မဟန ပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် စက္ကူကျားလို့ပဲ သဘောထားတဲ့ ဦးဝီရသူ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အရေး၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ သံဃာတချို့ကို တရားစွဲ အရေးယူ တာတွေ၊ မဟန အပေါ် သဘောထားအမြင်တွေနဲ့ ပတ်သက်ပြီး ဆရာတော် ဦးဝီရသူကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇာနည်မာန်က တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ ။ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ကိုရော အစိုးရကိုရော နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင် နေတာတွေ ရှိပါတယ်။ ဒီအပေါ် ဆရာတော် သဘောထား ဘယ်လိုရှိပါသလဲ။ ဖြေ ။ ။ အစိုးရက အားမကိုးရတော့ တပ်မတော်ကိုပဲ အားကိုးနေရတာပေါ့ နော်။ အစိုးရက အားမကိုးလောက်သလိုပဲ တပ်မတော်ကို အပြည့်အဝ အားကိုးနေရတာပေါ့ နော်။ ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်က လူနည်းစုတွေကို အကာကွယ် ပေးမယ် ဆိုပြီး ပြောတာတွေကို ဦးဇင်းတို့က အပြည့်အဝ ထောက်ခံတာပေါ့။ အမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့က တပ်မတော်ကိုပဲ အားကိုးစရာရှိတော့တယ် လို့ ခံယူထားတာပေါ့ နော်။ မေး ။ ။ ဒါပေမယ့် ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းတာနဲ့ ပတ်သက်ပြီးတော့ တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဝေဖန်တာတွေ အပြင် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုတွေ ခံနေရတာ မဟုတ်ဘူးလား။ ဖြေ ။ ။ ပိတ်ပင်တာတွေလည်း ကြားတယ်။ ဒါက တာဝန်ရှိတဲ့ အစိုးရနဲ့ ပတ်သက်တဲ့ ဆန်ရှင်မဟုတ်ဘဲနဲ့ စစ်တပ်ကိုပဲ ပိတ်ဆို့ အရေးယူတဲ့ ဆန်ရှင် ဖြစ်နေတာပေါ့ နော်။ အဲ့ဒါကြီးက လွဲနေတာပေါ့ဗျာ။ တကယ်တမ်းကျတော့ အစိုးရတရပ်အနေနဲ့ တာဝန်ယူ တာဝန်ခံပြီးတော့ လုပ်နေကြရတာလေ။ အစိုးရအပေါ်မှာ ဆန်ရှင်မလုပ်ဘဲနဲ့ စစ်တပ်အပေါ်မှာ လုပ်တယ် ဆိုတော့ တလွဲကြီး ဖြစ်နေတယ်ပေါ့ နော်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ရခိုင်အရေးကိစ္စကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ဆုတံဆိပ်တွေ၊ ဂုဏ်ထူးတွေ ရုပ်သိမ်းတာမျိုးတွေလည်း ရှိတာပဲ မဟုတ်လား။ ဖြေ ။ ။ မဟုတ်ဘူးလေ။ ဦးဇင်း ဆိုလိုချင်တာက အစိုးရအဖွဲ့ကို ကျော်လွန်ပြီး၊ သူများ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကျော်လွန်ပြီးတော့ တပ်မတော်ကိုပဲ အရေးယူတယ် ဆိုတာကို လက်မခံတာ။ ဦးဇင်းတို့အနေနဲ့က တခြားနိုင်ငံက လာပြီး ကိုယ့်တိုင်းပြည်က ခေါင်းဆောင်တွေကို မဆိုင်ပဲသူများအရေး လာဝင်စွက်ဖက်ပြီး လာအရေးယူတာကို မကြိုက်တာပေါ့ နော်။ အဓိကက ဒီအရေးကိစ္စ ဖြေရှင်းဖို့ တာဝန်ရှိတာက အစိုးရ၊ အစိုးရနဲ့ သူတို့က လာပြီး ညှိနှိုင်း ဆွေးနွေးလုပ်၊ ဒါမျိုးပဲ ဖြစ်သင့်တာ ပေါ့ နော်။ ဒေါ်အောင်ဆန်းစုကြည် ကို ဆုတွေဘွဲ့တွေ ပြန်သိမ်းတာမျိုးကိုလည်း လုံးဝ လက်မခံနိုင်ပါဘူး။ လုပ်လည်းလုပ်သင့်တာ မဟုတ်ဘူးလေ။ ပြောရရင် ဒီဆုတွေရဖို့ ဒေါ်စုက လျှောက်လွှာတွေ သွားတင်ပြီးတောင်းခဲ့တာ မဟုတ်ဘူးလေ။ သူတို့ဘာသာ ပေးထားခဲ့တာပဲ။ ခုလို လုပ်တာကတော့ အနောက်က လူတွေက သိပ်ကလေးဆန်တယ် လို့ ပြောရမှာပဲ။ မေး ။ ။ အခုဆိုရင် အစိုးရအနေနဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပေးချက်တွေကို နိုင်ငံတကာနည်းလမ်း အတိုင်း လူ့အခွင့်ရေး နည်းလမ်းတကျ အကောင်အထည်ဖော်ဖို့ လုပ်နေတာတွေရှိတယ်။ ဒီလိုကိစ္စတွေက မကောင်းဘူးလား။ ဖြေ ။ ။ သူက ပြတ်ပြတ်သားသား ပြောထားတာမျိုး မရှိတော့ ဦးဇင်းတို့ မှတ်ချက်ပေးရခက်တယ်။ သူက ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ ပုံစံမျိုးပေါ့။ အလျင်အမြန် အကောင်အထည် ဖော်မယ်လည်း ပြောတယ်။ နောက်ပိုင်းကျတော့ လည်း သူက လိုအပ်တာကို အကောင်အထည်ဖော်မယ်၊ မလိုအပ်တာကို အကောင်အထည် မဖော်ဘူးပြောတော့ ဒီအပေါ် ပြောရခက်တယ်။ ဘယ်လို ဝေဖန်ရမှန်း မသိဘူး။ ကိုဖီအာနန် အကြံပြုထားတဲ့ အထဲမှာ အန္တရာယ်ကြီးတဲ့ အရာတွေလည်း ရှိတယ်။ ဥပမာ မဖြစ်မနေ ဘောင်ထဲရအောင်သွင်းပြီး နိုင်ငံသားဖြစ်ခွင့် ပေးရမယ် ဆိုတာတွေရယ်၊ နောက် နိုင်ငံသားဖြစ်ခွင့် ပေးလို့မှ မရတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့် ပေးလို့ရအောင် ၈၂ ဥပဒေကို ပြင်ဖို့ ဆိုတာတွေက တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ကြီးတာပေါ့နော်။ အဲ့ဒါတွေကိုသာ အစိုးရက လိုက်လျောမယ် ဆိုရင်တော့ လုံးဝ သဘောမတူနိုင်ဘူးပေါ့။ သဘောမတူတဲ့ အဆင့်ထက်ကို ကျော်လွန်သွားအောင် သံဃာတွေရော လူတွေရောက လမ်းပေါ်ထိ ရောက်လာကြလိမ့်မယ် လို့ ဦးဇင်းတို့က ယူဆတာပေါ့နော်။ မေး ။ ။ ရခိုင်ပြည်နယ်ကနေ ပဋိပက္ခတွေကြောင့် တဖက်နိုင်ငံကို ထွက်ပြေးသွားရတဲ့ သူတွေလည်း ရှိတယ်။ သူတို့တွေ နေရပ် ပြန်လာရင် ပြန်လည် နေရာချထားပေးဖို့ ဒီအစီခံစာပါ အချက်တွေအတိုင်း လုပ်ကြတဲ့အခါ သူတို့တွေက နေရပ် ပြန်မလာသင့်ဘူးလား။ ဖြေ ။ ။ အဲဒီ တဖက်ကို ထွက်သွားတဲ့လူတွေ ငါတို့ဆီ ပြန်မလာနဲ့လို့ မဟုတ်ပါဘူး။ သူတို့ ပြန်လာသင့် ပြန်လာထိုက်တာ ပြန်လာရပါမယ်။ ဒါပေမယ့် ဒီမှာ နေထိုင်ခဲ့ကြောင်း သက်သေတို့ ဒီက ထုတ်ပေးထားတဲ့ ကတ်တို့ ပြနိုင်မယ် ဆိုရင်တော့ ပြန် လက်ခံနိုင်ရမှာပေါ့ နော်။ သူတို့ ပြောထားတာတွေ ကတိကဝတ်ပြုထားတာတွေက ကောင်းပါတယ်။ မူဘောင်တွေကို အတိအကျ လိုက်နာဖို့တော့ လိုတယ်။ မေး ။ ။ ရခိုင်အရေးကိစ္စ အရှိန်မြင့်နေတဲ့ အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ရောက်လာတယ်။ သူ့ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးကိစ္စတွေကို သူပြောလိမ့်မယ် လို့ နိုင်ငံတကကမျှော်လင့်ကြတယ်။ ဒါပေမယ့် “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံး မသုံးခဲ့တဲ့ အပေါ် ဝေဖန်ပြစ်တင်တာတွေ ခံရတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို ဆရာတော်ကရော ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ ။ ဘာသာတရားခေါင်းဆောင်ကတော့ ဒီလိုပဲ မေတ္တာ ဂရုဏာ ထားဖို့၊ ခန္တီပြည့်ဝနေဖို့ ဒီလိုပဲ ဆုံးမသြဝါဒပေးရမှာပေါ့။ ဒါပေမယ့်လို့ မလာခင်တုန်းက ရိုဟင်ဂျာဆိုပြီးတော့ တကမ္ဘာလုံး ပတ်ပြီးတော့ မွှေခဲ့တယ်။ ပြန်သွားတော့လည်း ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ဆိုပြီးတော့ သုံးပြန်တယ် ဆိုတော့ ပုပ်ရဟန်းမင်းကြီးက ဘာသာရေးခေါင်းဆောင် မဟုတ်တော့ဘဲ ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေးပွဲစားကြီးလို့ မြင်မိတယ်။ နိုင်ငံတကာကိုကတော့ ဒီနိုင်ငံက တိုင်းရင်းသားတွေက လက်မခံတဲ့ စကားလုံးကို မသုံးစွဲတာက လူ့အခွင့်အရေး ချိုးဖောက်တာ လားလို့ ပြန်မေးချင်တယ်။ တိုင်းရင်းသားတွေက လက်မခံတဲ့ စကားလုံးကို သူဒီလို မသုံးသွားခဲ့တဲ့ အတွက် ဒီမှာ ပြုမူသွားတာ တွေကိုကတော့ ဝေဖန်ထောက်ပြစရာ မရှိပါဘူး။ ဒီကိုမလာခင်နဲ့ ပြန်သွားတုန်းက ဒီရိုဟင်ဂျာဆိုတာကို သုံးနှုန်းသွားတာကိုသာ ဦးဇင်းတို့က သိပ်မကြိုက်တာပါ။ မေး ။ ။ အရင်ကဆိုရင် ဆရာတော်က ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံအားပေးခဲ့ဖူးတယ်။ အခုကရော ဘယ်လိုတွေ ပြောင်းလဲ သွားလဲ။ အမျိုးသားရေးလှုပ်ရှားသူတွေကို အရေးယူတာတွေနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်းမှာ သူ့ကို ဘာသာရေး နှိပ်ကွပ်မှုတွေ လုပ်တယ် ဆိုပြီး ပြောဆိုနေကြတာ တွေလည်း ရှိလာတယ်။ ဖြေ ။ ။ ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတာလို့ မြင်တာပဲ။ နှိပ်ကွပ်တဲ့ အဆင့်တင်မကဘူး။ တခြား ဘာသာတရားတွေက ဦးဇင်းတို့ ဗုဒ္ဓဘာသာကို ထိုးဖောက်နိုင်ဖို့၊ တခြားလူမျိုးတွေက ဦးဇင်းတို့ တိုင်းရင်းသားတွေကို ထိုးဖောက်နိုင်ဖို့ အတွက် သူ့လက်ထက်မှာ စိတ်တိုင်းကျ ပလန် (Plan) ချပြီး လုပ်နေတာလို့ပဲ ယုံကြည်နေတာပေါ့ နော်။ တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ကြီးတဲ့ အစိုးရအကြီးအကဲ အမျိုးသမီးတယောက် အဖြစ် ရှုမြင်သွားတယ်။ ဒေါ်စုက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ အတွက်ရော၊ တမျိုးသားလုံးရဲ့ အမျိုးဘာသာသာသနာ အတွက်ရော အင်မတန် အန္တရာယ်ကြီးတဲ့ အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်သွားပါတယ်။ မေး ။ ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဆရာတော် ဦးဆောင်ပါဝင်တဲ့ မဘသအဖွဲ့ကို တရားမဝင်ကြောင်း ကြေငြာခဲ့ သလို မန္တလေးတိုင်း အစိုးရကလည်း ဒီနာမည်ကို သုံးရင် အရေးယူမယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့တယ်။ ဒါပေမယ့် အခု ဒီနာမည်ကို အမျိုးသားရေးဝါဒီတွေက သုံးနေကြသေးတယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်နေတယ်။ အဲ့ဒါက ဘယ်လို အကြောင်းကြောင့်ပါလဲ။ ဖြေ ။ ။ ဒါက သူတို့က ဥပဒေကို လုံးဝ မလေးစားလို့ ဒီလို လုပ်ကြတာပါ။ ဖြဲခြောက်ရုံနဲ့ ကြောက်မယ် လို့ ထင်လို့ လုပ်တာလို့ မြင်တာပေါ့ နော်။ ဒါပေမယ့် မဟန ပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် ဥပဒေကြောင်းအရ အလုပ် လုပ်မယ် ဆိုရင်တော့ မဘသ အပေါ်မှာ ဘယ်လိုမှ ဖျက်လိုဖျက်ဆီး လုပ်လို့ မရဘူး ဆိုတာတော့ သိထားတယ်။ ဒါကြောင့် မဘသ အပေါ် ပြုမူလာတဲ့ မဟန ပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် စက္ကူကျားလို့ပဲ ဦးဇင်းကတော့ သဘောထားပါတယ်။ သိပ်ပြီးတော့ မမှုပါဘူး။ မဘသ ဆိုင်းဘုတ်က ရှိပါတယ်။ တရားဝင်လည်း ဒီအတိုင်း လှုပ်ရှားသွားလာနေဆဲပါပဲ။ တရားမဝင်ဘူး ဆိုတာက မဟန ကြေငြာချက် တခုတည်းအပေါ်ကြည့်ပြီး ဆုံးဖြတ်နေကြတာပေါ့။ မဟန ကြေငြာချက်က ဥပဒေနဲ့ ညီသလားဆိုတာ ပြန်မေးရမယ်။ တရားဝင် မဝင်ဆိုတာ မဟန က ကြေငြာလို့ ရသလားပေါ့။ တကယ်တမ်းက တရားရုံးကို သွားပြီး ဆုံးဖြတ်လိုက်ပါ။ ဒါဆိုရင် မဘသ ဟာ တရားဝင် အဖွဲ့စည်းလား တရားမဝင်ဘူးလား ဆိုတာ ပေါ်လာ လိမ့်မယ်။ တရားမဝင်ဘူး လို့ ပြောတဲ့ လူတွေက ဥပဒေပိုင်းမှာ စုံလုံးကန်းနေတဲ့ လူတွေလို့ ဦးဇင်းတို့က မှတ်ချက်ချထား ပါတယ်။ မေး ။ ။ ပြီးခဲ့တဲ့ ၄၇ ပါးစုံညီ သံဃာအစည်းအဝေးမှာ ဆရာတော့်ကို တရားပွဲ ပိတ်ထားတာ ပြန်ဖွင့်ပေးဖို့ လျှောက်ထားခဲ့တယ် လို့ သိရပါတယ်။ ဆရာတော့်တရားပွဲတွေ ပြန်ဖွင့်ပေး မပေးသိရပြီလား။ ဖြေ ။ ။ တရားပွဲပြန်ဖွင့်ပေးဖို့ တင်တာက စမ်းသပ်ကြည့်တာပါ။ မဟနတွေက ကမ္ဘာအေးမှာ တမျိုး၊ ရပ်ထဲရွာထဲမှာတမျိုး၊ လေသံတွေက မတူဘူးလေ။ ရပ်ထဲရွာထဲမှာတော့ “ဒီလိုဖြစ်တာ သူက သဘောမတူဘူး တို့၊ သူ မသိလိုက်ဘူး၊ သိရင် ဒီလိုမဖြစ်ဘူး တို့၊ ဒါ ၄၇ ပါး မစုံဘူး တို့၊ ဘောင်မဝင်ဘူး တို့” ဒီလိုပြောသံမျိုးတွေ အများကြီး ကြားတာကိုး။ ပြီးတော့ “ဘယ်ဆရာတော်က သဘောမတူဘူး၊ သူမရှိတုန်း လုပ်လိုက်တာ” ဆိုတာတွေ ကြားတော့ စမ်းကြည့်လိုက်တာပေါ့ နော်။ စမ်းကြည့်လိုက်တော့ ကမ္ဘာအေးရောက်သွားရင် ၄၇ ပါးလုံးက အတူတူပါပဲ။ ၄၇ ပါးထဲ ရောက်သွားရင် ဦးဇင်း ဆရာသမားကိုတောင် ဦးဇင်း အယုံအကြည် မရှိဘူး။ The post မဟန ပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် စက္ကူကျားလို့ပဲ သဘောထားတဲ့ ဦးဝီရသူ appeared first on ဧရာဝတီ.
Source : http://ift.tt/2k4f67U
via IFTTT
No comments:
Post a Comment