စပိန်နဲ့ မန်စီးတီးရဲ့ ကွင်းလယ်တိုက်စစ်မှူးတာဝန်ကို ရယူထားသူ ဒေးဗစ်ဆေးလ်ဗား သူ့နာမည် အပြည့်အစုံက ဒေးဗစ်ဂျိုဆူးဂျီမီနက်ဇ် ဆေးလ်ဗား (David Josue Jimenez Silva)၊ ဒါပေမယ့် အင်္ဂလန်ရောက်တော့ စပိန်သံပျောက်ပြီး (David Silva) ဒေးဗစ်ဆေးလ်ဗားလို့ပဲ လူသိများတယ်။ ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ မွေးတယ်၊ အခု ၃၁ နှစ် ဆိုပေမယ့် မကြာခင် ၃၂ နှစ် ပြည့်တော့မယ်၊ ကစားသမားဘဝကနေ အနားယူရတော့မယ်။ ဒါပေမယ့် တိုက်စစ်မှူး စစ်စစ် မဟုတ်လေတော့ နောက်ထပ် ၃ နှစ်လောက် ဘောလုံး လောကမှာ ရှိနေနိုင်သေးသလို အခုလာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား မှာလည်း မက်ဆီလို အကျော်အမော်တယောက် အတွက် အာဂျင်တီးနား အသင်းနဲ့ အတူ နောကပ်ဆုံး အကြိမ် ကမ္ဘာ့ဖလား ကစားမှာ ဖြစ်သလို ဆေးဗားလ်အတွက်လည်း နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာမှာပါ။ သူက လက်ရှိ စပိန်အသင်း အတွက်ရော အင်္ဂလန် အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် အသင်း မန်းစီးတီး အတွက်ပါ ကွင်းလယ် တိုက်စစ်မှူး အဖြစ်လည်း ကစားတယ်၊ တခါတလေ တောင်ပံ ထွက်ကစားတယ်၊ နောက်ချန် တိုက်စစ်မှူး အဖြစ်လည် ကစားတယ်၊ သူ့ရဲ့ ကစားဟန် ထဲမှာ သိသာတဲ့ အချက်က ဘောလုံးသမား အများစု ညာသန် ဖြစ်နေချိန်မှာ သူဟာ ဘယ်သန် ကစားသမား တဦး ဖြစ်လို့ ကစားဟန်က သိသာလွန်းတာပဲ ဖြစ်ပါတယ်။ အရပ် ၅ ပေနဲ့ ၈ လက်မပဲ ရှိတဲ့ ဒီစပိန်သားရဲ့ ကျောနံပါတ်က ၂၁၊ ငယ်စဉ် ကစားသမားဘဝကို စခဲ့တာက ၁၉၉၅ မှာ၊ San Fermando မှာ ၅ နှစ်ကြာ ဘောလုံးပညာသင်တယ်၊ သူ့ရဲ့ ဘောလုံး ကစားဟန်နဲ့ ပညာကို သဘောကျတဲ့ အသင်းကြီး တသင်း ၂၀၀၀ ခုနှစ်မှာ ရှိလာတယ်၊ သူကတော့ စပိန်ရဲ့ အလယ်အလတ်အသင်း တသင်း ဖြစ်တဲ့ Valencia ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ထိ ၃ နှစ်ကြာ ဗလင်စီယာမှာ ပြောင်းရွှေ့ ကစားနေတယ်။ ၂၀၀၃-၀၄ ဘောလုံး ရာသီမှာ ကြေးစား ဘောလုံးသမား ဖြစ်လာတယ်၊ ဒါပေမယ့် အဲဒီ အချိန်က ဗလင်စီယာက စပိန်ကလပ်တွေထဲမှာ အင်အားကြီး အသင်းစာရင်းဝင် ဖြစ်နေတော့ လူငယ်လေး ဆေးလ်ဗားကို အသင်းကြီးမှာ နေရာ မပေးချင်ဘူး၊ ဒါနဲ့ ဗလင်စီယာ ဘီ အသင်းမှာ သူ့ကို တရာသီ ကစားစေခဲ့တယ်။ အဆိုပါ နှစ် အတွင်း အသင်း အတွက် ၁၄ ပွဲ ကစားပြီး ၁ ဂိုးသွင်းနိုင်တယ်၊ ဒါပေမယ့် ပေးပို့မှု ကောင်းကောင်း လုပ်ပေးနိုင် တယ်၊ ခြေစွမ်းပြတယ်၊ ဒီလိုနဲ့ နောက်နှစ် ၂၀၀၄ ခုနှစ်မှာ ဗလင်စီယာ အသင်းကြီးမှာ သူ့ အတွက် နေရာ ရလာပါတယ်။ ၆ နှစ်ကြာအောင် မိခင် အသင်း