တရားမဝင် ရထားလမ်းကူးများကြောင့် ရထားနှင့် ယာဉ်တိုက်မှု ပိုများလာဟု မြန်မာ့ မီးရထားပြော ယခုနှစ်ပိုင်းအတွင်း တရားမဝင် ရထားလမ်းကူးများကြောင့် ရထားနှင့် တိုက်မိသည့် ယာဉ်မတော်တဆမှု ဖြစ်စဉ် ပိုများ လာကြောင်း မြန်မာ့ မီးရထား (ရုံးချုပ်) သွားလာ ပို့ဆောင်ရေးမှ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုး က ပြော သည်။ “ရထားနဲ့ မသက်ဆိုင်တဲ့ မတော်တဆမှုတွေက တော်တော်များလာသလို အဲဒါကြီးက မြန်မာ့မီးရထား အတွက် အဓိက စိန်ခေါ်မှုကြီး တခုလို ဖြစ်လာတယ်”ဟုလည်း ၎င်းက ဆိုသည်။ ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက မန္တလေး ဘူတာကြီးတွင် မြန်မာ့ မီးရထားက ပြုလုပ်သည့် တရားမဝင် ရထား လမ်းကူး များတွင် ဖြစ်ပွားလျက်ရှိသော မတော်တဆမှုများ လျော့နည်း ကျဆင်းစေရေး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ တရားမဝင် ရထားလမ်းကူး ဆိုသည်မှာ ရထား ဖြတ်သန်းသွားသည့် နယ်မြို့များ၊ ကျေးရွာများတွင် မီးရထား၏ ခွင့်ပြု ချက်ဖြင့် မဟုတ်ဘဲ ရထားသံလမ်းကို လွယ်ကူစွာ ဖြတ်ကူးနိုင်ရန် မိမိသဘောဖြင့် ပြုလုပ်ထားသည့် လမ်းများ၊ ခုံးကျော် များကို ဆိုလိုခြင်းဖြစ်သည်ဟု တိုင်း သွားလာရေး (မန္တလေး)မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးအေးမောင် ကလည်း ရှင်းပြသည်။ မြန်မာ့ မီးရထားတွင် ခရီးသွားပြည်သူအား ဘေးအန္တရာယ် ကင်းရှင်းစေရန် လူ၊ စက်ပစ္စည်း၊ စနစ်တို့ကို အစဉ် စစ်ဆေး နေသော်လည်း မြန်မာ့မီးရထားက တာဝန်ယူထားခြင်း မရှိသည့် တရားမဝင် ရထားလမ်းကူးများမှ ဖြတ်ကူးသောယာဉ် များ၊ လူများကြောင့် လစဉ် မတော်တဆမှုများ ဖြစ်ပွားပြီး လူသေဆုံးမှု၊ ဒဏ်ရာ ရမှုများ ရှိနေကြောင်း ဦးကျော်ကျော်မျိုး က ဆိုသည်။ ပြီးခဲ့သည့်လက တောင်တွင်းကြီး မြို့နယ်တွင် နေပြည်တော်-ချောက် အဆန်ရထား ခုတ်မောင်းစဉ် တရားမဝင် လမ်းကူး မှ ဖြတ်ကူးလာသော သုံးဘီး ဆိုင်ကယ်သည် ရထားစက်ခေါင်းနှင့် ပေ ၄၀၀ ကျော် ချိတ်ပါသွား၍ ယာဉ်ပေါ် ပါလာသော ခရီးသည် ၂ ဦးသေဆုံးပြီး ကျန် ၅ ဦးသည်လည်း ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်ဟု မြန်မာ့ မီးရထား၏ ယာဉ်မတော်တဆမှု မှတ်တမ်းများအရ သိရသည်။ ထိုသို့ တရားမဝင်လမ်းကူး နေရာများတွင် ဖြစ်ပွားခဲ့သော ရထားနှင့်ယာဉ် တိုက်မှု စာရင်းများကို ပြီးခဲ့သည့် ၄နှစ်ဖြင့် နှိုင်းယှဉ်ပါက ၂ ဆခန့်မြင့်တက် လာကြောင်း၊ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာလအထိ ၅၃ မှုဖြစ်ပွား ခဲ့သည့် အနက် ဒဏ်ရာရသူ ၇၀ နှင့် သေဆုံးသူ ၅၀ ကျော်ရှိကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်သည်။ ၂၀၁၆ ခုနှစ်က ပြဌာန်းခဲ့သည့် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေအရ ထိုသို့စည်းကမ်း မလိုက်နာသူများအား အရေးယူ နိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃နှစ်မှ ၁၀နှစ်အထိ ပြစ်ဒဏ် သတ်မှတ်နိုင်သည်ဟု သိရသည်။ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် တရားမဝင် ရထားလမ်းကူးဂိတ်ပေါင်း ၂၄၀၀ ကျော်ရှိရာ တရားဝင် ဂိတ်ထက် ၁ဆခွဲ နီးပါး ပိုများပြီး မန္တလေးတိုင်းသည် ရထားခရီးစဉ်များသည့် ဒေသတခုဖြစ်သောကြောင့် တရားမဝင် ရထား လမ်းကူး ဂိတ်အများဆုံး တိုင်းတခုဖြစ်သည်ဟု ဆိုသည်။ ထိုတရားမဝင် ရထားလမ်းကူး အားလုံးကို ပိတ်ပစ်မည်ဆိုပါက ဒေသခံပြည်သူများနှင့် အငြင်းပွားဖွယ် ပြဿနာများ ရှိနေသောကြောင့် မတော်တဆမှု ဖြစ်ပွားနှုန်းများသည့် တရားမဝင် ရထားလမ်းကူးများကို ပိတ်ပစ်နိုင်ရန် ဒေသ ဆိုင်ရာ အစိုးရ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အသိပေး ဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ ကျောင်းများ၊ ဘူတာရုံ များတွင် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မီဒီယာမှ တဆင့် သတင်း ဖြန့်ဝေခြင်းတို့ ဆောင်ရွက်နေကြောင်း အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောဆိုသည်။ The post တရားမဝင် ရထားလမ်းကူးများကြောင့် ရထားနှင့် ယာဉ်တိုက်မှု ပိုများလာဟု မြန်မာ့ မီးရထားပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2kX46JH
via IFTTT
No comments:
Post a Comment