ကျိုက်ထီးရိုးတွင် ဝိနည်းနှင့်မညီဘဲ အလှူခံနေသည့် သံဃာနှင့် ရသေ့များကို ပညာပေး စည်းရုံးမည် ရန်ကုန်၊ ဒီဇင်ဘာ ၆ ကျိုက်ထီးရိုးတွင် ဝိနည်းတော်နှင့်မညီဘဲ ဝတ္ထုငွေရရေး အပြိုင်အဆိုင် အလှူခံနေသည့် သံဃာ၊ ရသေ့၊ သီလရှင်များကို ပြည်နယ်အဆင့် သံဃနာယကအဖွဲ့က ဒီဇင်ဘာလအတွင်း ပညာပေး စည်းရုံးမည်ဖြစ်ကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ပညာပေး စည်းရုံးမှုကို ပြည်နယ်အဆင့် သံဃနာယကအဖွဲ့က ဦးဆောင်ပြုလုပ်ရန် စီစဉ်ထားပြီး ကျိုက်ထီးရိုး တောင်ပေါ်ရှိ စေတီတော်များ၊ ခြေလျင် တောင်တက်/ တောင်ဆင်းလမ်း၊ တောင်ဆင်း ကားဂိတ်များတွင် အဓိက ဆောင်ရွက်မည်ဖြစ်ကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ပြည်နယ်အစိုးရနဲ့ သံဃာ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်မှာပါ။ အများစုက ကျင့်ဝတ်စည်းကမ်းနဲ့ ညီညွှတ်မှု နည်းပါးလာတယ်။ ပြည်တွင်း ပြည်ပ သိန်းချီလာနေတဲ့ ဒီနေရာမှာ ကြာလာရင် အများပြည်သူ ကြည်ညိုလေးစားမှုက ဆိုးဆိုးဝါးဝါး ဖြစ်လာမှာ စိုးရိမ်တယ်”ဟု ၎င်းကဆိုသည်။ ကျိုက်ထီးရိုး တောင်ပေါ်တွင် သာသနာရေး ဦးစီးဌာနက ပြဋ္ဌာန်းထားသော ဝိနည်းတော် စည်းကမ်းဖြင့် မညီညွတ်ဘဲ အလှူခံနေခြင်းကြောင့် ယခုနှစ် ဖေဖော်ဝါရီလနှင့် အောက်တိုဘာလတို့တွင် သံဃာ၊ ရသေ့နှင့် သီလရှင် စုစုပေါင်း ၇၀ ခန့်ကို သာသနာတော် သန့်ရှင်းစင်ကြယ်ရေး ရည်ရွယ်ချက်ကြောင့် လူဝတ် လဲ၍ သံဃာစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေဖြင့် အရေးယူခဲ့ဖူးကြောင်း မွန်ပြည်နယ် သံဃနာယကအဖွဲ့ထံမှ သိရသည်။ အများပြည်သူ ကြည်ညိုလေးစားမှုမဲ့သော အလှူခံမှု အပါအဝင် အကျိုးအမြတ်အတွက် လုပ်ကိုင်စားသောက်သည်ဟု ယူဆသော မည်သည့်ရဟန်းနှင့် သံဃာမဆို သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားလွှာ ၉၇ ချက်အပေါ် အခြေခံ၍ စစ်ဆေးအရေးယူခွင့်ရှိကြောင်း သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။ "သံဃာ့ စည်းမျဉ်းစည်းကမ်းနဲ့ ဝိနည်းတော်ကို နားလည်တတ်ကျွမ်းတဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့တောင် အများက ကြည်ညိုမှုမဲ့တဲ့ အပြုအမူနဲ့ အသက်မွေးနေရင် နီးစပ်ရာ စည်းကမ်းထိန်းသိမ်းရေး ဆရာတော်တွေကို လျှောက်တင်သတင်း ပို့လို့ ရတယ်" ဟု ၎င်းက ပြောကြားသည်။ ထို့အပြင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျောင်းသင်္ခန်းများ၊ တောင်တက်လမ်း များတွင် အခြေချနေထိုင်၍ အလှူခံနေ သည့် သံဃာ၊ ရသေ့၊ သီလရှင် စုစုပေါင်း ၂၀ဝ ကျော် ရှိကြောင်း သထုံခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Source : http://ift.tt/2AY4otW
via IFTTT
No comments:
Post a Comment