မလေးရှားကို ဆေးကုတဲ့ ပီနန်က အိန္ဒိယဆရာဝန် ပီနန် Penang က လျှပ်စစ်မီးများဖြင့် တန်ဆာဆင်ထားသည့် ခေတ်ဆန်ဆန်ကော်ဖီဆိုင် တဆိုင်ထဲတွင် လဘက်ရည်ကို ကျနော် ဖြည်းဖြည်းချင်း သောက်နေပါသည်။ ဈေးဆိုင်ဟောင်းတခုကို ပြန်လည်ပြင်ဆင်ထားသည့် ကော်ဖီဆိုင်တွင် လူပြည့်နေသည်။ စင်ကာပူနှင့် တရုတ်နိုင်ငံမှ လာသည့် ကမ္ဘာလှည့်ခရီးသည်များနှင့် ချိစ်ကိတ် စားနေသော မလေးရှားမှ လူလတ်တန်းစား လူငယ်များက ရောထွေးနေကြသည်။ အနားတဝိုက်မှ ဂျော့ချ်တောင်း Georgetown မြို့ လမ်းများပေါ်တွင်လည်း ကျောပိုးအိတ်လွယ်ထားသော (ကမ္ဘာလှည့်) ခရီးသွားများဖြင့် ပြည့်နှက်နေသည်။ ဘားများလည်း လူပြည့်နေသည်။ လမ်းပေါ်မှ အနုပညာပြကွက်များ(street art) နှင့် အတူ ဆယ်ဖီဓာတ်ပုံများလည်း ရိုက်နေကြသည်။ ၂၀၀၈ ခုနှစ်မှစ၍ ပီနန်သည် ဒေသတွင်းတွင် အစားအသောက်ကောင်းများဖြင့် ကျော်ကြားသည့် နေရာတခု အဖြစ်မှသည် ကမ္ဘာသိ ခရီးသွားနေရာတခု အဖြစ်သို့ သူ့ဖာသာ ပြောင်းလဲသွားခဲ့သည်။ အကောင်းအတွက် ဖြစ်စေ သို့မဟုတ် အဆိုးအတွက် ဖြစ်စေ လျှင်မြန်သော တိုးတက်မှုကို မြင်ခဲ့ရသည်။ ပီနန် အထွေထွေဆေးရုံကြီးတွင် အလုပ်လုပ်သည့် အသက် ၃၃ နှစ် အရွယ် ဆရာဝန်တဦး ဖြစ်သော ပရာရှန့် Prashanth တွင် လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကိုယ်ပိုင် အမြင်တခု ရှိနေသည်။ “တိုးတက်မှု လွန်ကဲနေတာ။ ဟုတ်ပါတယ်။ စီးပွားရေးက တက်ကြွလာနေတယ်။ ဒါပေမယ့် ရွှေ့လျားမှုက မြန်လွန်း တယ်။ သင့်တော်တဲ့ ညှိနှိုင်းတိုင်ပင်မှုလည်း မရှိဘူး။” ပီနန်ကျွန်းနဲ့ မလေးရှား ဆက်သွယ်ထားသော တံတား “တကယ်လို့ ခင်ဗျား လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ကြွက်သားတွေ ဖွံ့ဖြိုးလာမယ်။ အဲဒါ ခင်ဗျားအတွက် ကောင်း တယ်။ ကိုယ်ခန္ဓာ သန်မာလာမယ်။ ဒါပေမယ့် အရမ်းမြန်မြန်လုပ်ရင်၊ များများလုပ်ရင် ကိုယ်ခန္ဓာ ထိခိုက်လာလိမ့်မယ်။ ပေးဆပ်ရမယ့် တန်ဖိုးဆိုတာ အမြဲတမ်းရှိတယ်။” အတော်လေးမှန်ပါသည်။ ကျနော်တို့ တွေ့ဆုံပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပီနန်တွင် လတ်တလော၌ အဆိုးရွားဆုံးဖြစ်သော ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပြီး ၇ ယောက်သေ၍ ထောင်နှင့် ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ ပရာရှန့်က စာရေးတဦး နှင့် ရှေ့နေတဦး၏ သားဖြစ်ပြီး ပီနန် အနောက်တောင်ပိုင်းမှ Bayan Baru တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူ၏ အဘိုုးဖြစ်သူမှာ အိန္ဒိယတောင်ပိုင်းမှ မလေးရှားသို့ ရွှေ့ပြောင်းအခြေချလာသည့် ကျွဲနွား