇၀ လောက်ပဲ ရှိရာကနေ အခုနှစ် အတွင်း သန်း ၃၃၀ လောက် ရှိလာတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာမှာ တတိယအကြီးဆုံး အင်တာနက် ဈေးကွက်ကြီး ဖြစ်လာ စေတယ် လို့လည်း ဆိုပါတယ်။ ထူးခြားချက်ကတော့ မိုဘိုင်းလို့ ခေါ်တဲ့ သယ်ဆောင်နိုင်တဲ့ စမတ်ပစ္စည်းတွေနဲ့ အင်တာနက် အသုံးပြုမှု အပိုင်းမှာတော့ အခြား ဈေးကွက်ကြီးတွေထက် ပိုများပြီး တရက်ကို ပျမ်းမျှ ၃ ဒသမ ၆ နာရီ လောက် မိုဘိုင်းကနေ အင်တာနက် သုံးနေတယ်လို့ ဆိုပါတယ်။ ဒေသတွင်း နိုင်ငံများ အတွင်း နေ့စဉ် အသုံးပြုမှုမှာ ထိုင်းက အများဆုံး ဖြစ်ပြီး တရက်ကို ၄ ဒသမ ၂ နာရီလောက် ပျမ်းမျှ သုံးနေတယ်၊ အင်ဒိုက ၃ ဒသမ ၉ နာရီလောက် သုံးပြီး ဒုတိယ လိုက်နေပါတယ်။ ဒီနေရာမှာ အင်တာနက် အသုံးပြုမှု အများဆုံး နိုင်ငံ ဖြစ်တဲ့ အမေရိကန်မှာတောင် တရက်ကို ပျမ်းမျှ ၂ နာရီလောက်ပဲ သုံးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ ချိတ်ဆက် အင်တာနက် စနစ်ကို ပိုပြီး အသုံးများတာ တွေ့ရသလို မိုဘိုင်းနဲ့ အင်တာနက် သုံးသူ နည်းတယ် လို့ ဆိုပါတယ်။ ဒီလို အရှေ့တောင်အာရှမှာ မိုဘိုင်းနဲ့ အင်တာနက် သုံးသူ များလာစေတဲ့ အဓိက အချက်ကတော့ စမတ်ဖုန်း အသုံးပြုမှု များပြားလာခြင်းကြောင့် ဖြစ်ပြီး TechCrunch ရဲ့ ခန့်မှန်းချက်မှာလည်း ၂၀၂၀ ခုနှစ်မှာ အင်တာနက် လစဉ် အမြဲ သုံးသူ သန်း ၄၈၀ လောက်ထိ ရှိလာနိုင်ပါတယ်။ သိရသလောက် အရှေ့တောင်အာရှရဲ့ အင်တာနက် သုံးစွဲသူရဲ့ ရာခိုင်နှုန်း ၉၀ လောက်က စမတ်ဖုန်းကနေ သုံးနေကြတာ ဖြစ်ပါတယ်။ Google ရဲ့ လေ့လာချက် အရ ဒေသတွင်း အင်တာနက် အသုံးပြုမှုှမှာ Google ရဲ့ စနစ်တွေနဲ့ Facebook ကို အများဆုံး သုံးနေကြပြီး Android စနစ် ခေတ်စားမှုကြောင့် အင်တာနက် အလွယ်သုံးလာတာတွေ၊ လူဦးရေ များပြားတဲ့ အင်ဒိုမှာ ၂၀၁၅ ခုနှစ် အတွင်း Internet.org ကို မိတ်ဆက် အသုံးပြုနိုင်လာတာတွေက ဒေသတွင်း အင်တာနက် သုံးသူ မြင့်တက်လာစေတာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါအပြင် လက်ရှိမှာလည်း Googleရဲ့ စနစ်ဖြစ်တဲ့ Android သုံး ဖုန်းတွေ လူကြိုက်များနေဆဲ ဖြစ်သလို Facebook ကလည်း အခုထက် ပိုပြီး လူကြိုက်များအောင် ဖန်တီးနေတာတွေက အရှေ့တောင်အာရှဒေသ အနေနဲ့ လာမယ့် ၂၀၁၈ ကနေ စတင်ပြီး မိုဘိုင်းကနေ အင်တာနက် အသုံးပြုမှု အများဆုံး ဒေသ ဖြစ်လာနိုင်တယ် လို့ သိရပါတယ်။ Ref: http://ift.tt/eKERsB The post မိုဘိုင်းအင်တာနက် အသုံးပြုမှု အများဆုံး ဒေသ အရှေ့တောင်အာရှ appeared first on ဧရာဝတီ.
Source : http://ift.tt/2BUN2MF
via IFTTT
No comments:
Post a Comment