ဦးပါမောက္ခအား အမှုပိတ်ပေးရန် လျှောက်ထားမှု တရားရုံးပယ်ချ အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရသည့် အမှုကို ပိတ်ပေးရန် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ၏ လျှောက်ထားမှုအား ယနေ့ဒီဇင်ဘာ ၂၂ ရက်နေ့ ရုံးချိန်းတွင် ကမာရွတ်မြို့နယ် တရားရုံးမှ ပယ်ချလိုက်သည်။ ဦးပါမောက္ခအား အရေးယူပေးရန် တရားရုံး ဦးတိုက် လျှောက်ထားလွှာတွင် ပါရှိသည့်လက်မှတ်မှာ ၎င်း၏လက်မှတ် မဟုတ်ကြောင်း တရားလို ဦးသန်းထွဋ်အောင်မှ ထွက်ဆိုထားသည့်အတွက် အမှုမှလွှတ်ပေးရန် နိုဝင်ဘာ ၂၁ ရက်နေ့ လျှောက်လဲချက် တင်ခဲ့ခြင်းဖြစ်သည်။ ဦးပါမောက္ခ က “ဘုန်ကြီးရဲ့ ပြောဆိုချက်ထဲမှာ ၅၀၅(ခ) မြောက်တာမပါဘူး။ သံဃနာယကရဲ့ ခွင့်ပြုချက်မပါဘူး။ လက်မှတ်အတုကြီးနဲ့ တရားရုံးက ဆက်သွားနေတာပါ။ ဘုန်းကြီးတို့ကို လက်ထိပ်နဲ့ ပူဇော်တာပါ” ဟု တရားရုံး အထွက်တွင် ပြောသည်။ တရားရုံးအနေဖြင့် ဦးတိုက် လျှောက်ထားလွှာရှိ တရားလိုလက်မှတ် မှန်ကန်မှု မရှိသော်လည်း ဦးတိုက်လျှောက်ထားလွှာ၏ နောက်ဆက်တွဲ (က)တွင် တရားလိုလက်မှတ် မှန်ကန်နေခြင်းနှင့် သက်သေ ၆ ဦးအား စစ်ဆေးရန် ကျန်ရှိနေခြင်းတို့ကြောင့် လက်ရှိ ထွက်ဆိုချက်များမှာ အတည်မပြုနိုင်သေးသည့် အတွက် ဦးပါမောက္ခ၏ လျှောက်ထားမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးပါမောက္ခ၏ အကျိုးဆောင်ရှေ့နေမှ ယနေ့ရုံးချိန်းတွင် အာမခံရရှိရေး ဆက်လက်လျှောက်ထားခဲ့သော်လည်း တရားသူမှ ထပ်မံပယ်ချခဲ့ပြီး ရုံးချိန်းအား ဒီဇင်ဘာ ၂၈ ရက်နေ့သို့ ထပ်မံချိန်ဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် ရိုဟင်ဂျာ အမည်သုံးစွဲမှုအား ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်ရာမှ တရားစွဲဆိုခံရသည့် ဦးပါမောက္ခအား တနှစ်ခန့်အကြာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြောက်ဒဂုံ ရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အမှုဖွင့်ခံထားရသည့် ဆရာတော်နှစ်ပါးဖြစ်သည့် ဦးပညာဝံသနှင့် ဦးသုစိတ္တတို့အား မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးပေ။ ဦးပါမောက္ခအနေဖြင့် ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာ ၂၁ ရက် ဒုတိယမြောက် ရုံးချိန်းတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် တလချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဦးပါမောက္ခ၏ အမတော်စပ်သူ ဒေါ်ခင်မာဦး က“ဆရာတော်က ဘာမှအပြစ်မရှိဘူး၊ မမှန်မကန်လည်းမလုပ်ဘူး၊ မပြစ်မရှိဘဲနဲ့ အပြစ်လည်း မလုပ်ဘဲနဲ့ ခုချိန်ထိအောင် မလွတ်ပေးကြဘူး၊ လက်မှတ်အတုတွေနဲ့ လုပ်ထားတာသိရဲ့နဲ့လည်း လက်ခံကြတယ်၊ မမှန်မကန်ဘူးပေါ့။ တရားရုံးက၊ သူတို့က ဆရာတော်ကို မလွှတ်ပေးရဲကြဘူး” ဟု ပြောသည်။ ဦးပါမောက္ခနှင့် အတူ ဆန္ဒထုတ်ဖော်ခဲ့သည့် ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး၊ ကိုသက်မျိုးဦးနှင့် ကိုနေဝင်းအောင်တို့ လေးဦးကိုလည်း ကမာရွတ်မြို့နယ်တရားရုံးမှ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လနှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၆ လကျခံရန် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့က အမိန့်ချမှတ်ခဲ့ပြီဖြစ်သည်။ ဦးပါမောက္ခအား အာမခံမပေးဘဲ ပုဒ်မ ၅၀၅(ခ)ဖြင့် ဆက်လက် ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေး အတွက် ဆရာတော်များ၏ သြဝါဒခံယူကာ ဥပဒေနှင့် အညီ ဆန္ဒထုတ်ဖော်၍ တောင်းဆိုသွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း ဦးပါမောက္ခ၏ တပည့်တဦးဖြစ်သူ ဆရာတော် ဦးဣန္ဒက ကမိန့်ကြားခဲ့သည်။ The post ဦးပါမောက္ခအား အမှုပိတ်ပေးရန် လျှောက်ထားမှု တရားရုံးပယ်ချ appeared first on ဧရာဝတီ.
Source : http://ift.tt/2BPtnNZ
via IFTTT
No comments:
Post a Comment