အနည်းဆုံး လုပ်ခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ရန်ကုန်တွင်ဆွေးနွေး အလုပ်ရှင်များနှင့် အလုပ်သမားများအကြား အငြင်းပွားနေသည့် အနည်းဆုံး လုပ်အားခကြေးငွေ ပြင်ဆင်သတ်မှတ်ရေး နောက်ဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ပြုလုပ်ခဲ့သော အဆိုပါ နောက်ဆုံး အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် ပညာရှင်များ တက်ရောက်ခဲ့သည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ က “အချိန်ကန့်သတ်ချက် အရ ဒီအလုပ်ရုံ ဆွေးနွေးပွဲက နောက်ဆုံး ဆွေးနွေးပွဲလို့ ပြောလို့ရတယ်”ဟု ဦးသိန်းဆွေက ပြောသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အနည်းဆုံးအခ နှုန်းထားနှင့် ပတ်သက်ပြီး အလုပ်ရှင်များနှင့် အလုပ်သမားများ အကြား သဘောထား ကွာဟနေမှု၊ တိုင်းနှင့် ပြည်နယ်အလိုက် အနည်းဆုံး အခကြေးငွေ ကွာဟနေမှုနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်တွင် အကျုံးဝင်သည့် အလုပ်သမားအရေအတွက် သတ်မှတ်ချက်များ ကွဲလွဲနေမှုတို့ကို ဆွေးနွေး အဖြေရှာသွားမည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲရလဒ်များကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့် ကေ်ာမတီ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ပြောသည်။ ဦးဝင်းရှိန် က “၅၀၀၀ ပဲ ဖြစ်ဖြစ်၊ ၄၀၀၀ ပဲ ဖြစ်ဖြစ် ဒီကရတဲ့ ရလဒ်တွေကိုအမျိုးသားအဆင့်ကော်မတီမှာဆွေးနွေးရမယ်” ဟု ဆိုသည်။ ဝန်ကြီး ဦးသိန်းဆွေ ကလည်း “အလုပ်ရှင်တွေကလည်း အလုပ်သမားတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ပြီး သတ်မှတ်နှုန်းကို ညှိနှိုင်းပေးမယ် ဆိုရင်တော့ လက်ခံပေးမယ့် သဘောရှိတယ်။ အလုပ်သမားအဖွဲ့ အစည်းတွေက ၅၆၀၀ နဲ့ အထက် ပေးရမယ်ဆိုပြီး ဆန္ဒဖော်ထုတ်တာတွေ ရှိနေပါတယ်။ ဒါကိုလည်း ဝန်ကြီးဌာနအနေနဲ့ အသိအမှတ်ပြုပါတယ်။ တိုင်းနဲ့ပြည်နယ်က အလုပ်ရှင်၊ အလုပ်သမားတွေ၊ ဝန်ကြီးတွေ ဆွေးနွေးပြီးသတ်မှတ်တဲ့ နှုန်းထားတွေလည်း ဝန်ကြီးဌာနမှာ ရထားပါပြီး။ ဒါတွေကို ဘက်ပေါင်းစုံက သုံးသပ်ပြီးညှိနှိုင်းမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ အလုပ်သမား ကိုယ်စားလှယ်များက အနည်းဆုံးအခကြေးငွေကို ၅၆၀၀ ခန့်အထိရရှိရန် ညှိနှိုင်းမည်ဟုဆိုသော်လည်း အလုပ်ရှင်များဘက်ကမူ ကျပ် ၄၀၀၀ ထက် ပိုမိုတိုးပေးနိုင်မည့် အခြေအနေမရှိကြောင်း ပြောလျက်ရှိသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင် က “CTUM (မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်) က ၆၆၀၀ ရမှ လူနေမှု ထိုင်မှုတွေ ပြည့်စုံမယ်လို့ ပြောထားပါတယ်။ နောက်အဖွ့ဲတွေက ၅၆၀၀ အထက်ရမှ လုံလောက်မယ်လို့ ပြောပါတယ်။ ဆိုတော့ ကျနော်တို့က ၅၆၀၀ နဲ့ ၆၆၀၀ ကြားပမာဏတစ်ခုခုကို ရအောင် ညှိနှိုင်းဖို့ လိုပါမယ်” ဟု ပြောသည်။ လှိုင်သာယာ အခြေခံအထည်ချုပ် လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေး က “အခြေခံလစာက ငွေကြေး ပြောင်းလဲမှုနှုန်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့က ဖြစ်သင့်တဲ့ နှုန်းက ၃၉၅၀ ကနေ ၄၀၀၀ ကြားထဲမှာပဲ ဖြစ်သင့်တယ်လို့ ယူဆတယ်။ လက်ရှိလည်ပတ်နေတဲ့ ဖြစ်စဉ်ကြီး တစ်ခုလုံး ချောချောမွေ့မွေ့ ဖြစ်ဖို့က ၄၀၀၀ နဲ့မှပဲ ဖြစ်မယ်။ ၄၀၀၀ ကျော်ရင် လုပ်ငန်းတွေ အကုန်က မောက်ကမ ဖြစ်ကုန်မယ်”ဟု ပြောသည်။ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကို သုံးကြိမ်ကျင်းပခဲ့ပြီး တိုင်းနှင့် ပြည်နယ် အလိုက် ဆွေးနွေးပွဲများ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့ပြီး ယခုအချိန်အထိ အနည်းဆုံး အခကြေးငွေနှုန်းထားနှင့် ပတ်သက်သည့် အဆိုပြုနှုန်းထား ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။ အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီ အတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ်ထုတ်ပြန်ခဲ့သည်။ ၂၀၁၃ ခုနစ်၊ အနည်းဆုံး အခကြေးငွေဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနစ်၊ မတ်လ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေအရ အနည်းဆုံး အခကြေးငွေနှုန်းထားများကို နှစ်နှစ်လျှင် တကြိမ်နှုန်းဖြင့် ပြောင်းလဲ သတ်မှတ်ရမည် ဖြစ်သည်။ The post အနည်းဆုံး လုပ်ခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ရန်ကုန်တွင်ဆွေးနွေး appeared first on ဧရာဝတီ.
Source : http://ift.tt/2DFW5RU
via IFTTT
No comments:
Post a Comment