နှင့် ဆိတ်များ မွေးမြူသူ တဦးဖြစ်သည်။ ငယ်ရွယ်၍ ထက်မြက်သော ပရာရှန့်က ထင်ရှားသော ပီနန် အခမဲ့ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ရုရှားနိုင်ငံသို့ သွားရောက်၍ ဆေးပညာဘွဲ့ယူခဲ့သူ ဖြစ်သည်။ ပရာရှန့်က ဆရာဝန်ပီပီ တိုင်းရေးပြည်ရေးနှင့် အမျိုးသားရေး အပါအဝင် တွေ့လာသည့် ပြဿနာတိုင်းကို ရောဂါ ရှာဖွေ စမ်းသပ်ခြင်း နှင့် ကုသရမည့်ဆေးဝါးပေးခြင်းမျိုး ဖြင့် စဉ်းစားတတ်သူတယောက် ဖြစ်သည်။ “တကယ့် အစစ်အမှန် ပြဿနာတွေကို မဖြေရှင်းရသေးဘူး။ ပထမ အချက် ပီနန်မှာ တန်ဖိုးသင့်တင့်တဲ့ အိမ်ယာ မရှိဘူး။ ဒုတိယ အချက် လူနေမှုစရိတ်ကလည်း မြင့်တက်နေတယ်။ နောက်ဆုံး အချက် ပီနန်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် ရွေးချယ်စရာ မရှိဘူး။” “ပြဿနာက လူမဟုတ်ဘူး။ အဲဒါက စနစ်။ ကျနော်တို့က နိုင်ငံရေးသမား ဒီတယောက် သို့မဟုတ် ဟိုတယောက်ကို ဖယ်ရှားပစ်လိုက်တယ်ဆိုတာ ရောဂါ လက္ခဏာကို ကုတာ သက်သက်ပဲ။ ကျနော်တို့က ပြဿနာရဲ့ အရင်းအမြစ် ဒါမှမဟုတ် တကယ့်ရောဂါဆီကို သွားနေတာ မဟုတ်ဘူး။” ထိုရောဂါက မည်သည့် ရောဂါ ဖြစ်ပါသနည်း။ ဂျော့ချ်တောင်းသို့ လာရောက်လည်ပတ်သူ တိုးရစ်များ “အဲဒါက လူမျိုးကို အခြေခံတဲ့ နိုင်ငံရေးပဲ။ ကျနော်တို့ ကွဲပြားမှုတွေကို ကျော်ဖြတ်ဖို့ တကယ့် သော့ချက်က ဘာသာ စကားပဲ။ ကျနော် အင်္ဂလိပ်၊ မလေး၊ ဟုတ်ကီယန့် Hokkien၊ မန်ဒရင်း၊ တမီလ် စကားတွေ ပြောနိုင်တယ်။ ကျောင်းတက်နေတုန်းက ရုရှားစကားတောင် ပြောတတ်တယ်။ ကျနော်တို့ တယောက်နဲ့ တယောက်ဆက်သွယ်ရေးကို အားထုတ်ဖို့ လိုပါတယ်။” “အဲဒါက ကျနော်တို့ ကိုယ်ခန္ဓာနဲ့ တူတူပါပဲ။ ကလပ်စည်း (Cells) တွေက အလုပ်လုပ်ဖို့အတွက် တခုနဲ့ တခု ဆက်သွယ်ရတယ်။ တကယ်လို့ ကလပ်စည်းတွေကြားမှာ ဆက်သွယ်မှု ပျက်စီးသွားပြီဆိုရင် အဲဒီအချိန်မှာ ပြဿနာ ဖြစ်တော့တာပဲ။” “ဥပမာ ကင်ဆာရောဂါကို ကြည့်ပါ။ ကျနော်တို့ ကိုယ်ထဲက ကလပ်စည်းတွေက ပုံမှန် ကလပ်စည်းတွေလို ပျက်ဆီးသွားရမယ့်အစား မထိန်းချုပ်နိုင်လောက်အောင် တိုးပွားလာတာကို ကြုံရပြီဆိုရင် ကင်ဆာ ဖြစ်တာပဲ။ ဒီနေ့ ကျနော်တို့ တိုင်းပြည်ကို ခွဲခြားနေတဲ့ နိုင်ငံရေး ကိစ္စတွေက ကျနော်တို့ နိုင်ငံကို ဒုက္ခပေးနေတဲ့ ကင်ဆာပဲ။” “ကျနော်က မလေးရှား နိုင်ငံသားဆိုတာက ပထမ၊ အိန္ဒိယလူမျိုးဆိုတာက ဒုတိယ။ အဲဒီအတိုင်း ဖြစ်သင့်တယ်။” တချိန်တည်းမှာပင် ပရာရှန့်က သူ၏ အိန္ဒိယ အမွေအနှစ်ကို အထူးတလည် လက်ခံထားဆဲ ဖြစ်သည်။ သူ၏ မူလ ဇစ်မြစ်မှာ တမီလ်နာဒူး Tamil Nadu (အိန္ဒိယတောင်ပိုင်းပြည်နယ်)မှ thevar