မန္တလေးတွင် လာမည့်ဘဏ္ဍာနှစ် အမျိုးသားမော်ကွန်း ပြတိုက် တည်ဆောက်မည် မန္တလေးမြို့တွင် တည်ဆောက်မည့် အထက်မြန်မာပြည် အမျိုးသားမော်ကွန်း ပြတိုက် စီမံကိန်းကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် လာမည့်ဘဏ္ဍာနှစ် အတွင်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။ “ဟိုတလောက လွှတ်တော်မှာ ပြန်သိမ်းမယ့် မြေထဲက ဒီစီမံကိန်း ဆောက်ဖို့ ၃ ဧကကျော်လောက် မြေနေရာ ရမယ်။ အဲဒီတော့ စည်ပင်မှာ မြေဖိုးတွေဘာတွေ သွင်းပြီးရင်တော့ လာမယ့် ဘတ်ဂျက်နှစ်ထဲမှာ အကောင်အထည် စဖော်နိုင်မယ်၊ ဘယ်လောက် ကုန်ကျမလဲ ဆိုတာတော့ မြေဖိုးတွေဘာတွေ သွင်းပြီး ခန့်မှန်း တွက်ချက်ပြီးမှ သိရမယ်” ဟုလည်း ၎င်းက ပြောပြသည်။ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်မည့် အမျိုးသား မော်ကွန်း ပြတိုက်ကို မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ်အတွင်း တည်ဆောက်မည် ဖြစ်ပြီး ပြည်ထောင်စု ဘတ်ဂျက်ဖြင့် သုံးစွဲ၍ တိုင်း အစိုးရအဖွဲ့၏ အစီအမံနှင့် ဆောင်ရွက်မည်ဟု သိရသည်။ “မော်ကွန်းတိုက် ရှိလာရင် ဘာဖြစ်လာမလဲ ဆိုတော့ တနိုင်ငံလုံးက ကိုးကားချင်တဲ့ အချက်အလက်တွေ၊ မှတ်တမ်းတွေ၊ ပြန်တမ်းတွေကို ဒီတနေရာမှာ သေချာ သိမ်းဆည်းထားမယ်။ လေ့လာချင်တဲ့ သူတိုင်း လေ့လာခွင့် ရနိုင်မယ်” ဟု ဝန်ကြီး ဦးမြတ်သူက ပြောဆိုသည်။ ပြတိုက် တည်ဆောက်မည့် မြေနေရာသည် ယခုလဆန်းက ပြုလုပ်ခဲ့သည့် မန္တလေးတိုင်း လွှတ်တော်က အတည်ပြုပြီး ဖြစ်သော တိုင်းအစိုးရအဖွဲ့က မြေဖိုးအမ်း၍ ပြန်သိမ်းမည့် မြေကွက် ၁၀၀ ကျော်တွင် ပါဝင်သည့် မြေကွက်တခုဖြစ်ပြီး တိုင်း အစိုးရအဖွဲ့ အနေဖြင့် စည်ပင်ကို ခန့်မှန်း မြေတန်ဖိုး ကျပ် သိန်း ၅ထောင် ကျော် ပေးသွင်းပြီးမှသာ စီမံကိန်း ဆောင်ရွက်ခွင့် ရရှိမည်ဟု ဆိုသည်။ ယင်းပြတိုက်ကို အထက်မြန်မာပြည် ကိုယ်စားပြု အဖြစ် မန္တလေးမြို့တွင် တည်ဆောက်ခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ တွင် ပြဌာန်းပြီး ဥပဒေများ၊ မှတ်တမ်းများ၊ ပြန်တမ်းများ၊ အမိန့်ကြေညာစာများကို သိမ်းဆည်း ထားရှိမည်ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက “ကိုယ့်ယဉ်ကျေးမှုကို ကျက်သရေတုံး၊ တန်ဖိုးကျအောင် လုပ်ခဲ့တာတွေကို ပညာ ပေးရာ ရောက်မယ်။ ဒီလိုပြတိုက်မျိုး ရှိလာတာဟာ မယဉ်ကျေးတဲ့ စိတ်တွေ၊ တန်ဖိုးထားရမယ့် အရာတွေကို ဖျက်လို ဖျက်ဆီး လုပ်ချင်တဲ့စိတ်တွေ လျော့သွားမယ်လို့ မြင်တယ်။ အစိုးရနဲ့ ပတ်သက်တာပဲ တခုတည်း မဟုတ်ဘဲ ကျန်တဲ့ လူမှု ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာမျိုးကိုပါ သိမ်းဆည်းထားမယ် ဆိုရင်တော့ နောင်မျိုးဆက်တွေ အတွက် ပို အကျိုးရှိတာပေါ့ဗျာ” ဟု ဧရာဝတီကို ပြောသည်။ အဆိုပါစီမံကိန်းကို ပုသိမ်ကြီး မြို့နယ် ရေတံခွန် တောင်ခြေအနီးတွင် ပြုလုပ်ရန် ယခုနှစ်ဆန်းပိုင်းက လျာထားခဲ့သော် လည်း မြေနေရာ အခက်အခဲကြောင့် ပယ်ဖျက်ခဲ့ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရ သည်။ The post မန္တလေးတွင် လာမည့်ဘဏ္ဍာနှစ် အမျိုးသားမော်ကွန်း ပြတိုက် တည်ဆောက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2Bo8UPs
via IFTTT
No comments:
Post a Comment