ဗလင်စီယာမှာ ကစားတယ်၊ ဒါပေမယ့် အရမ်းတော့ နေရာရလှတယ်တော့ မဟုတ်။ တနှစ်ကို ပြိုင်ပွဲစုံ ၄၀ လောက် ကစားနေတဲ့ အသင်းမှာ ၆ နှစ် နေသည့်တိုင်အောင် ၁၁၉ ပွဲပဲ ကစားခွင့်ရတယ်၊ ဒီကြားထဲ ၂၀၀၅ မှာ Eibar၊ ၂၀၀၆ ခုနှစ်မှာ Celta တွေဆီကို အငှားချခံရသေးတယ်။ ဗလင်စီယာမှာ ၆ နှစ် ကြာတယ် ဆိုပေမယ့် အီဘာမှာ ကစားစဉ် ၂၀၀၅ ခုနှစ် အတွင်း ၃၅ ပွဲ ကစားတယ်၊ ၄ ဂိုး သွင်းတယ်၊ ဆယ်တာမှာ ရောက်နေတဲ့ ၂၀၀၆ ခုနှစ် အတွင်း ၃၄ ပွဲ ကစားတယ်၊ ၄ ဂိုးသွင်းတယ်၊ နောက်တော့ ဗလင်စီယာမှာ နေရာပျောက်နေတဲ့ ဆေးလ်ဗား တယောက် အသင်း အတွက် ၁၁၉ ပွဲမှာ ၂၁ ဂိုး သွင်းပြီး အသင်းက ထွက်ဖို့ လုပ်တယ်။ အဲဒီအချိန် အင်္ဂလန်ကလပ် မန်းစီးတီးက အောင်မြင်မှုရဖို့ လူအားဖြည့် နေချိန်၊ ၂၀၁၀ မှာ ဆေးလ်ဗား တယောက် အင်္ဂလန် ရောက်လာပါတယ်။ မန်းစီးတီးမှာ ပွဲထွက်ခွင့် မှန်တယ်၊ သူကိုယ်တိုင်လည်း ခြေစွမ်းပြနိုင်တယ်။ တဖက် နောက်တန်း ခံစစ်ကို ကောင်းကောင်း ထိုးဖောက်ကစားနိုင်တယ်၊ အခုထိ မန်းစီးတီးမှာ ၇ နှစ်ထဲ ရောက်ရှိချိန် အထိ ပွဲပေါင်း ၂၃၇ ပွဲ ကစားထားတယ်၊ ၄၄ ဂိုး သွင်းတယ်၊ တခြား တိုက်စစ်မှူးတွေနဲ့ စာရင်တော့ ဂိုးသွင်းနှုန်း နည်းပေမယ့် ဆေးလ်ဗားက ဂိုးရဖို့ ပံ့ပိုးမှု ပိုများတယ်၊ ခေတ်စကားနဲ့ ပြောရရင် တကိုယ်တော် ထိုးဖောက်မှု ကောင်းတယ်၊ တဖက် နောက်တန်း ကို ကောင်းကောင်း မွှေနိုင်တယ်တဲ့ ကစားသမားပါ။ နိုင်ငံ အသင်းအတွက်ဆိုရင် အစဉ်အလာကြီးမားတဲ့ စပိန်အတွက် ၂၀၀၁ ခုနှစ်ကတည်းက U16 အတွက် ကစားပေးနေခဲ့တာ တွေ့ရပါတယ်။ U16 အတွက် ၆ ပွဲကစားတယ်၊ ၂ ဂိုး သွင်းတယ်၊ ၂၀၀၃ ခုနှစ်မှာ U17 အတွက် ပွဲ ၂၀ ကစားတယ်၊ ၅ ဂိုး သွင်းတယ်၊ ၂၀၀၅ ခုနှစ်မှာ U19 အတွက် ၁၄ ပွဲ ကစားတယ်၊ ၅ ဂိုး သွင်းတယ်၊ ၂၀၀၅ မှာပဲ U20 အသင်းထဲ ဝင်ကစားသေးတယ်၊ ၅ ပွဲမှာ ၄ ဂိုးထိအောင် သွင်းယူပေးနိုင်ခဲ့တယ်။ ၂၀၀၆ မှာလည်း U21 အသင်းစာရင်းမှာ ဆေးလ်ဗား ပါလာပြီ၊ ၉ ပွဲ ကစားပြီး ၇ ဂိုးထိအောင် သွင်းခဲ့တာပါ။ အခု လက်ရှိ စပိန် လက်ရွေးစင် အသင်းမှာတော့ ၂၀၀၆ ခုနှစ်ကတည်းက ကစားပေးနေခဲ့တာ ဖြစ်ပြီး ၁၁၈ ပွဲ ကစားထား သလို ၃၅ ဂိုးထိအောင် သွင်းယူပေးထားပါတယ်။ သက်ငယ် အသင်းတွေကနေ လက်ရွေးစင် အသင်းထိအောင် ဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်လိုက်ရင် သူက ကလပ် အသင်းထက် နိုင်ငံ အသင်းမှာ ခြေစွမ်း ပိုပြပြီး ဂိုးမြူးတာ တွေ့ရပါတယ်။ အသင်းနဲ့ အတူ အောင်မြင်မှု ရယူထားနိုင်မှု ဆိုရင်လည်း မိခင် အသင်း ဗလင်စီယာနဲ့ အတူ ၂၀၀၈ ခုနှစ်မှာ Copa del Rey ဖလား ၁ ကြိမ် ရတယ်၊ မန်းစီးတီးကတော့ အခု နောက်ပိုင်း အောင်မြင်မှုတွေ ရယူလာနိုင်တဲ့ အသင်း ဖြစ်လာပြီး ၂၀၁၂ နဲ့ ၂၀၁၄ တွေမှာ ပရီးမီးယားလိဂ် ဖလား ၂ လုံးရတယ်။ ၂၀၁၁ ခုနှစ်မှာ FA ဖလားရတယ်၊ ၂၀၁၄ နဲ့ ၂၀၁၆ တွေမှာ League ဖလား ၂ လုံးရသေးတယ်၊ ၂၀၁၂ ခုနှစ် ကွန်မြူနတီဒိုင်းကိုလည်း ရယူထားပါသေးတယ်။ နိုင်ငံအသင်းနဲ့ အတူ၂၀၁၀ ခုနှစ် FIFA ကမ္ဘာ့ဖလားရယူထားနိုင်တဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။ ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ဥရောပ ဖလား ၂ လုံး ရထားတယ်၊ ဖီဖာ ကွန်ဖက်ဒရေးရှင်း ဖလားကို ၂၀၀၉ ခုနှစ်မှာ စပိန်နဲ့ အတူ တတိယ ရတယ်၊ ၂၀၁၃ ခုနှစ်မှာ ဒုတိယ ရဖူးတယ်၊ ဥရောပ U19 ဖလားကို ၂၀၀၄ ခုနှစ်က ရခဲ့တယ်၊ ၂၀၀၃ ခုနှစ် ကမ္ဘာ့ U17 မှာလည်း ဒုတိယ ရထားတဲ့ ကစားသမားပါ။ တဦးချင်း အနေနဲ့တော့ ၂၀၀၃ ခုနှစ် ကမ္ဘာ့ U17 ပွဲစဉ်မှာ ကြေးဘောလုံး ရခဲ့တယ်၊ ၂၀၀၅ ခုနှစ် အတွက် Pedro Zaballa ဆုကို ရတယ်၊ ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၁ ခုနှစ် စက်တင်ဘာလက ရဖူးတယ်၊ ၂၀၁၂ ခုနှစ်အတွက် PFA ကနေ ပေးတဲ့ တနှစ်တာ အကောင်းဆုံး အသင်းလူစာရင်းမှာ ပါခဲ့တယ်၊ ၂၀၁၂ ခုနှစ် တနှစ်တာလုံး ပရီးမီးယားလိဂ်မှာ ဂိုးရရှိဖို့ ပံ့ပိုးမှု အများဆုံးသူ ဖြစ်ခဲ့တယ်။ ၂၀၁၂ ခုနှစ် ဥရောပဖလားပွဲရဲ့ အကောင်းဆုံး အသင်း လူစာရင်းမှာလည်း ပါသေးတယ်။ ၂၀၁၂ ခုနှစ် Etihad ကနေ ပေးတဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုလည်း ရတယ်၊ Etihad ကနေပဲ ပေးအပ်တဲ့ တလတာ အကောင်းဆုံး ကစားသမားဆု ကိုလည်း မန်းစီးတီးမှာ နေစဉ် ၇ နှစ် အတွင်း ၉ ကြိမ်ထိ ရထားပါတယ်။ FIFPro ကနေ သတ်မှတ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းမှာလည်း ၂၀၁၅ နဲ့ ၂၀၁၆ တွေမှာ ၂ နှစ်ဆက် ပါဖူးတယ်။ ဒါဟာ မန်းစီးတီး အတွက်ရော စပိန်အတွက်ပါ အားထားရတဲ့ ကွင်းလယ် တိုက်စစ်မှူး ဆေးလ်ဗားရဲ့ ဘဝအကြောင်း တစေ့တစောင်းပါ။ ကလပ် အသင်းထက် နိုင်ငံအသင်းမှာ ပိုပြီး အောင်မြင်မှု ရသူ၊ ဒီနေ့ နာမည်ကျော် ကစားသမား မက်ဆီ၊ ရူနီတို့တောင် ဆေးလ်ဗားလောက် နိုင်ငံ အသင်းနဲ့ အတူ ဆုဖလား ရယူထားနိုင်မှု မရှိပါဘူး။ အထူးသဖြင့်တော့ ၂၀၁၀ ခုနှစ်က ကမ္ဘာ့ဖလား ရယူထားနိုင်မှုက ဆေးဗားလ်ရဲ့ အောင်မြင်မှုကို မှတ်တိုင်ဖြစ်နေစေပါတယ်။ Ref: http://ift.tt/1nTw5C9 The post စပိန်နဲ့ မန်စီးတီးရဲ့ ကွင်းလယ်တိုက်စစ်မှူးတာဝန်ကို ရယူထားသူ ဒေးဗစ်ဆေးလ်ဗား appeared first on ဧရာဝတီ.
Source : http://ift.tt/2Btx8b6
via IFTTT
No comments:
Post a Comment