Sunday, December 24, 2017

မူဆယ် ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးကျည် ပေါက်ကွဲမှု ၁ ဦးသေ ၃ ဦး ဒဏ်ရာရ

မူဆယ် ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးကျည် ပေါက်ကွဲမှု ၁ ဦးသေ ၃ ဦး ဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာ အရပ်သား ၁ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် ၁၆:၀၀ နာရီအချိန်မှ ၁၆:၂၀ နာရီအချိန်ထိ မူဆယ်မြို့ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ လုံထန်ပြည်သူ့စစ်များ လုံခြုံရေး ဆောင်ရွက်နေသည့် ၁၀၅ မိုင် ဘုရားကုန်း၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ တောင်ကုန်းမှ သောင်းကျန်းသူ (အဖွဲ့/ အင်အားစိစစ်ဆဲ)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့သို့ ပစ်ခတ်ခဲ့ရာ၌ ၁၀၅ မိုင် ဘုရားကုန်းနှင့် ကုန်သွယ်ရေးဇုန် ဖရဲကားကွင်းကြားသို့ လက်နက်ကြီး ကျည် ၁ လုံး၊ ၁၀၅ မိုင် ဘုရားကုန်းရှေ့သို့ လက်နက်ကြီးကျည် ၁ လုံး၊ မိုင်းယု ကျေးရွာ ရပ်ကွက်(၂) တာဝါတိုင်အနီးသို့ လက်နက်ကြီးကျည် ၁ လုံးနှင့် ထိုကျေးရွာ နယ်မြေ (၅) နမ္မတူမိသား စုနွားခြံသို့ လက်နက်ကြီးကျည် ၁ လုံး အသီးသီး ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၏ လက်ချက်ဟု ထင်ကြေးပေးပြောဆိုနေကြသော်လည်း TNLA ကမူ ၎င်းတို့မဟုတ်ကြောင်း ဆိုသည်။ TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော်က ” အဲ့ဒီကိစ္စ ကျနော်တို့မသိဘူး။ ကျနော်တို့သွားပစ်တာလည်း မဟုတ်ဘူး။အဲ့ဒီနား မှာရှိတဲ့ ဒေသခံတွေက ဘယ်ကနေပစ်သလဲ ဘယ် အဖွဲ့တွေ ပစ်သလဲဆိုတာ အသိဆုံးဖြစ်မှာပဲ။ အဲ့ဒီလက်နက်ကြီးတွေက ဘယ်အဖွဲ အစည်းတွေမှာ ရှိတယ်။ ဘယ်အဖွဲ့အစည်းတွေမှာ မရှိဘူးလဲ သိကြမှာပါ”ဟု ပြောသည်။ ထိုသို့ငြင်းဆိုသော်လည်း မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်နိုင်သည် ဆိုသည်ကိုမူ TNLAက မှတ်ချက် ပြု ပြောကြားခြင်းမရှိပေ။ ဒီဇင်ဘာ ၂၃ ရက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးကျည် ပေါက်ကွဲမှု ကြောင့် ရပ်ကွက်(၂) တာဝါတိုင်အနီးနေ စိုင်းရင်ဆန်း (၁၂)နှစ်တွင် ဝမ်းဗိုက်ဝဲဘက် ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး၊ ဦးရန်တဲ့ယို(၅၈)နှစ်နှင့် ရန်ယိုပိ (၃) နှစ်တို့ ၂ ဦး၌ ဝဲ/ယာပေါင်ပြဲ၊ ယာဒူးပြတ်၊ ဝဲခြေဖဝါး/ယာတံတောင်ပေါက်ပြဲ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နမ္မတူမိသားစု နွားခြံမှ ဦးဇေလင်း (၄၅)နှစ်၏ နောက်စေ့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)နှင့် နွားမ ၁ ကောင် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ကြောင်း၊ ဦးရန်တဲ့ယိုနှင့် ရန်ယိုပိတို့ ၂ ဦး တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆေးကုသမှု ခံနေကြကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ လက်နက်ကြီးကျည် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းက (ပ) ၅၁၂/၂၀၁၇/ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၀၇/၁၁၄(လူသတ်မှု/ လူသတ်မှုကျူးလွန်ရန်အားထုတ်မှု/အားပေး ကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဆိုသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် တပ်မတော် စစ်ကြောင်းများ အပါအဝင် လုံထန် ပြည်သူ့စစ်အဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့လှုပ်ရှား လျက်ရှိကြသည်။ ၂၀၁၆ ခုနှစ်၊နိုဝင်ဘာလတုန်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို KIA နှင့် TNLA ပူးပေါင်း အဖွဲ့တို့ မြို့ပေါ် စစ်ဆင်ရေးတရပ် လှုပ်ရှားကာ ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးသည်။ ထို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် မကြာခဏ လက်နက်ကြီးကျည်များ ကျရောက် ပေါက် ကွဲကာ အရပ်သားများ ထိခိုက် သေဆုံးမှုများ ကြုံရလေ့ရှိသည်။ The post မူဆယ် ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးကျည် ပေါက်ကွဲမှု ၁ ဦးသေ ၃ ဦး ဒဏ်ရာရ appeared first on ဧရာဝတီ.
Source : http://ift.tt/2C3r7VX
via IFTTT

No comments:

Post a Comment