မျိုးနွယ် ဖြစ်ကြောင်း တွေ့ရသည်။ “အိန္ဒိယ လူမျိုးတွေက ပိုပြီးတောင် ခွဲခြားတတ်ကြတယ်။ ဒီနေ့ အထိ ခင်ဗျားက ဗြဟ္မဏ(ပုဏ္ဏားမျိုး) လား သုဒ္ဒ (သူ ဆင်းရဲမျိုး) လား၊ တမီလ်လား၊ ပန်ချာပီလား၊ သီရိလင်္ကာကလား၊ အိန္ဒိယသား အစစ်လား ဆိုတာ လူ အများစုအတွက် အရေးပါနေသေးတယ်။” သို့သော်လည်း သူ၏ ကိုယ်ပိုင်လက္ခဏာမှာပင် အနည်းငယ် ရှုပ်ထွေးမှု ရှိနေသည်။ ပရာရှန့်မိခင်မှာ မလေးရှား နိုင်ငံဖွား တရုတ်လူမျိုးတဦး ဖြစ်သော်လည်း အိန္ဒိယ မိသားစုတခုတွင် ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ “သူ့ ဟာ့ဒ်ဝဲက တရုတ်၊ ဒါပေမယ့် သူ့ ဆော့ဖ်ဝဲက အိန္ဒိယ” ဟု ပရာရှန့်က ပြောသည်။ သူ၏ ဇနီးဖြစ်သူက Bangsar (ကွာလာလမ်ပူ ဆင်ခြေဖုံး) မှ ဟိန္ဒူဘာသာဝင် ပန်ချာပီ တဦးဖြစ်နေခြင်းက အချို့ သော မလေးရှားနိုင်ငံသား အိန္ဒိယ နွယ်ဖွားများအတွက် မျိုးနွယ်တူညီသော လက်ထပ်မှုမျိုး ဖြစ်သည့်အတွက် ပရာရှန့်က ဂုဏ်ယူစွာဖြင့် ရည်ညွှန်းပြောဆိုခဲ့သည်။ ၂၀၀၇ ခုနှစ် မလေးရှားနိုင်ငံသား အိန္ဒိယနွယ်ဖွားများ ကွာလာလမ်ပူမြို့လမ်းများပေါ်တွင် ဆန္ဒပြစဉ် “ကျနော်တို့လို ဒီလိုခွဲခြားမှုတွေ အားလုံး ဘယ်မှာရှိသလဲ။ ဘယ်မှာမှ မရှိဘူး။ အိန္ဒိယ နွယ်ဖွားတွေက အစိုးရဌာနတွေမှာ စာရေးတွေ အတွင်းရေးမှူးတွေ အနေနဲ့ တာဝန် ထမ်းဆောင်လေ့ရှိကြတယ်။ အခုခေတ်မှာတော့ အဲဒါက တော်တော်လေးကို ရှားသွားပြီ။” “ဒီတိုင်းပြည်က အိန္ဒိယ အလုပ်သမားတွေ ထုတ်လုပ်ပေးတဲ့ ရော်ဘာကြောင့် ချမ်းသာလာခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်း ၆၀ ကျော်လောက်လည်း ကြာရော အိန္ဒိယနွယ်ဖွား အများစုက ရုန်းကန်နေရတုန်းပဲ။” ဖယ်ထုတ်ခံရသည့် အခြေအနေအပေါ် ပရာရှန့်၏ ဝမ်းနည်းနေခြင်းနှင့် “မလေးရှားနိုင်ငံသား ဖြစ်ခြင်းကို ပထမ ထားရန်” သူက စွဲစွဲမြဲမြဲ ယူဆနေခြင်းသည် မလေးရှားနိုင်ငံသား အိန္ဒိယနွယ်ဖွားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကြောင့် ဖြစ်နိုင်ကြောင်း ကျနော့်ကို တွေးမိစေပါသည်။ ၂၀၀၇ ခုနှစ် က မလေးရှားနိုင်ငံသား အိန္ဒိယနွယ်ဖွားများ ကွာလာလမ်ပူမြို့လမ်းများပေါ်သို့ တက်လာ၍ သူတို့ အသိုင်း အဝိုင်းတွင် ခံစားနေရသော နစ်နာမှုများကို တောင်းဆိုဆန္ဒပြခဲ့သည့် Hindu Rights Action Force (HINDRAF) ချီတက်ပွဲ နောက်ပိုင်း ၁၀ နှစ် ကြာခဲ့ပြီ ဖြစ်သော်လည်း သူတို့၏ အခြေအနေများ အမှန်တကယ် ကောင်းမွန်လာခဲ့သလားဆိုသည်မှာ မသေချာပါ။ တခုရှိသည်မှာ အရေးတကြီး အချေအတင် ဆွေးနွေးခဲ့ရသည့် ကိစ္စများ ရှိခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံမဲ့ ဖြစ်နေသည့် မလေးရှားနိုင်ငံဖွား အိန္ဒိယနွယ်ဖွား အရေအတွက် ၂၅၀၀ မှ ၃၀၀၀၀၀ အတွင်း ရှိနေသည် ဆိုခြင်းဖြစ်သည်။ သို့သော်လည်း ထိုအရေအတွက်သာမဟုတ် မလေးရှားနိုင်ငံသားတဦး ထိုပြဿနာနှင့် ရင်ဆိုင်နေရ သည်ဆိုလျှင်ပင် လက်ခံနိုင်စရာမရှိသောကိစ္စ ဖြစ်သည်။ နောက်လာမည့် နှစ်တွင် မလေးရှားနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည့်အချိန်တွင် ထိုကိစ္စများက ရှေ့တန်းသို့ ရောက်လာပါလိမ့်မည်။ တနိုင်ငံလုံးတွင် ပြန့်ကျဲနေသော အိန္ဒိယနွယ်ဖွား မလေးရှား နိုင်ငံသား အသိုင်းအဝိုင်းက အကြိတ်အနယ် ယှဉ်ပြိုင်နေရသည့် ပြိုင်ပွဲတွင် အဆုံးအဖြတ်ပေးနိုင်သည်။ သို့သော်လည်း သူတို့ အားလုံး ဘဝ ကောင်းမွန် တိုးတက်လာကြပါမည်လား။ သူတို့ ဘာမှန်းတောင် မသိလိုက်ရသည့် ကယ်တင်ရှင် အမျိုးမျိုး (အာဏာရ မဟာမိတ်အဖွဲ့၏ တစိတ်တပိုင်း ဖြစ်သော Malaysian Indian Congress (MIC) နှင့် ယခု အခါ အတိုက်အခံ မဟာမိတ်အဖွဲ့ Pakatan Harapan နှင့်လက်တွဲနေသော Hindu Rights Action Force (HINDRAF)မှ တက်ကြွ လှုပ်ရှားသူများ) ကို မြင်ခဲ့ရပြီး ဖြစ်သည်။ အလုပ်ခန်းထဲက ဒေါက်တာ ပရာရှန့် ရွေးကောက်ပွဲတိုင်း၌ အလားတူ ကတိများကို ရွေးကောက်ပွဲ မတိုင်မီ မြင်ရမြဲ ဖြစ်သည်။ သို့သော်လည်း အနည်းငယ်မျှသာ လုပ်ပြနိုင်သည်သာ ဖြစ်သည်။ ဒေါက်တာ ပရာရှန့်က မလေးရှားနိုင်ငံသား ဆိုသည့် စရိုက်လက္ခဏာက လူမျိုးရေး ကွာခြားမှုထက် ပိုအရေးပါရန် လိုကြောင်း အခိုင်အမာ လက်ခံယုံကြည်ထားဆဲ ဖြစ်သည်။ “ကျနော် တနေ့ကို ၉ နာရီ အလုပ်လုပ်တယ်။ လူနာ ၁၀၀ ကြည့်ပေးတယ်။ ကျနော် အစိုးရ ဆေးရုံမှာ အလုပ်ဆက် လုပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်က မလေးရှားနိုင်ငံသားတွေကို သူတို့ရဲ့ လူမျိုး သို့မဟုတ် ဘာသာ သို့ မဟုတ် အဆင့်အတန်းကို အရေးမထားဘဲ အလုပ်အကျွေးပြုချင်လို့ပဲ။” “တကယ်လို့ ကျနော်တို့က လူမျိုးရေးကို အခြေခံတဲ့ နိုင်ငံရေးကို ထားခဲ့နိုင်မယ်ဆိုရင် မလေးရှားနိုင်ငံက အများကြီး ပို ကောင်းတဲ့ နေရာတခု ဖြစ်လာလိမ့်မယ်။” “အခု ကျနော့်မှာ သမီးတယောက် ရှိတယ်။ ကျနော် သူ့ရဲ့ အနာဂတ်ကို စဉ်းစားရတယ်။ ကျနော် သူ့ကို အိန္ဒိယ လူမျိုး တယောက်လို မကြီးပြင်းစေချင်ဘူး။ ကျနော်က သူ့ကို မလေးရှားနိုင်ငံသားအဖြစ် ကြီးပြင်းစေချင်တယ်။” (ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။) The post မလေးရှားကို ဆေးကုတဲ့ ပီနန်က အိန္ဒိယဆရာဝန် appeared first on ဧရာဝတီ.
Source : http://ift.tt/2pcHRoo
via IFTTT
No comments:
Post a Comment