အစ္စရေး အပေါ် တော်လှန်ရေး ဆင်နွဲဖို့ ဟားမတ်စ် အုပ်စု ခေါင်းဆောင် ပြော ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုလိုက်ပြီး နောက် ပါလက် စတိုင်း ဟားမတ်စ်အုပ်စု ခေါင်းဆောင်က အစ္စရေးအား တော်လှန်ရေးအသစ် စတင်ဖို့ ပြောဆို လိုက်ပါတယ်။ ဟားမတ်စ် အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယားက “ဇီယွန်ဝါဒီ ရန်သူတွေအပေါ် တော်လှန်ရေး အသစ် စတင်လုပ်ဆောင်သင့်ပြီ”လို့ ဂါဇာကမ်းမြှောင်ဒေသမှာ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့် နောင်တရလာဖို့ အာရပ်တိုင်းပြည်များ အနေနဲ့လည်း အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေမှုများ အားလုံး ရပ်ဆိုင်းဖို့ ပြောဆိုလိုက်ပါတယ်။ ဟားမတ်စ်ခေါင်းဆောင်ရဲ့ ပြောဆိုမှု အပြီးမှာ အစ္စရေးကလည်း သူ့ရဲ့ အရန်တပ်တွေကို အနောက်ဖက်ကမ်း ဒေသမှာ ချထားလိုက်ပါတယ်။ အစ္စရေး စစ်ဘက်က သူူတို့အနေနဲ့ ပိုင်နက်ကာကွယ်ရေးအတွက် အနောက်ဖက်ကမ်းဧရိယာမှာ ခြေလျင်တပ်ရင်းများ ချထားလိုက်ကြောင်း ကြေညာသလို၊ ဝန်ကြီးချုပ် နေတန်ယာဟုကလည်း နိုင်ငံအများအပြားဟာလည်း အမေရိကန်ရဲ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် အသိအမှတ်ပြုမှု နောက်ကို လိုက်လိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုပြီးတဲ့ နောက်မှာ ဂါဇာကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်းလူငယ် ရာပေါင်းများစွာက အမေရိကန်အလံကို မီးရှို့ကာ ဆန္ဒပြခဲ့ကြသလို၊ တူရကီသမ္မတ အာဒိုဂန်က လည်း အစ္စရေးနဲ့ သံတမန် အဆက်အသွယ် ဖြတ်မယ်လို့ ခြိမ်းခြောက်လိုက်ပြီးနောက် တိုင်းပြည်တဝှမ်းမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရာ အစ္စတန်ဘူလ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ အလားတူ မလေးရှားဝန်ကြီးချုပ် နာဂျစ်ကလည်း တကမ္ဘာလုံးက မွတ်စလင်များအနေနဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဖို့ ဆော်သြနေပါတယ်။ အာရပ်တိုင်းပြည်တွေဖြစ်တဲ့ အီဂျစ်နဲ့ ဂျော်ဒန်ကတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး၊ အာရပ်အဖွဲ့ချုပ်က လည်း လာမည့်စနေနေ့မှာ အစည်းအဝေး ခေါ်ယူမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ် ပြုလိုက်သလို အမေရိကန်သံရုံးကို လည်း တဲလ်ဗီးကနေ ဂျေရုဆလင် ပြောင်းရွေ့ဖို့ အမိန်ပေးလိုက်တာဖြစ်ပါတယ်။ The post အစ္စရေး အပေါ် တော်လှန်ရေး ဆင်နွဲဖို့ ဟားမတ်စ် အုပ်စု ခေါင်းဆောင် ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2kwY71T
via IFTTT
No comments:
Post a Comment