Sunday, December 24, 2017

The Voice

ထိုင်းနှင့်မြန်မာ ပူးပေါင်းကာ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်လျှောက်ထားရန် စီစဉ် ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ထိုင်းဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က သက်တမ်းအလိုက် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနှင့် ယခုလအတွင်း ကျင်းပခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး ပူးတွဲလျှောက်ထားရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ၂၀၂၀ (ဒါမှမဟုတ်) ၂၀၂၁ တစ်ခုခုဖြစ်မယ်။ သက်တမ်းအလိုက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိုင်းနဲ့ ပူးတွဲကျင်းပဖို့ ကြိုးပမ်းသွားမှာပါ။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့ နိုင်ငံတော်အစိုးရရဲ့ အကူညီရဖို့ လိုပါတယ်” ဟု ၎င်းက ရှင်းပြသည်။ အိမ်ရှင်အဖြစ် လျှောက်ထားမည့် ပြိုင်ပွဲနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် သိရှိရခြင်းမရှိသေးဘဲ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ကျင်းပမည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်တွင် ဆုံးဖြတ်မည်ဖြစ်ကာ အာဆီယံဇုန်တွင် ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရရန် လျှောက်ထားမည်ဟု အဖွဲ့ချုပ်အသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ သက်တမ်းအလိုက် လူငယ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပရန် နိုင်ငံတကာအဆင့်မီကွင်း ခြောက်ကွင်းလိုအပ်မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံတို့အနေနှင့် တစ်နိုင်ငံလျှင် သုံးကွင်းစီဖြင့် ကျင်းပရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံရှိ သုဝဏ္ဏကွင်း (ရန်ကုန်)၊ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်း၊ မန္တလေးမြို့တော်ရှိ မန္တလာသီရိကွင်းတို့သည် ပရိသတ်သုံးသောင်းကျော်သာ ဝင်ဆံ့ရာ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရမည်ဆိုပါက ဖွင့်ပွဲ(သို့မဟုတ်) ပိတ်ပွဲကျင်းပရန် သုဝဏ္ဏကွင်းကို အနည်းဆုံး ပရိသတ်ငါးသောင်း ဆံ့ကွင်းအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု အဖွဲ့ချုပ်နှင့် နီးစပ်သူများက ပြောဆိုသည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲကို လက်ရှိအချိန်ထိ လက်ခံကျင်းပဖူးခြင်းမရှိသေးဘဲ အာရှအဆင့် ယူ ၁၉ ပြိုင်ပွဲကိုသာ ၂၀၁၄ ခုနှစ်က လက်ခံကျင်းပခဲ့ဖူးသည်။ မြန်မာ့လက်ရွေးစင်အသင်းများအနက် မြန်မာ ယူ ၂၀ အသင်းသာ ၂၀၁၅ ခုနှစ်က နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့သည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တစ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးသည်။
Source : https://goo.gl/ENVHMF
via IFTTT

No comments:

Post a Comment